ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - ဖေ့ (စ) ဘွတ်တော်လှန်ရေး

 ကိုသန်းလွင် - ဖေ့ (စ) ဘွတ်တော်လှန်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

(၁)
လွန်ခဲ့သော ၅နှစ်က ဖေ့ (စ) ဘွတ်တော်လှန်ရေးဟု ကျွန်တော်တို့ခေါ်ဆိုခဲ့ကြသော အာရပ်နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့်လူထုအုံကြွမှုများကို မှတ်မိကြပါလိမ့်ဦးမည်၊ အာရပ်နွေဦး (Arab Spring) ခေါ် အာရပ်နိုင်ငံများ၏ တော်လှန်ရေးမှအစ၊ Wall Street သိမ်းပိုက်ရေး၊ အင်စတန်ဘူ၊ Kiev ကိ (ဗ) နှင့် ပောာင်ကောင်တို့တွင် လှုပ်ရှားတက်ကြွသူများက လူအများကို ဖေ့ (စ) ဘွတ်မှတဆင့်စည်းရုံး ဖိတ်ခေါ်ခဲ့ကြပါသည်။  လူအများ လမ်းများပေါ်သို့ထွက်၍ စုဝေးမိသောအခါ အာဏာရှင်များ၊ ဖိနှိပ်ချုပ်ချယ် သူအစိုးရများကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

သို့ပါသော်လည်း ဆန္ဒပြပွဲများပြီးဆုံး၍ ရုတ်ရင်းဆန်ခတ်ဖြစ်ခါ မီးခိုးနှင့် ဖုံမှုန့်များ ပြယ်သွားသောအခါ တည်ငြိမ်ခိုင်ခန့်သော နိုင်ငံရေးပုံစံအသစ်ကို ထိုဆန္ဒပြမှုများက ဖန်တီးပေးနိုင်စွမ်းမရှိသည်ကို တွေ့ကြရပါသည်။ ဆိုရှယ်မီဒီယာများက ဖန်တီး လိုက်သော အုံကြွတော်လှန်မှုများသည် အာဏာရှင်များကို ဖြုတ်ချနိုင်ခဲ့ကြပါ၏၊ သို့ပါသော်လည်း ပြည်သူတို့လို လားသော စနစ်သစ်၊ လူ့ဘောင်အသစ်တို့ကိုမူ ဖန်တီးပေးနိုင်စွမ်းမရှိပါ။

ဤသို့ ဖြစ်ရခြင်းအတွက်အကြောင်းများစွာရှိပါလိမ့်မည်၊ လူတို့၏ အုပ်စုလိုက် အပြုအမူကို စိတ်ပညာ ပညာရှင်ကြီးများသာ သေချာစေ့ငု ရှင်းပြနိုင်ကြပါလိမ့်မည်။

ကျွန်တော်တို့ ပြောနိုင်သော အကြောင်းရင်းတခုမှာ ဖေ့ (စ) ဘွတ်မှသတင်းဖြန့်ချိရေးပုံစံကြောင့်ဟု ဆိုနိုင်ပါသည်။ အသေး အဖွဲ့အကြောင်းရာ လေးများစွာမှာ ဖေ့ (စ) ဘွတ်တွင် များစွာပုံကြီးချဲ့ခံခဲ့ကြရပြီး တော်လှန်ရေး၏ ပင်မရည်ရွယ်ချက်မှာ မှေး မှိန်သွားခဲ့ကြရသောကြောင့် ဖြစ်ပါသည်။ ဖေ့ (စ)  ဘွတ် ဖြင့်စုရုံးခဲ့ကြသော လူထုမှာ ထို ဖေ့ (စ) ဘွတ်ကြောင့်ပင် စိတ်ဝမ်း ကွဲပြားကုန်ကြပါသည်။

၂၀၁၆ ဇန္န၀ါရီလအတွင်းက အီဂျစ်နိုင်ငံသား (Mr Wael Ghonim) ဆိုသူ၏ TED Lecture (ted.com) ပောာပြောပွဲကို ကျွန် တော်တို့နားထောင်လိုက်ရပါသည်။ မစ္စတာ ဂိုနင်မှာ အီဂျစ်ပြည်၏ တီဟီရီ စကွဲယား (Tahrir Square) မှ လူထု လှုပ်ရှားမှုကို စတင်ဆော်သြခဲ့သူဖြစ်သည်။ သူသည် ယခုအခါ အမေရိကန်နိုင်ငံ ဂူဂဲလ်ကုမ္ပဏီ၏ ၀န်ထမ်းတဦးဖြစ်နေပါပြီ။

“သူသည် တချိန်က  အင်တာနက်သာရှိပါစေ၊ တရားမျှတပြီး လွတ်လပ်တဲ့ လူနေမှုစနစ်တခုကို ထူထောင်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်” ပာုဆိုသည်။

၂၀၁၀ ခုနှစ်ကသူသည် လုံခြုံရေးအရာရှိများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသော  Mr Khaled said ၏ဓါတ်ပုံကိုဖေ့ (စ) ဘွတ်မှတဆင့်တွေ့ခဲ့ရသည်။ ၂၉နှစ်အရွယ် အလက်ဇန္ဒြီးယားမြို့သား အီဂျစ်လူငယ်တဦး၏ဘ၀ကို ဂရုဏာသက်စွာဖြင့် “We are all Khaled Said” ဟူသော ဖေ့ (စ) ဘွတ် စာမျက်နှာတခုကိုဖန်တီးခဲ့သည်။ ထိုစာမျက်နှာကို လာရောက်ကြည့် ရှုသူပေါင်း သုံးရက်အတွင်း တသိန်းကျော်ဖြစ်လာသည်။

၂၀၁၁ခု ဇန်န၀ါရီလတွင် ကျူနီရှားနိုင်ငံ သမ္မတ ဘင်အလီမှာ ပြည်သူလူထုအုံကြွဆန္ဒပြမှုကြောင့် ပြည်ပသို့ ထွက်ပြေးရသည်။
သူ့အတွေးအခေါ်မှာ ကျူနီးရှားနိုင်ငံမှာ အာဏာာရှင်ကိုဒီလိုဖြုတ်ချ နိုင်ခဲ့ရင် အီဂျစ်ပြည်မှာလဲ ဒီလိုဘဲ ဖြုတ်ချနိုင်ရမည် ပာူ၍ဖြစ်သည်။ အီဂျစ်နိုင်ငံတွင် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ပြည်သူရဲတပ်ဖွဲ့နေ့ အလုပ် အားလပ်ရက်ဖြစ်သည်။ ၁၄ ရက်နေ့ တွင် ကြည့်ရှု့သူ သုံးသိန်းကျော်ကို ၂၅ ရက်နေ့တွင် တီဟီရီ စကွဲယား၌ စုရုံးကြရန် နှိုးဆော်ဖိတ်ခေါ်ခဲ့သည်။ ကြည့်ရှု့သူ တသန်းခွဲကျော်က သူ၏ဖိတ်ခေါ်ချက်ကို တုန့်ပြန်ခဲ့ကြပြီး ဆန္ဒပြသူ ထောင်သောင်းချီ၍ စုရုံးခဲ့ရာမှ အီဂျစ်နိုင်ငံတွင် အာ ရပ်နွေဦး လှုပ်ရှားမှု စတင်ဖြစ်ပေါ်လာခဲ့သည်။

ဖေ့ (စ) ဘွတ်စာမျက်နှာဖန်တီးသူ သူ့ကို အီဂျစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။ သူသည် ၁၁ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူလွတ်မြောက်ပြီး ၃ရက်အကြာတွင် မူဘာရက်အစိုးရ ပြုတ်ကျခဲ့ရပါ၏။

အစိုးရပြုတ်ကျသွားခဲ့သော်လည်း အုံကြွတော်လှန်သူများအကြား ညီညွတ်စည်းလုံခဲ့ခြင်းမရှိခဲ့ကြပါပာု သူကဆိုသည်။ ဆို ရှယ်မီဒီယာ၏သဘောမှာ အသေးအဖွဲ့ကိစ္စ၊ သာမာန်သဘောထား ကွဲပြားမှုကလေးများကိုလည်း အကျယ် အကျယ် ဖြစ် ကုန်ကြစေသည်။ ကောလဟာဠ သတင်းအမှားများကို လူအများ အပြားကြားသို့ရောက်အောင်ဖြန့်ချိပေးသည်။ ရည် ရွယ်ချက်အတူတူအလုပ်လုပ်သူ အချင်းချင်းအကြား အထင်အမြင်လွဲမှားကာ မုန်းတီးရေးစိတ်ဓါတ်ကို တိုးပွားစေခဲ့သည်။ ပါတ်ဝန်းကျင်တွင်အန္တရာယ် ရှိသောအဆိပ်များကိုသာ ပြန့်ပွားလာခဲ့စေသည်။ အွန်လိုင်းကမ္ဘာတွင် မကျေနပ်မှုများ စေ့စပ် မရနိုင်သော အကြီးအကျယ်သဘောထားကွဲပြားမှုတွေ ဖြစ်ကုန်ကြသည်။

စစ်တပ်နှင့်စစ်တပ်ထောက်ခံသူများ၊ ၀ါဒစွဲပြင်းထန်သူများ အချင်းချင်းကလည်း အင်တာနက်တွင် ပဋိပက္ခဖြစ်စေသော စကားတွေကိုသာ တွင်တွင်ပြောနေကြသည်။ သို့နှင့် တက်ကြွသော၊ မျိုးချစ်စိတ် ထက်သန်ကြသော လူနေမှုစနစ်ကို ပြောင်း လဲစေလိုကြသော လှုပ်ရှားတက်ကြွသူများမှာ ဘေးသို့ ရောက်ကုန်သည်။ ၀ိုင်းပါယ်ခြင်းခံကြရသည်။

တော်လှန်ရေးပြီးဆုံးသော် ယခင်ကအစွန်းရောက်ဟုသတ်မှတ်ထားခဲ့ကြသော Muslim Brotherhood နိုင်ငံရေးအဖွဲ့အစည်း ကို အာဏာရစေခဲ့သည်။ ဒီမိုကရေစီအစိုးရက တနှစ်တာအုပ်ချုပ်စဉ်အတွင်း ပေါ်လစီအမှား များကိုသာ ဆက်တိုက်ချ မှတ်ခဲ့သည်။ ပြဿနာပေါင်းများစွာနှင့် လုံးချာလိုက်နေခဲ့သည်။ အမြင်ကျယ်သော စီမံခန့်ခွဲမှုကို မတွေ့ကြရ၊  လူမှုအဆင့် အတန်းကို ထင်သာမြင်သာ တိုးတက်လာ အောင်မပြောင်းလဲစေနိုင်သောအခါ ပြည်သူထောက်ခံမှုကင်းမဲ့နေသော အစိုးရ ကိုဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းယူလိုက်သည်။

မိုဟာမက်ဂိုနင်အဖို့ စိတ်ပျက်ဖွယ်ရာ တော်လှန်ရေး၏ အကျိုးသက်ရောက်မှုများကြောင့် စိတ်ဓါတ် အကြီးအကျယ်ကျပြီး နှစ်နှစ်တာ တိမ်မြုတ် ပျောက်ကွယ်နေခဲ့သည်။ ထိုအချိန်မှာ မိမိလုပ်ရပ်ကို ငြိမ်သက်အေးဆေးစွာ ပြန်လည်သုံးသပ်ခွင့်ရသည့် အချိန်များ ဖြစ်ပါသည်။

(၂)
လူမှုကွန်ရက်နှင့်ပတ်သက်၍ သူ ပိုမိုနားလည်သဘောပေါက်ခဲ့ရပါသည်။ သူတို့သည် ကောလဟာဠ သတင်းများနှင့်ပါတ် သက်၍ ဘာလုပ်ရမှန်းမသိခဲ့၊ လူတို့ဆန္ဒစွဲနှင့် ဖန်တီးထားသော ထို တီးတိုးစကားများမှာ လူထုသန်းပေါင်းများစွာတို့အတွက် အမှန်တရားများ ဖြစ်ကုန်ကြသည်။

ကျွန်တော်တို့သည် မိမိတို့နှင့် အယူအဆတူညီသည်ဟု ယုံကြည်ကြသူအချင်းချင်းသာ ချိတ်ဆက်မိတတ်ကြသည်။ ကျွန် တော်တို့ မကြိုက်နှစ်သက်သူများကို Mute လုပ်၍ဖြစ်စေ၊ Un follow လုပ်၍ ဖြစ်စေ၊ Block လုပ်၍ဖြစ်စေ၊ ဘာသံမှမကြား ရအောင်လုပ်ထားနိုင်သည်။

 ခေါင်းအေးအေးထားပြီး စိတ်အေးလက်အေး ဆွေးနွေးရန်ရည်ရွယ်ထားသမျှမှာ တယောက်နှင့် တယောက်အကြီးအကျယ် ငြင်းခုန်ရသည့်အမုန်းဖန်တီးရေးပွဲကြီးများ အဖြစ်အဆုံးသတ်သွားရတတ်သည်။

တချိန်တည်းမှာပင် လူတို့သည် မိမိတို့၏ အယူအဆကို အသေဆုတ်ကိုင်ထားတက်ကြပြီး တဖက်လူ၏အမြင်ကို စာနာကြည့် ရန်ခက်ခဲနေတက်သည်။ လျင်မြန်စွာပြန့်နှန့်တတ်သောသဘောနှင့် သတင်းဖလှယ်ရာတွင်မြန်ဆန်မှုတို့ကြောင့် ကျွန် တော်တို့သည် သတင်းစုံလင်မှုမရှိဘဲ လျင်မြန်စွာကောက်ချက် ချလိုက်တတ်ကြသည်။ တခါတရံ ပြင်းထန်သော စကားလုံး အသုံး အနှုန်းဖြင့်လည်း ဝေဖန်အပုတ်ချတတ်ကြသည်။

ယနေ့ဆိုရှယ်မီဒီယာများမှာ စေ့စပ်ဆွေးနွေးနိုင်ဖို့ထက် မိမိအယူအဆကို အများသိအောင် ကြေငြာခြင်း (Broadcasting) သာလုပ်တက်ကြသည်။ ညှနှိုင်းတိုင်ပင်ခြင်းထက် တဖက်သတ် ၀ါဒဖြန့်ခြင်း၊ လေးလေးနက်နက်ဆွေးနွေးခြင်းထက်၊ အပေါ်ယံမှတ်ချက်များသာပေးနေတတ်ကြသည်။ တဖက်လူက ဘာပြန်ပြောသည်မသိ၊ နားလည်းမထောင် မိမိပြောလိုရာကိုသာပြောနေတက်ကြသည်။

ဆိုရှယ်မီဒီယာများမှတဆင့် လူအများကိုစည်းရုံးကာ အာဏာရှင်များကို ဖြုတ်ချနိုင်ခြင်းမှာ ကောင်းပါ သည်။ နိုင်ငံတခု၏ သမိုင်း တိုးတက်ကောင်းမွန်ရေးအတွက် အာဏာရှင်များကို ဖယ်ရှားရမည်ဆိုခြင်း မှာမှန်ပါသည်။ သို့ပါသော် လည်း တိုင်း သူပြည်သားအချင်းချင်း စည်းလုံးညီညွတ်ရေးတည်ဆောက်ပြီး ထူထောင်ရေးလုပ်ငန်းများ လုပ်ရန်အတွက်မူ ဤနည်း ဤပုံဖြင့်ဆိုလျင် ဖေ့ (စ) ဘွတ်များမှာ အဆင်သင့်မဖြစ်သေးပါ၊ မော်ဒရေတာ ခေါ် အတွေးအခေါ်အယူအဆ များနှင့်ပါတ် သက်၍ အမြော်အမြင်ရှိရှိ တည်းဖြတ်ပေးမည့် ပုဂ္ဂိုလ်များလိုနေပါသည်။ စည်းကမ်းထိမ်းသိမ်းမှုမရှိဘဲ အင်တာနက်က ကောင်းကျိုးများကိုဖန်တီးပေးနိုင်လိမ့်မည်မဟုတ်ပါ။

အင်တာနက်မှာ တိုင်းပြည်နှင့်အ၀ှမ်း လူပေါင်းများစွာတို့ကို သိမ်းသွင်းစည်းရုံးပေးနိုင်သည်နှင့်အတူ လူတို့ကို စိတ်ဝမ်းကွဲပြား၊ တခြားစီဖြစ်အောင် ကွဲပြားပေးနိုင်သည်ကိုလည်း သတိချပ်ကြရပါလိမ့်မည်။

စကားနိဂုံးအနေဖြင့် မိုဟာမက်ဂိုနင်က “လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်တော်ဟာ အင်တာနက်ရှိရင် လူတွေကိုလွတ်လပ်ရေးရအောင် ဆောင်ကျဉ်းပေးနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ အခုတော့ လူတွေ ကိုလွတ်လပ်စေချင်ရင် အင်တာနက်ကို လွတ်လပ်အောင် အရင်လုပ်ရမယ် လို့ယုံကြည်ပါတယ်” ဟု ဆိုခဲ့သည်။

ကိုသန်းလွင်

Ref: Social Media brings people together, tears people apart. By Thomas Friedman, New York Times