ခင်အောင်အေး - ခင်ဝမ်းသို့




ခင်အောင်အေး - ခင်ဝမ်းသို့
(မိုးမခ မဂ္ဂဇင်း၊ အတွဲ-၃၊ အမှတ်-၂၊ ဖေဖော်ဝါရီ လထုတ် ပါ ခင်ဝမ်းအမှတ်တရ)

နံပါတ် ၁ ထိပ်ဆုံးက ပြောရမှာကတော့ ဘယ်တုန်းကမှ ရှေ့မှာရော ကွယ်ရာမှာရော ခင်ဝမ်း လို့ မခေါ်ဖူးတာကို ခု ခင်ဝမ်းသို့ လို့ခေါင်းစဉ်တပ်မိတဲ့ ကိစ္စ။ ကိုခင်ဝမ်းကို လေးစားသမှုနဲ့ အမြဲ 'ကို' တပ်ခေါ်တဲ့အတိုင်း ကိုခင်ဝမ်းသို့လို့ ရေးကြည့်ပါတယ်။ ခင်ဝမ်း ဓာတ်ကို 'ကို' က ကွယ်နေသလို ခံစားရတယ်။ နည်းနည်းတော့ ကြောင်မလားမတော့ မသိဘူး။ မတတ်နိုင်ဘူ။ ဒါနဲ့ 'ဒီတခါတော့ ခွင့်လွှတ်ပါဗျာ' လို့ စိတ်ထဲက ပြောပြီး ခုလိုပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်။ နောက်တခုကတော့ ကိုယ့်ရဲ့ ကတ်သီးကတ်သတ်စိတ်ပေါ့လေ။ အထိမ်းအမှတ်တခုနေ့ကျမှ သူ့အကြောင်းရေးရတာမျိုး သူ့ကို အချိန်ကိုက်လွမ်းရတာမျိုး မလုပ်ချင်တာ။

(မနေ့ကတော့ စိတ်ပေါက်ကွဲ လွတ်ထွက်ရင်း ရေးမိတဲ့ ကဗျာတို စာတိုစ တွေကိုတော့ ကဗျာအနေနဲ့ ထည့်မရေတွက်ပါဘူး။)

ဒီတော့ ဒီနေ့မှာ ကိုခင်ဝမ်း အကြောင်း အလွမ်းစာ ကဗျာရေးဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုမှ သိမ်းသွင်း စည်းရုံးလို့ မရခဲ့ဘူး။ အဲဒီမှာ မင်းနဒီခတို့ ကဗျာရွတ်ပွဲအတွက် အရေးတကြီး ကဗျာပေးရမယ်ဆိုတော့ ဖိုင်အဟောင်းတွေ ပြန်လှန်ရင်း ဒီကဗျာလေး ကိုပြန်တွေ့၊ ရေးတဲ့ နေ့စွဲကလည်း ၂၀၁၀ ဇူလိုင်တုန်းက ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်၊ ကဗျာကလည်း ကိုခင်ဝမ်း ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ပတ်ချွဲနပ်ချွဲတွေ မပါတော့ ဒါလေး တော့ တင်မယ်လို့ စိတ်ပိုင်းဖြတ်ဖြစ်ပါတယ်။



ခင်ဝမ်း ၁၆ နှစ်ပြည့် အမှတ်တရ ပန်းချီပြပွဲတွင် ပြသထားသည့် ခင်မောင်ရင်၏ ခင်ဝမ်းပန်းချီကားနှင့် ခင်ဝမ်းအမှတ်တရ စာအုပ် ရန်ကုန်မြို့၊ ၃၁ လမ်း အလယ်ဘလောက်ရှိ Cloud31 Gallery (၀၃၊ ဖေဖော်ဝါရီ၊ ၂၀၁ ၆၊ ဓာတ်ပုံ - ခင်လေး / မိုးမခ)

ကိုခင်ဝမ်းဆိုတာ ကိုဒီ ပြောသလိုပဲ တကယ့် ဝိဇ္ဇာ ကြီးပါ။ ဒီကနေ့ ရေးရင် တမင် ဇာတ်လမ်းလုပ်ပြီး ရေးတယ်လို့ မဖြစ်ချင်တာ တကြောင်း၊ သေသေချာချာရေးချင်တာ တကြောင်းမို့လို့၊ ဒီနေ့လည် (၃ ဖေဖော်ဝါရီ ၂၀၁၄) က ကိုခင်ဝမ်း ကိုယ့်အခန်းထဲ ရောက်လာပြီး ကိုယ့်ကို လာကျီစယ်သွားလို့ ကိုယ့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကျန်ရစ်ခဲတဲ့အကြောင်းကို (ခုရေးနေရင်တောင် ရင်တုန်မပြယ်သေးဘူး)

၂၀၀၁ ကိုခင်ဝမ်း ကွယ်လွန်ခြင်း ၁ နှစ်ပြည့်မှာ ကိုဒီ ဦးစီးပြီး ၃၅ လမ်း ရှမ်းရိုးရာဆိုင် မြေကြီးထပ်ထဲမှာ လုပ်တဲ့ပွဲအကြောင်းရယ်။ ၂၀၀၂ မှာ ကိုယ် ပီနန်ကို ရောက်နေတုန်း ပင်လယ်ကမ်းခြေမှာ ပီနန်တက္ကသိုလ်က Theater Art Professor Jennet နဲ့ သွားထိုင်ရင်းက သူ့ ကို “ငါ သီချင်းဆိုချင်တယ်ကွာ၊ အကျယ်ကြီးအော်ဆိုချင်တာ: ဆိုတော့ သူက ဆိုလေပြောလို့ ကိုခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” သီချင်းကို အော်ဆိုရင်းက သူ့အကြောင်းပြောဖြစ်ရင်း နေ့စွဲကို ကြည့်လိုက်တော့ မယုံနိုင်စရာ အဲဒီနေ့ဟာ ၃ ရက်နေ့ ဖေဖော်ဝါရီတည့်တည့်ကြီး ဖြစ်နေတာရယ်နဲ့ပေါင်းပြီး စာတပုဒ်ရေးပါဦးမယ်။ ရေးဖြစ်အောင်လို့ဆိုပြီး ကိုယ့်ကိုယ်ကို ချုပ်လိုက်တဲ့ အနေနဲ့တမင်ပြောလိုက်တာပါ။

"ဒီဘက်ကမ္ဘာမှာ မရှိတော့ပေမယ့်၊ ရှိနေတယ်လို့ အမြဲခံစား၊ ချစ်ခင်၊ ရိုသေလျက်ပါ ကိုခင်ဝမ်း.. "

ခင်အောင်အေး
၃ ဖေဖော်ဝါရီ၊ ၂၀၁၄



ခင်ဝမ်း ၁၆ နှစ်ပြည့် အမှတ်တရ ခင်ဝမ်းနေ့တွင် ခင်ဝမ်း ကဗျာ တပုဒ်ကို ကဗျာဆရာ ခင်အောင်အေးက ရွတ်ဆိုနေစဉ် ရန်ကုန်မြို့၊ ၃၁ လမ်း အလယ်ဘလောက်ရှိ Cloud31 Gallery (၀၃၊ ဖေဖော်ဝါရီ၊ ၂၀၁၆၊ ဓာတ်ပုံ - ခင်လေး / မိုးမခ)

အဲ့ဒီအပေါ်တည့်တည့်က မီးဆိုင်း နံရံမှာ ပဲ့တင်ထပ်နေတဲ့ ခင်ဝမ်း
လျှာဖျားလေးတင် လေးသင်္ချေကမ္ဘာတသိန်းမက ပြောလို့ရတယ်
အနှုတ်ခံလိုက်ရတဲ့ လိပ်ပြာမှာ ဘားကုတ်အမှတ်အသား ပါမလာဘူး
၁၄ ကနေ ၃၉ ကိုပေးတယ် အသည်းယားစရာ ဂိုးပေါက်ထဲ ပြင်းပြင်း
မြက်ခင်းစိမ်းမှာ ဝေါခနဲ အာမေဋိတ်သံတွေ ပွင့်အန်ကျသွားတယ်
ပင့်သက် အရောင် ၂ ရောင်ဟာ အရှုံးနဲ့အနိုင်အကြောင်း ခရေစေ့တွင်းကျ ပြောပြနိုင်မလား
တိမ်ပေါ်ထိုးတက်သွားတဲ့ သိမ်မွေ့လှေခါး တလျောက်
စာပေအနုပညာခါထွက်သွားပုံ နောက် အလုံးစုံ ပုံပြင် ဂူနံရံ ကျောက်စာ လက်ဆင့်ကမ်းလာပုံ
စာဆိုတော် စာတော်ဖတ် သူ့အရပ်နဲ့သူ့ဇာတ်က ပြောပြတဲ့ မှတ်သားစရာပါလာပုံ
ညနေခင်းတွေမှာ ကတ္တရာလမ်းမပေါ် ရုပ်သံစီးရီး မက္ကဆီကိုမှာ ကမ်းထရီးဂီတ ဝှက်စာ
ကိုယ်တို့လက်ဖက်ရည်ဆိုင် ထိုင်တုန်းကလို ကိုအောင်ရင် ဦးချစ် လှည်းတန်း ဖြိုးဝေ
မှတ်တမ်းမှတ်ရာ ပိဋကတ်တိုက်မှာလို အားကိုးအားထား ပြုလောက်မယ် မဟုတ်နိုင်
စိတ်ကျေနပ်မှု သို့မဟုတ် စိတ်ကြေကွဲမှု ဒိုင်း မြား ဓား လှံ လက်နက် ဘဝ တခုစီ အတွက်
အနှုတ်လက္ခဏာ တခုစီ လုံးဝ ပျံ့လွင့်နေခြင်း လုံးဝ ဆောက်တည်မိနေခြင်း
အသွားအပြန် အလျားအနံ သဘောပေါက်မှု အရှိကို ကုပ်ထားနိုင်ခြင်း ဖောင်းပိန် နေခြင်း
အိပ်ယာခင်းပေါ်မှာ ပန်းခင်း အဲ့ဒီအပေါ်တည့်တည့်က မီးဆိုင်း နံရံမှာ ပဲ့တင်ထပ်နေတဲ့ ခင်ဝမ်း
သီချင်း ‘ကျနော် လပြည့်ညတွေကို ကြောက်တယ်’ စီးကျလာတဲ့ သွေးလို စေးပျစ်နီရဲ ဟိုက်လျ
ထင်းရှူးပင်တန်းတွေကြားထဲ ဆောင်းရာသီကို အင်တာဗျူးမေးခွန်း ဒရစပ် နှင်းဖတ်တွေ ပေကျံ ကုန်မလား
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးက… “စင်အောက်က ဘီလူးဆိုင်း တီးစေ…”
ဇာတ်ညွှန်းစာရွက်ပေါ်က စာသား ရွက်ကျပင်ပေါက် နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာအဆင့်
ယဉ်ကျေးမှု အနုပညာရဲ့တင်ပါးပေါ် ဒစ္စကိုမီး စပေါ့လိုက်များ မီးခိုးငွေ့အတု စင်တင် ရင်နင့်ပြဇာတ်
လွန်ခဲ့တဲ့ အနှစ် ၅၀ လွန်ခဲ့တဲ့ အနှစ် ၈၀ လောက်က ခေတ် နောက်ခံ သမိုင်းကြောင်း (အဲဒီ တုန်းက
မျှော်ကြည့်ခဲ့တဲ့ အနာဂတ်မျိုး လုံးဝ မဟုတ်တဲ့ ခုခေတ် ကနေ ပြန်ပြောပြတဲ့) အတိုင်း တထေရာတည်း တူအောင် ဆက်တင်က အစ အက်တင်ကော ပြည့်စုံအောင် ဒါရိုက်တာ ကင်မရာမင်း မီးထိုး မှန်ထိုး ပါမကျန် မခိုမကပ် တတ်သည့်ပညာ မနေသာ
နေသာတာက ကိုယ်တယောက်တည်း ငါ့လှေငါထိုးနေတာ ပဲခူးရောက်လုမှ သတိလည်လာပေမယ့် ဘာမှ မဖြစ်သလို ခပ်တည်တည် ။ ။

ခင်အောင်အေး
၁၁၊ ဇွန်၊ ၂၀၁၀ စင်ကာပူ စံတော်ချိန် ၂၁း၄၅ နာရီ