ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံးနေ့ရက်များ - ၈

အင်းစိန် GTI အတွင်းမှ ရဲကားများနှင့်ချောကားများ


ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံးနေ့ရက်များ - ၈
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်၏ လူ့အခွင့်အရေး အထူးသံ မစ္စတာဂန်ဘာရီ လာမည့်ရက်သေချာသွားသည်နှင့် အင်းစိန် ဂျီတီအိုင်စစ်ကြောရေးစခန်းတစ်ခုလုံးပုံစံ ပြောင်းသွားသည်။ ရဲဘော်လေးများ သန့်ရှင်းရေးလုပ်ကြရသည်။ လောက်တက် အနံ့ဆိုးထွက်နေသော အိမ်သာများအား ထုံးဖြူးနေကြသည်။ အခန်းတိုင်း ရေသန့်ဘူးကြီး များရောက်လာသည်။ တပ်ရင်းမှူး ဆိုသူကိုယ်တိုင် အရပ်ဝတ်နှင့်ရောက်လာပြီး အဆင်မပြေတာများရှိရင် တင်ပြနိုင်ကြောင်း ဟန်လုပ်လာ ပြောရသည့်အဆင့်ထိ ရောက်လာပါ တော့သည်။ လက်သီးနှစ်ဆုပ်စာမျှသာရှိသော ထမင်းပုံစံမှာ ယခင်ကထက်များလာပြီး ဟင်းမှာလည်း ဆီဝေ့နေတော့သည်။ စစ်ကြောရေးလည်း မလုပ်တော့သဖြင့် မအိပ်ခဲ့ရသော ရက်များအတိုးချကာ ထမင်းစားပြီး အိပ်စက်အနားယူခွင့်ရကြသည်။ မျက်နှာသုတ်စောင် ပုခုံးပေါ်အမြဲတင် ထားသော စစ်ကြောရေးလုပ်ရန် အမြဲလာခေါ်သည့် အာဏာပါးကွက်သားလည်း မမြင်ရတော့ချေ။ မိမိအထင် တပ်သားဦးရေ၊ ရဲဦးရေ အများကြီးနဲပါး သွားသည်ဟုပင်ထင်မိသည်။ အခန်းထောင့်များတွင် အချိန်ပြည့်စောင့်နေသော ဝါး စိမ်းတုတ်ကိုင်စစ်သားများလည်း မမြင်တွေ့ရတော့ပေ။

ညနေစောင်းတွင် အမျိုးသမီးအသံများကြားရ၍ အခန်းအပြင်သို့ကြည့်လိုက် ရာ မိမိတို့လိုပင် ဖမ်းဆီးခံထားရသောအမျိုးသမီး အမြောက်အများ ရှိနေကြောင်းသိ လိုက်ရသည်။ အချို့မှာဈေးခြင်းတောင်းလေးများပါသေးသည်။ တစ်ချို့လည်းခရီး ဆောင်အိပ်များနှင့် မြင်မြင်သမျှ ယောင်္ကျား မိန်းမတိုင်းကို ဖမ်းခေါ်လာကြောင်းသိ လိုက်ရသည်။ စစ်ခေါင်းဆောင်များ၏ အလိုကျအတိုင်း ပြည်သူကို တန်ဘိုးလုံးဝဘဲ နေရာရရေး ရာထူးတိုးရေးလုပ်ကြခြင်းဖြစ်ကြောင်း မှတ်ချက်ပြုမိသည်။ ဈေးဝယ်ထွက် လာသူ၏ မိသားစု မည်မျှသောကရောက်ကြမည်နည်းဟု စဉ်းစားမိသူ တစ်ဦးတစ် ယောက်မှပါလိမ့်မည်မထင်ပါချေ။ အင်းစိန် ဂျီတီအိုင်ကျောင်လိုနေရာမျိုးသည် ဖမ်းဆီး ထားသူများ၏ အချုပ်အဖြစ် မည်သူကမှလည်း ထင်ကြမည်မဟုတ်ပါချေ။

ထို့နောက် အမျိုးသမီးများအား ၃ ယောက်တစ်တွဲ ထိုင်ခိုင်းထားပြီး တပ်ရင်းမှူး ကသြဝါဒချွေနေပါသည်။ ထို့နောက် -

“ ခင်ဗျားတို့ကို နှိပ်စက်တာရှိသလား”
 “ မရှိပါဘူး “

“ ကောင်းကောင်းမွန်မွန်ထားရဲ့လား”
 “ ထားပါတယ်”

 “ အေး ရပ်ကွက်ထဲ ရောက်လို့ဘယ်သူကမေးမေး အဲဒီတိုင်းဖြေပါ။ ခင်ဗျားတို့ကိုစစ်ဆေးဘို့ကျန်သေးပေး မယ့် ကိုယ်ချင်းစာလို့ပြန်လွှတ်လိုက်တာ။ လိုအပ်တဲ့သူပြန်ခေါ်မယ်။ ခရီးမထွက်ကြဘို့ လည်းတစ်ခါတည်းသတိပေးလိုက်ပါတယ်။ အခု သက်ဆိုင်ရာမြို့နယ် မယက တွေ လာခေါ်မယ်။ လာမခေါ်တဲ့သူတော့ ကိုယ့်ကံနဲ့ကိုယ် ဆက်နေကြပေါ့ဗျာ”
ဆိုပြီးထွက် သွားပါတော့သည်။

 မကြာပါချေ လက်နက်အပြည့်နှင့် ရဲတပ်ရင်းများမှရဲကားများ ဂျီတီ အိုင်အတွင်းဝင်ရောက်လာပါတော့သည်။ ထို့နောက်တစ်ဆက်တည်းပင် နံပါတ်ပြား များကို တိပ်( tape ) အပြားများဖြင့် ကပ်ထားပြီး လိုင်းနံပါတ်ဖြုတ်ထားသည့် ဒိုင်နာ ကားများ တစ်စီးပြီးတစ်စီး ဝင်ရောက်လာပါသည်။ ထို့နောက် အမျိုးသမီးများအား မြို နယ်နာမည်ခေါ်ပြီး ကားပေါ်တင်ကြပါသည်။ ဘေးတန်းပြည့်သည့်တိုင်အောက်တွင် ထိုင်ခိုင်းပြီး အချို့ကားများဆိုလျှင်ငပိသိပ် ငါးချဉ်သိပ် တင်ဆောင်ခေါ်သွားကြပါတော့ သည်။

ယမန်နေ့က အမျိုးသားများကားနှင့်ခေါ်သွားသည်ဟု သတင်းကြားသဖြင့် အမျိုးသားများမရှိတော့ဟုထင်ထားသည့်ကြားမှ ဘယ်ကထွက်လာမှန်းမသိသည့်အမျိုး သားများပေါ်လာပါတော့သည်။ ထုံးစံအတိုင်း စစ်သားများ၊ ရဲများ၏ဆဲသံကဆူညံနေ သည်။ နောက်မှသိရသည်မှာ ယမန်နေ့က ပို့လိုက်သောအမျိုးသားများသည်ပြန်လွှတ် သူများမဟုတ်ဘဲ ရဲတပ်ရင်းများသို့ ပို့လိုက်သောသူများဖြစ်ကြသည်။ ယခုလူများမှာ သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပြီး ခံဝန်ဖြင့် လွှတ်ပေးမည့်သူများဖြစ် ကြောင်းသိလိုက်ရသည်။ မိမိတို့အခန်းနှင့် ကပ်လျှက် ခြေရင်းအခန်းများကိုမူ လာခေါ် ဖို့နေနေသာသာ လှည့်ပင်မကြည့်ကြချေ။ မိမိတို့ကိုယ်တိုင်ကလည်း ကြမ်းခင်းဈေး အ နှစ်(၂၀) သတ်မှတ်ထားပြီး ဖြစ်ကြပါသည်။

အမျိုးသားများကိုလည်း အမျိုသမီးများကို သြဝါဒပေးသည့်အတိုင်းပင် မနှိပ်စက်ပါဟုသာ တွင်တွင်အော်ခိုင်းပါသည်။ ကောင်းမွန်စွာကြွေးကြောင်းပြောခိုင်းနေသည်ကို ကြားနေရပါသည်။ အားလုံးသောသူများမှာလည်း လွတ်လျှင်ပြီးရောဆိုသည့် သဘောဖြင့် အသံကုန်အော်ကာထောက်ခံနေသည်ကို မြင်တွေ့ ကြားသိနေရပါသည် အားလုံးကိုအပြစ်မတင်ရက်သလို၊ အပြစ်လည်းမတင်ထိုက်ပါ။ ရန်သူဘက်က လွတ် ခြင်းသည် တော်လှန်ရေး ရှေ့ဆက်ရန် အကောင်းဆုံးအခွင့်အရေးမဟုတ်ပါလား။

ငါးနာရီထိုး ထမင်းလာပို့တော့ ပြန်လွတ်သူများကို သံယောဇဉ်ဖြတ်လိုက်ပြီး ထမင်းစားဘို့ပြင်လိုက်ကြသည်။ လွတ်လူများကလှူသော ငပိထောင်းဘူးသေးလေး များဖြင့်မြိန်ရည်ယှက်ရည်စားသောက်လိုက်ကြသည်။ မိုးကောင်းကျောင်းတိုက်မှ ဦးဇင်းလေးမှအပ အားလုံးမှာ ထောင်ကျပြီးသား ဆုံးဖြတ်ထားပုံရသည်။ အားလုံး၏မျက် နှာမှာညှိုးငယ်သောအသွင် စိုးစဉ်းမျှမတွေ့ရပါချေ။ သံလျှင်မှ ဦးဇင်းမြင့်ဦးက ထောင်ကျဘူးသည်ဆိုကာ ထောင်တွင်းနေနည်း နိဿရည်း ပင်ပို့ချနေပေပြီ။ 

မိမိတို့အနေဖြင့် ထောင်သည်ဆိုးသည်ဆိုသော်ငြား ရောက်ဘူးသူတို့ပြောပြချက်အရ ယခု အင်းစိန် ဂျီတီအိုင် စစ်ကြောရေးစခန်းလောက်တော့မဆိုးဘူးဆိုသည်ကို တထစ်ချယုံကြည်ထား ကြပါသည်။ အစားအသောက်မှာလည်း ယခုလို မဝမလင်မကျွေး အဝစားရသည်ဟုသိ ထားပါသည်။ လေကောင်းလေသန့်ရသည်။ အိမ်သာကိစ္စအဆင်ပြေသည် ရေချိုးရသည်။ မိမိအပ်ငွေရှိလျှင် ဈေးဝယ် မှာလို့ရသည် စသည်ဖြင့်ကြားသိထား၍ ထောင် ကြိးချုပ်သို့ပြောင်းပေးလျှင် ကောင်းလေစွဟု ဆုတောင်းနေမိကြသည်။ 

ညနေ ၆ နာရီ ကျော်လောက်မှာ အခန်းတံခါးသော့လှပ်သံကြားလိုက်ရပြီး ပုခုံးပေါ်မျက်နှာသုတ် စောင်အမြဲတင်ထားသည် အာဏာပါးကွက်သားဝင်လာသည်။ ဣဿရိယ (ခ) အေး မောင် (မဂ္ဂင်)။ မြင့်ဦး (ခ) ပညာဒီပ (သံလျှင်)၊ နောက်ဆိပ်ကမ်းမြို့နယ်ထဲက ကျောင်းက ရွှေတိဂုံပေါ်တွင်ရဲချုပ်ခင်ရီကိုယ်တိုင်ဖမ်းခိုင်းသည့် ဦးဇင်းငယ်လေး (ဘွဲ့ မေ့နေ) တို့ကိုရွေးခေါ်ပြီး အပြင်သို့ထုတ်သွားပါသည်။ ကျောင်းဝန်းအတွင်ပတ်လမ်း ဘေးမှ ဆေးခန်းဆိုသည့်ဆိုင်းဘုတ်ပြာလေးတပ်ထားသည့် အခန်းထဲခေတ္တနေစေပြီး လက်ထိပ်များနောက်ပြန်ခတ်ထားလိုက်ကြသည်။ ဦးဇင်းလေးမှာ အခန်းထဲတွင်လည်း စကားပြောနည်းသလို လက်ထိပ်ခတ်တော့လည်းဘာမှမပြော ဘာမှမဖြစ်သလိုပင်။ ဦးဇင်းမြင့်ဦးကို လက်ထိပ်ခတ်တော့ ကြပ်တယ်ဟ လျော့ခတ်ပါဟဟု ပြောသံကြားရ သေးသည်။ မိမိကို ခတ်တော့လည်း တင်းကြပ်စွာခတ်သဖြင့်ပြန်လျှော့ခိုင်းရသေးသည် ဒိုင်နာကားတစ်စီးထိုးစိုက်လာသဖြင့် မိမိတို့ကိုခေါ်မည့် ကားမှန်းသိလိုက်သည်။ 

ခဏနေ တော့ သင်္ကန်းနှင့်ဦးဇင်းသုံးပါး မိန်းဆောင်ဘက်မှထွက်လာပြီး ကားပေါ်တက်ကြ သည်။ သူတို့ကိုတော့လက်ထိပ်မခတ်ချေ။ ထို့နောက် ဦးဇင်းလေးကို ကားပေါ်တက် ခိုင်းပြီး မှောက်လျားထိုးခိုင်း၏။ လက်ထိပ်နောက်ပြန်ခတ်ထားသူမှာ မည်ကဲ့သို့ မှောက်နိုင်ပါမည်နည်း.။ မိမိကဘဲ ရဲများကိုပြောရတော့သည်။ မှောက်မရ ပက်လက် လှန်ဟုပြောကာ ပက်လက်လှန်ခိုင်းသည်။ ဦးဇင်းလေးကတော့စကားနည်းသူဖြစ်၍ ပက်လက်လှန်လိုက်သည်။ နောက်ဦးဇင်းမြင့်ဦး တက်တော့ ပက်လက်မလှန်နိုင် ထိုင် မည်ပြောသည်။ အပေါ်ကရဲက လက်မခံ အပြင်ကိုကြည့်ခွင့်မရှိဟုပြောသည်။ ခေါင်းငုံ့ ထားမယ်ကွာဟုပြောပြီး ရှေ့ပိုင်းတိုးကာထိုင်သည်။ ရဲကသိပ်မကြည်။ ထို့နောက် မိမိ တက်လိုက်သည်။ ဘာမှမပြောဘဲ တင်ပလ္လင်ခွေထိုင်လိုက်သည်။ ရဲကလည်းဘာမှမ ပြောတော့ ။ 

ထို့နောက်မိုးကာများချလိုက်ပြီးကားစထွက်သည်။ ဘေးတန်းမှ နေမိန္ဒ ခေါ် နေမင်းညို ဆိုသည့် ဦးဇင်းက ခြေထောက်ချင်းချိတ်ထိုင်နေသဖြင့် သူခြေဖျားမှာ မျက်နှာနှင့်အတည့်ဖြစ်နေ၍ ဖယ်ခိုင်ရာ မကြည်သလို မျက်နှာပေါက်နှင့် ခြေထောက် ကိုဖြုတ်မပေးချေ။ အော် သူက သင်္ကန်းလက်ရှိဆိုတော့ လူဝတ်နှင့်ကိုယ့်ကို တန်ဘိုးမထားတော့ပါ့လားဟု အောက်မေ့လိုက်သည်။ သိက္ခာမချရသေးတာကို သိလျှက်နှင့် ဝိနည်းကို မျက်ကွယ်ပြုလေရော့သလားဟုလည်း မေးလိုက်ချင်စိတ်ပေါက်လာသည်။ နောက်ဆုံး ဟေ့ကောင် မင်းထက် ငါဝါကြီးတယ် နားလည်လားလို့ ဒေါသနှင့်ပြောမှ ခြေထောက်ပြန်ဖြုတ်ပေးသည်။ ဤလိုဘုန်းကြီးမျိုးလည်းရှိပါသေးလားဟု မိမိကိုယ်ကို မိမိ သတိပေးလိုက်မိသည်။

အင်းစိန်သီးသန့်ထောင်ရှေ့ရောက်တာ့အနည်းငယ်မှောင်နေပေပြီ။ အချိန်မမီ တော့ဘူးဆိုကာ ထောင်တံခါးလှပ်မပေးတော့ချေ။ လိုက်ပို့သည့် ရဲက စကားပြောစက် နှင့်သတင်းပို့ ၊ ကားပေါ်မှပင် စောင့်နေရပြီးခဏနေတော့ စလွန်းရဲကားလေးများ ရောက်လာပြီး ထောင်ထဲဝင်သွားကြသည်။ မကြာလိုက်ပါချေ ထောင်တံခါးပွင့်လာပြီး ဝင်လို့ရပြီဟုပြောသံကြားရပါသည်။ ထောင်တံခါးပေါက်သေးသေးလေးကို ခေါင်းငုံ့ဝင် ရပြီး နံပတ်စဉ်အော်ရပါသည်။ ထောင့်တစ်နေရာတွင် ငုတ်တုတ်ထိုင်ခိုင်းထားပြီး တစ်ဦးချင်း အဝတ်အစားများချွတ်ကာရှာဖွေရေးလုပ်ကြတော့သည်။ မိမိတို့မှာ စစ်ကြောရေးကလာတာ ဘာပါမှာတုန်းလို့ပြောသော်လည်းကိုယ့်တာဝန်ကိုယ်လုပ်တာ သောက် ပေါက်တွေပိတ်ထားဟု အငေါက်ခံလိုက်ရသည်။ သင်္ကန်းနှင့် ဦးဇင်းသုံးပါးကိုလည်းပု ဆိုးအင်္ကျီများထုတ်ပေးပြီးလဲခိုင်းလိုက်သည်။ 

ရှာဖွေရေးပြီးတော့အခန်းထောင့်တွင် ထိုင်စေပြီး ခေါင်တွေငုံ့ထားမယ်။ ဘေးကိုဘယ်မှလှည့်မကြည့်နဲ့ မင်းတို့ဂုဏ်ပုဒ်တွေ ရာထူးတွေ ဗူးဝမှာချိတ်ပြစ်ခဲ့။ မင်းတို့မိုက်တယ်ဆိုတဲ့စိတ်တွေ ဗူးဝမှာချိတ်ပြစ်ခဲ့။ မင်း တို့ချမ်းသာတယ်ဆိုတာ ဗူးဝမှချိတ်ပြစ်ခဲ့ ကြားလားဟုအော်ပါသည်။ မိမိတို့ကလည်း ပြန်မဖြေ။ မအေ -ိုးတွေ ကြားလားလို့မေးနေတာ မကြားဘူးလားကွဟု မေးရင်း ဦးဇင်း လေးနောက်ကျောဆီက ဗြင်းကနဲ့ အသံကြားလိုက်ရသည်။ မိမိတို့အနေနှင့်ဦးဇင့်မြင့် ဦး၏သင်္ခန်းစာအရ ရောက်လျှင်ရောက်ချင်း လန့်အောင် ဦးချိုးသည်ဟုနားလည်ထားပြီး ပြုံးမိသည်။ ဦးဇင်းမြင့်ဦးက တိုးတိုးလေးဖြင့် ရဲဆီကနေ ထောင်ကလွှဲပြောင်းလက်ခံ နေတုန်း ခဏလေးသီးခံစောင့် နောက်ထပ်တံခါးတစ်ချပ်ဖွင့်ပြီးရင် ထောင်ထဲရောက် အေးဆေးဘဲဟု အားပေးပါသည်။ အော် ... မြန်မြန်လွှဲပြီးပါစေတော့ ….

(ဆက်ရန်)
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်)