ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံး နေ့ရက်များ - ၇

ရွှေဝါရောင်တော်လှန်ရေး၊ စက်တင်ဘာ ၂၀၀၇တုန်းက အင်းစိန် ဂျီတီအိုင်ကျောင်း ယာယီထောက်လှမ်းရေး စစ်စခန်းက အဓိကရုဏ်းနှီမ်နှင်းရေး ကားများ

ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံး နေ့ရက်များ - ၇
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆


ပုံမှန်မဟုတ်သော စကားသံများကြောင့်အိပ်မှာလန့်နိုးခဲ့၏။ ခြေရင်းဘက် တွင်လူများဝိုင်းအုံနေသည်။ အိပ်ယာမှ ထထိုင်လိုက်စဉ် ခြေရင်းတွင်ရှိသော ဘိုထွန်း က ဦးဇင်းနောက်တစ်ယောက် ကြွသွားပြန်ပြီဟု ပြော၏။ လူအုပ်ကို ခဏဖယ်ခိုင်းပြီး ကြည့်လိုက်တော့ လူတစ်ယောက် ရင်ဘတ်ပေါ်တွင် လက်သီးနှစ်ဘက် ဆုပ်လျှက်သား တင်ထားသည်ကို တွေ့ရသည်။ ဆုံးတာသေချာရဲ့လားလို့မေးကြည့်တော့ မျက်လုံးဖြဲ ကြည့်ပြီးသား သွေးမရှိတော့၍ သေတာအမှန်ဖြစ်ကြောင်း တစ်ယောက်က ပြောသည်။ အင်း …. မိမိတို့ အဆောင်ထဲကတင် ၂ ယောက် သေပြီးလေပြီ။ နာမည်နှင့် ဘယ်မြို့ နယ်ကမှန်း မည်သူကမှ မသိကြ။ မျက်နှာတွင်ဒဏ်ရာမတွေ့ရသဖြင့်  အင်္ကျီချွတ်ခိုင်းပြီး နောက်ကျော်ဘက်တွင် ဒဏ်ရာရှာကြသည်။ ကြောပြင်တွင် ညိုပုတ်နေပြီး စစ်ဘိနပ် ဖြင့် အကန်ခံထားရပုံရသည်။ ဘေးနားက နှစ်ယောက်အပြောအရ သေဆုံးသွားသူမှာ ပုံမှန် မဟုတ်ကြောင်း စကားကို အနည်းငယ်သာပြောတတ်ပြီး မပီသကြောင်း၊ ရောက်ကတည်းက နမောရှိခိုးပါ၏ ဟုသာ အကြိမ်ကြိမ် ရွတ်ဆိုနေသူဖြစ်ကြောင်း၊ မနေ့က စစ်ကြောရေးကပြန်လာကတဲက ငြီးနေကြောင်း၊ မသေမီလေးက အားတင်းပြီး ဟင်း ဟုသော အသံကြားရပြီး နောက် အသက်ရှူသံ မကြားရတော့သဖြင့် နှိုးကြည့်ရာ အသားမျာျးအးစက်နေသဖြင့် သေပြီဟုယူဆပြီး ဘေးလူများကိုနှိုးကြောင်း ပြောပြပါ သည်။ သေဆုံးခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးပြောကြသည်။ တစ်ချို့ကလည်း သမံတ လင်းပေါ်အိပ်ရသည့်ရက် များလာသဖြင့် အကြောကိုင်သေခြင်းဖြစ်နိုင်ကြောင်း။ အချို့ ကလည်း စစ်ကြောရေးမှ နှိပ်စက်ခံရသော ဒဏ်ရာကြောင့် သေတာဖြစ်နိုင်ကြောင်း အမျိုးမျိုးထင်ကြေးပေးကြသည်။ အစောင့်စစ်သားကို သတင်းပို့လိုက်သော်လည်း မနက်မှသာ လာထုတ်မည်ဖြစ်ကြောင်းပြောပါသည်။

မနက်လင်းသည်နှင့် အခန်းတွင်းမှလူများ မျက်နှာသစ် မချခင်မှာပင် လာထုတ် သွားသည်။ မနက် (၈) နာရီထိုးသည့်တိုင် စစ်ကြောရေးတစ်ယောက်မှ လာမတုတ်သေးဘဲ မိမိတို့ အခန်းအား ယနေ့စစ်ကြောရေး နားကြောင်းသိရသည်။ သို့သော် သေသူနှင့် တစ်ဘက်တစ်ချက်တွင် အိပ်သော သူများကိုတော့ ခေါ်မေးကြပြီး အကြောကိုင်သေသည်ဟုသာ မှတ်ချက်ပေးကြကြောင်း ပြန်ကြားရပါသည်။ ထိုသူနှင့်အတူ စစ်ကြောရေး တစ်ခန်းတည်းကျသူများ ပြောပြချက်အရ ရဲသိပ္ပံမှ ဒုရဲအုပ်သင်တန်းသားများ စစ်သောအခန်းတွင်ကျပြီး သေသောသူမှာ မေးတိုင်းမဖြေဘဲ တစ်ခါတရံမှသာ ဖြေကြောင်းနှင့် ကျပ်မပြည့်သဖြင့် မေးခွန်းများကိုနားမလည်ခြင်း၊ ပြန်မဖြေတတ်ခြင်းတို့ကြောင့် မင်း က သွေးတိုးစမ်းတာလားဟု မေးပြီး ဝိုင်းကန်သည်ကို မြင်ခဲ့ရကြောင်း ပြောပြကြပါသည်။ မည်သို့ပင်ဆိုစေ မိမိတို့မျက်စေ့ရှေ့တွင် လူနှစ်ယောက်သေသွားပါပြီ။ (နောင် သတင်း စာရှင်းလင်းပွဲ လာသောအခါ ပြင်ပမှ ရောဂါများပါလာပြီး အင်းစိန်ဂျီတီအိုင်တွင် သေဆုံးသူများရှိကြောင်း AP သတင်းဌာနမှ ဒေါ်အေးအေးဝင်း၏အမေးကို ရဲချုပ် ခင်ရီပြန်ဖြေသည်ဟု သိရပါသည်။ သေဆုံးသူနာမည်နှင့် နေရပ်ကို မထုတ်ပြန်ဘဲ ပိုင်ရှင်မဲ့ဖြင့် ထိန် ပင် သုဿန်တွင်သင်္ဂြိုလ်လိုက်ကြောင်းသိရပါသည်) ။

တစ်မနက်လုံးစစ်ကြောရေးမရှိ သဖြင့် အချင်းချင်း စစ်ကြောရေးအတွေ့အကြုံများဖလှယ်ခွင့်ရကြသည်။ အားလုံးတူ ညီသည့်အချက်မှာ နောက်ကျောတွင် အညိုအမဲ မစွဲသူ မရှိခြင်းပင်ဖြစ်သည်။ ငွေကြာ ယံကျောင်းမှ ဦးဇင်းများဆိုလျှင် ကျောင်းဝင်စီးစဉ်က ရထားသော ခေါင်းက ဒဏ်ရာ များမပျောက်ခင် နောက်ကျောက ဒဏ်ရာများရထားကြလေပြီ၊ လမ်းတွင်တွေ့သမျှလူ အကုန်ဖမ်းလာသဖြင့် လူဦးရေများသော်လည်း ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက် သူ အတော်နည်း ပါးလှသဖြင့် သူတို့လိုချင်သောအဖြေကို ဖြေနိုင်သူမရှိချေ။ သံဃာတော်များ နေပူမိုးရွာမရှောင် မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ဝန်းရံကြ။ လုံခြုံရေးယူ ပေးကြ၊ ဆွမ်း၊ ရေ လှူဒါန်းသူများ အားလုံး သိမ်းကြုံးဖမ်းဆီးလာရာ ခြေခြေမြစ်မြစ်သိ သူမပါရှိချေ။ ထောက်လှမ်းရေးနည်းပညာဖြင့် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ နာကျင်လွန်း၍ ဝန်ခံစေသောနည်း။ ချော့လုံး ခြောက်လုံးများသုံးကာ ဝန်ခံစေသောနည်းများကိုသာ အသုံးပြုကြသဖြင့် အမှန်တရားလည်း မည်သို့မျှ မပေါ်ပေါက်နိုင်ပါ။ သူတို့လိုချင်သည့် အဖြေ မရမချင်းနှိပ်စက်ကြမည်ဖြစ်သည်။ သူတို့အလိုချင်ဆုံးအခြေမှာ NLD မှတစ်ဦး လျှင် ၃၀၀၀ ကျပ်ပေး ခိုင်းပါသည် ဆိုသည့်အဖြေဖြစ်သည်။

မေတ္တာပို့ရာလမ်းတစ်လျှောက်တွင် ရိုက်ထားသောဓါတ်ပုံများဖြင့် တိုက်ဆိုင် စစ်ဆေးကြပါသည်။ သန်လျှင်တံတားအဆင်း ကျောင်းတိုက်က ဦးဇင်းမြင့်ဦး ဆိုလျှင် မေတ္တာပို့သည့်နေ့တိုင်း ညာဘက်အစွန်ဆုံးတွင် ဘုရားပုံတော်ကိုင်ပြီး နေတိုင်းပါနေကြဖြစ်ရာ ကောင်းကောင်း အထောင်းခံရသည့် တစ်ပါးဖြစ်ပါသည်။ တစ်ပါးနှင့်တစ် ပါး၊ တစ်ယောက်နှင့်တစ်ယောက် အားနာနေကြ၍သာ မည်သို့နှိပ်စက်ခံခဲ့ရသည်ကို မမေးဖြစ်သော်လည်း ပြန်ဝင်အလာတွင် ပုံစံကြည့်လိုက်ရုံနှင့် သူတော့ဆိုင်ကယ်စီးခဲ့ရပြီ၊ သူတော့ဖြင့် ဟယ်လီကော်ပတာစီးခဲ့ရပြီ စသည်ဖြင့် စိတ်ထဲမှပုံဖော်နေမိပါသည်။ တစ်နေ့ကဆိုလျှင် မိမိတို့ မဂ္ဂင်ကျောင်းမှ ကပ္ပိယကြီး ကိုအောင်သန်းကို မည်မျှနှိပ်စက်လွှတ်လိုက်သနည်း ဆိုလျှင် အခန်းထဲ နံရံအခြေသို့ ရောက်နေသည့်တိုင် ခေါင်းပေါ်တင်ထားသော လက်နှစ်ဘက်ကို မဖြုတ်သေးသဖြင့် လက်အောက်ချရန် သတိပေးရသည့်အဆင့်ထိ ရောက်ပါသည်။ များသော အားဖြင့် စစ်ကြောရေးပြန်လာသူတိုင်း ပက်လက်အနေအထားဖြင့် မအိပ်နိုင်ကြခြင်းပင်။ အားလုံးမှာ နောက်ကြောဒဏ်ရာ မရသူ မရှိသလောက်ပင်ဖြစ်ပါသည်။ ငွေကြာယံ ဆရာတော်ကြီး၊ သာသနာ့သိပ္ပံဆရာတော်ကြီးနှင့် တာမွေယာယီဈေးနာက ရခိုင်ကျောင်း တိုက်မှ ဆရာတော်ကြီးတို့သာ ချမ်းသာရာ ရသည်ဟုထင်ပါသည်။

စစ်ကြောရေးထွက်စဉ် ရခဲ့သည့် သတင်းအရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လူ့အခွင့်အရေး အထူးသံ မစ္စတာဂမ်ဘာရီနှင့် အဖွဲ့လာမည်ဟု သိရပါသည်။ နေ့လည်ဘက်တွင် လူစာရင်း လာစစ်လိုက်ကြ၊ ပြန်သွားလိုက်ကြ။ နောက်သံဃာများ ကို သပ်သပ်ထပ်မံစာရင်းစစ်လိုက်ကြနှင့် ပုံမှန်မဟုတ်ဘဲ ထူးခြားမှုရှိနေကြောင်းတော့ သတိထားမိသည်။ မည်သည့်အတွက် ထူးနေသည်ကိုတော့ ခန့်မှန်းရ ခက်နေကြသေး သည်။ ညနေစောင်းတော့ တပ်ရင်းမှူးကိုယ်တိုင် အခန်းဝလာရပ်ပြီး ကဲ ... အားလုံး ကိုယ်ပါလာတဲ့ပစ္စည်းလေးတွေ သိမ်းကြမယ်ဟု လာပြောသဖြင့် အားလုံး ဝမ်းသာအားရ ဝေးကနဲ့ အော်လိုက်ကြသည်။ တီးတိုးပြောသံများလည်း ကြားနေရသည် ဂမ်ဘာရီလာမှမို့ အားလုံး ပြန်လွှတ်တာရှိမှာ။ မဆိုင်တဲ့သူတွေ လွှတ်မယ်လည်း ကြားတယ်စသဖြင့် ထုံးစံအတိုင်း ကိုယ်လိုရာဆွဲတွေးနေသည့် ကောလဟလများ နားထဲလျှံ တက်လာသည်။ ခဏနေတော့ မျက်နှာသုတ်စောင် ပုခုံးပေါ်တင်ထားသည့် အမြဲလာထုတ်နေကျသူရောက်လာပြီး “ နာမည်စာရင်းပါတဲ့သူ ကိုယ့်ပစ္စည်း ကိုယ်ယူပြီး အပေါက်ဝနား ၂ ယောက်တစ်တွဲလာထိုင်မယ်။ အားလုံး မတ်တပ်ရပ်နေကြဟု ပြောပါ သည်။ မိမိ အပါအဝင် သံဃာအပါး ၂၀ ခန့်ကိုရွေးခေါ်လိုက်ပြီး အစွန်ဆုံးအခန်းသို့ ခေါ်သွားပြီး အခန်းပြောင်းလိုက်ကြသည်။

အခန်းထဲတွင် အထပ်သားများ ခင်ထားပြီး နေကြာစောင်များ အလည်တွင်ပုံထားသည်ကိုတွေ့ရသည်။ အင်္ကျီမရှိတဲ့သူ ဟုခေါ်ပြီး မိမိအား အင်္ကျီ အသစ်တစ်ထည်ပေးပါသည်။ ရောက်ကတည်းက စွပ်ကျယ်ဂျိုင်းပြတ်နှင့် နေခဲ့ရသဖြင့် အင်္ကျီလက်တိုလေးဝတ်လိုက်ရတော့ နွေးသလိုလို ဖြစ်သွားသည်။ အခန်း ထဲသို့ ရေသန့်ဘူးကြီးတစ်ဗူး ရောက်လာသည်။ သေးကာတာ ဘေးနေကြရသဖြင့် ယခု အခန်းသစ်မှာ မွှေးနေသည်ဟုပင် ထင်မိသည်။ လွတ်လွတ်လပ်လပ် တုံးလုံးလှဲနားခွင့် လည်းရသဖြင့် ခြေလက်ဆန့်ပြီး အနားယူလိုက်သည်။ ကောင်းလိုက်သည့်စည်းစိမ် အခြားဘယ်အရာမှ တုနိုင်မည် မထင်ပါချေ။ ပြူတင်းပေါက်များ ဖွင့်ပေးထားသဖြင့် ဘေး ဘက်များသို့ လှမ်းကြည့်နိုင်ပါသည်။ ရဲဘော်တွေ အထပ်သားများ ထမ်းပိုးပို့နေကြ သည်ကိုမြင်နေကြရသဖြင့် အကြောကိုင်လူသေလို့ အထပ်သားတွေရောက်လာတာ လား သို့မဟုတ် ဂမ်းဘာရီ လာကြည့်မည်ဆိုလျှင် ကောင်းမွန်စွာထားကြောင်း သက်သေပြလို့၍လော စသည်ဖြင့် အမျိုးမျိုးပြောဖြစ်ကြသည်။ အခြားလူတွေလည်း ယခုလို အယောက် ၃၀ စီခွဲထားသလား သိလိုလှပေသည်။ အခန်းအစောင့်ကျသောတပ်ကြပ် ကြီးအပြောအရ မနက်ဖြန် လူတော်တော်များများ ပြန်လွှတ်မည်ဟု သဲ့သဲ့ကြားခဲ့ရ ကြောင်းပြောပါသည်။ သေချာတာကတော့ မိမိတို့ မပါဘူးဆိုတာ နားလည်လိုက်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် ဤအခန်းတွင်းမှ ကိုယ်တော်များသည် စစ်ကြောရေး အကြိမ်ရေ အများဆုံးထွက်ရသူများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

ကြိုတင် တွက်ဆထားသည့်အတိုင်းပင်၊ နောက်နေ့မနက်ပိုင်းတွင် နာမည်စာ ရင်းများခေါ်ကာ ကျောင်းဝန်းအတွင်းက လမ်းများပေါ် ထိုင်ခိုင်းထားကြသည်။ ထို့ နောက် တပ်ရင်းမှူးဆိုသူက မိမိကိုမနှိပ်စက်ပါဘူးဟု လက်မှတ်ထိုးသူများ လွှတ်ပေးမည်ဆိုသောကြောင့် အပြင်ရောက်သူ အားလုံး လက်မှတ်ထိုးကြသည်။ သက်ဆိုင်ရာမြို့နယ် ရုံးများ(မယက)ရုံးများသို့ လိုက်ပို့သည်ဟုလည်း ကြားရသည်။ ကျန်ရစ်သူများလည်း ဝမ်းသာကြပါသည်။ သောက်လက်စ ဆေးလိပ်အတို အရှည်များ၊ ငပိဗူးပေါက်စလေး များ၊ မုန့်ပဲသွားရေစာများ ကျန်ရစ်သဖြင့် ကျန်ရစ်သူတို့မှာ ဝမ်းသာကြရသည်။ ကိုယ့်နေရာကိုယ် ပက် လက်ကလေးလှန် ဆေးလိပ်လေးဖွာ အလွန်အေးချမ်းသာယာလှပါပေသည်။

(ဆက်ရန်)