ဆောင်းယွန်းလ - ရုပ်ရှင်မကြည့်တော့ဘူး


ဆောင်းယွန်းလ - ရုပ်ရှင်မကြည့်တော့ဘူး
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

လူ့ဘ၀ဟာ
ချစ်ကြိုက် ကွဲညား
အပေါစား ရုပ်ရှင်ဇာတ်တထုပ်ပဲလား…

နေရင်း ထိုင်ရင်း
တဖြုတ်ဖြုတ် ကြွေသွားခဲ့ပုံတွေက
ဟိုတမြန် မနှစ်တနှစ်ကနဲ့
ဒီတ့မန် မနေ့တနေ့ဟာ အားလုံးအတူတူပဲ….

ဟိုဟိုဒီဒီ သွားရင်း လာရင်း
ခြောက်ကပ်နေတဲ့ လည်မြိုထဲကနေ
ရှင်သန်းခြင်းကို ထွေးပစ်ရမလိုလို
ရောက်နေတဲ့ မှော်ရုံတောထဲကနေ
သေမင်းကို ဈေးဆစ်ရမလိုလိုနဲ့ .....

တခါတခါ
ရှင်နေတဲ့အရုပ်တွေကို ကြည့်ရတာလည်း
အသက်မပါလှဘူး…

လွမ်းခန်းတွေရောက်တိုင်းလည်း
ဝဲစရာမျက်ရည်တွေ
ငါတို့မှာ မွဲခဲ့ပါပြီ….

လူ့ဘ၀မှာ
လဲစရာရှိတာကို လဲပြီး
ကြမ်းစရာရှိတာကိုလည်း ကြမ်းမှ ....

လူလဲကြမ်းမှ
လူကြမ်းတွေလဲမယ်
လူကြမ်းတွေအားလုံးလဲပြီးသွားရင်
ငါတို့ ဘယ်တော့မှ ရုပ်ရှင်မကြည့်ကြတော့ဘူး….။

ဆောင်းယွန်းလ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆)