ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရစ် - စည်းကမ်းရှိသော ခြစားမှု၊ စည်ကမ်းတကျ ဒီမိုကရေစီ နဲ့ နိုင်ငံရေးနောင်တ


မောင်ရစ် - စည်းကမ်းရှိသော ခြစားမှု၊ စည်ကမ်းတကျ ဒီမိုကရေစီ နဲ့ နိုင်ငံရေးနောင်တ
(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၆) မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၆


အခုချိန်မှာဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အထူးသတိရနေမိပါတယ်။ ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီနဲ့ ပြည်သူလူထုကြီးရဲ့ တခဲနက်သော ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အောင်ပွဲကြီးကို မမြင်လိုက်ကြရတဲ့ ကွယ်လွန်ခဲ့ကြပြီ ဖြစ်တဲ့ အဝေးရောက် စာပေပညာရှင်ကြီးတွေဖြစ်တဲ့ ဆရာဦးတင်မိုးနဲ့ ကြေုးမုံဦးသောင်းတို့အပြင် ယုံကြည်ချက် အင်မတန် ခိုင်မာလှတဲ့ လူထုဒေါ်အမာတို့ကိုလည်း သတိရမိပါတယ်။ သူတို့တတွေ ၀မ်းသာ ဂုဏ်ယူကြလိမ့်မယ်၊ သူတို့ မကွယ်လွန်မီမှာ ရွေးကောက်ပွဲ အောင်ပွဲကြီးတခု မြင်တွေ့သွားကြမယ်ဆိုရင် ဘယ်လိုများ ပြောကြ ဆိုကြ လှုပ်ရှားကြမှာပါလိမ့်လို့လည်း တွေးနေမိပါတယ်။

ဆက်တွေးမိတာကတော့ ဆရာဦးဝင်းတင်နဲ့ နောက်ဆုံးပြောခဲ့တဲ့ စကားလက်ဆုံ ၂ ခု အကြောင်း ဖြစ်ပါတယ်။ ၁ ခုကတော့ စာရေးဆရာမကြီး ကွယ်လွန်သူ ဒေါ်ခင်မျိုးချစ်ဟာ သူ့ရဲ့ နိုင်ငံရေးဘ၀ကို ဂုဏ်မယူဘူး၊ နောင်တ တောင် ရတယ် ဆိုတာပါ။ ဒေါ်ခင်မျိုးချစ်အနေနဲ့ တသက်တာ ဂုဏ်ယူဝမ်းမြောက်တဲ့ဘ၀ကတော့ စာရေးဆရာဘ၀၊ အနုပညာသည်ဘ၀ပဲ ဖြစ်ပါတယ်။ ဒါက အဖွားဖြစ်သူ ကိုယ်တိုင်ပြောခဲ့တာပါ။ ဒါကို သက်သေက ကျန်ရစ်သူ ကျနော်တို့မိသားစု ကိုယ်တိုင်ဖြစ်ပါတယ်။

ဘာကြောင့်ပြောရသလဲဆိုတော့ … ၁၉၈၈ အရေးတော်ပုံကြီးမှာ သူ့မြေးတွေက အရေးအခင်းလှိုင်းလုံးကြီးတွေထဲ ကိုယ်သန်ရာ အားသာရာထဲ ခုန်ချကြတော့မယ်ဆိုတော့ သူကိုယ်တိုင်ပြောခဲ့တာ တခုရှိပါတယ်။ “ငါတို့တတွေ တာဝန်မကျေခဲ့လို့ မပြီးပြတ်သေးတဲ့ အာဏာရှင်တော်လှန်ရေးကို ငါ့သားမြေးတွေ ဆက်ပြီး ထမ်းကြရရှာတယ် …” ဆိုတာပါ။ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်မှုနဲ့ အောင်မြင်စွာ ရယူနိုင်ခဲ့ကြသော်လည်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို နောက်ဆုံးမတော့ အာဏာရှင် ဦးနေ၀င်းနဲ့တကွသော အပေါင်းအပါတွေ လက်ထဲကို ၀ကွက်အပ်ခဲ့ရတာကိုး။ သည်လိုနဲ့ တိုင်းပြည်ဟာ အာဏာရှင်လက်အောက်မှာ ဆက်လက်ပြီး လွတ်လပ်ရေးဆုံးရှုံးနေခဲ့ကြရတော့ သူတို့တတွေဟာ တာဝန်မကျေခဲ့ဘူး၊ မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းမှုသစ်ပင်ကို မစိုက်နိုင်ခဲ့ကြဘူးလို့ သဘောထားတယ်။ နောင်တရတယ်။ ဒါကြောင့် ဒေါ်ခင်မျိုးချစ်ကတော့ သူ့နိုင်ငံရေးလှုပ်ရှားမှုဘ၀ကို ဂုဏ်မယူဘူးလို့ ပြောတာပါ။

ကျနော်တို့ မျိုးဆက်တွေကကော ကျနော်တို့ရဲ့ လက်ရှိနိုင်ငံရေးဘ၀ကို ဂုဏ်ယူနိုင်ကြပြီလား၊ တာဝန်ကျေကြလို့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပါတယ်။ အဲသည်အကြောင်းကို ဆရာဦးဝင်းတင်ကို ပြောဆိုဆွေးနွေးမိပါတယ်။ ၁၉ ၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ တော်လှန်ရေးကောင်စီလက်အောက် သတင်းစာတွေ ထူထောင်တော့ ကျနော့် အဖိုးအဖွားတို့လည်း အားတက်သရော ပါခဲ့ကြတာကိုး၊ ၁၉ ၆၈ မှာ အာဏာရှင်တွေရဲ့ အတွင်းသရုပ်ထင်ရှားလာချိန်ကျမှ သူတို့တတွေ အလုပ်ကနေ ထွက်ပြီး ဆန့်ကျင်မှုကို ပြခဲ့ကြပေမယ့် အာဏာရှင်ယန္တယားကြီးက အရှိန်ရ ရှင်သန်နေပြီမို့ တော်လှန်ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကို ပြောင်းခဲ့၊ နိုင်ငံရဲ့ မျိုးဆက် ၂ ဆက်လောက်ဟာ အာဏာရှင်လက်အောက်မှာ ပေးဆပ်ရင်းနှီးခဲ့ရတယ် မဟုတ်လား။

အခုကော ဘာထူးလဲ။ ပါတီစုံဒီမိုကရေစီခေတ်ကို ရောက်ဖို့ အနှစ် ၂၀ ကျော် ဖြတ်သန်းလာရတဲ့လမ်းမှာ … အခုချိန်လည်းကျရော မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလမ်းစဉ်ကို အတော်များများသော တော်လှန်ရေးသမားဆိုသူတွေက အားတက်သရော လျောက်ကြဖို့ ရုန်းကန်လှုပ်ရှားနေကြပါပြီ။ ဘယ်တော့များကျမှ “ဟာ … နောက်ဆုံးတော့ တလွဲတွေပါပဲလား” ဖြစ်ကုန်မှာကို စိုးရိမ်မိပါတယ်။ အဲသည်ကျမှ ကိုယ်ရွေးချယ်ခဲ့မိတဲ့ နိုင်ငံရေးဘ၀ကို ဂုဏ်မယူဘူးလို့ နောင်တစကား ပြောကြမှာကို မဖြစ်စေချင်ပါ။ အချိန်တွေ ကုန်တဲ့အပြင် မျိုးဆက်တွေပါ ပြုန်းတီးကုန်ကျမှာကိုး။

ဆရာဦးဝင်းတင်ကတော့ ပြတ်သားတဲ့အမြင်နဲ့ ဖြတ်သန်းမှုရှိတဲ့သူဖြစ်တဲ့အတွက် အာဏာရှင်စနစ်ကို အပြီးသတ် အဆုံးသတ်နိုင်ဖို့ကိုပဲ ရွေးချယ်ထားသူဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ မူလပကတိ အတွင်းသရုပ်ကို မျက်ခြေမပြတ်သူဖြစ်တာမို့ သူကိုယ်တိုင်ကလည်း ပေါ့ပေါ့ဆဆ သဘောမထားသလို၊ သူ့ဦးဆောင်မှု ခေါင်းဆောင်မှုမှာလည်းပဲ လျော့မတွက်ဖို့၊ အလွန်အကျုး အကောင်းမမြင်ဖို့ဆိုတဲ့ သတိကို ကြီးစွာ ထားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း သေရာညောင်စောင်းကနေ ကျုပ်ကတော့ အာဏာရှင်တွေကို “အဟမ်း အဟမ်း ထွီ” ပဲလို့ ပြောခဲ့တာပေါ့။ ဆရာရဲ့ ဘ၀ဖြတ်သန်းမှုမှာ နိုင်ငံရေးဘ၀ကော၊ စာပေနဲ့ အနုပညာဘ၀မှာပါ သူ့ကိုယ်သူ တာဝန်ယူသူ၊ ဂုဏ်ယူသူ၊ နောင်တမရဘဲ ၀မ်းမြောက် တည်ဆောက်သူတဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

နောက် တချက် ပြောမိခဲ့တဲ့ စကားလက်ဆုံကတော့ “စည်းကမ်းရှိတဲ့ ခြစားမှု” အကြောင်းပါ။ အနောက်နိုင်ငံက သုံးသပ်ချက်တွေ၊ အစီရင်ခံစာတွေမှာ အစိုးရတွေ၊ ကော်ပိုရေးရှင်းတွေ၊ အင်န်ဂျီအိုကတွေက အာဏာရှင်နိုင်ငံတွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေကို ပြုပြင်ပြောင်းလဲမှုတွေ ၀င်ရောက်လုပ်ဆောင်တဲ့အခါမှာ “ပြောင်း” လုပ်လို့ မရရင် “ပေါင်း” လုပ်ကြတဲ့ အကြောင်းတွေထဲက “စည်းကမ်းရှိတဲ့ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု” အကြောင်းဖြစ်ပါတယ်။ ‘disciplined corruption’ ပေါ့ဗျာ။ အာဏာရှင်တွေရဲ့ အသိုင်းအ၀ိုင်းကို ဗရမ်းဗတာ လာဘ်စားနေတဲ့အကျင့်ကနေ စည်းနဲ့ စနစ်နဲ့ ဆုပေးဒဏ်ပေးနဲ့ လာဘ်စားကြဖို့၊ ခြစားကြဖို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ငွေကြေး အကျိုးအမြတ် အခွင့်အလမ်း မက်လုံးတွေပေးပြီးတော့ ပရိုဂျက်များ၊ စီမံကိန်းများ၊ မူဝါဒများကို ချမှတ်အကောင်အထည် ဖော်စေတာ ဖြစ်ပါတယ်။ လုပ်ဆောင်မှုတွေ အကောင်အထည်ဖော်တဲ့အခါ ရလဒ်တွေကို ကြည့်ပြီး တိုင်းတာပြီးတော့ အာဏာရှင်တွေ၊ အပေါင်းအပါတွေကို ကြောင်ကလေးများလို လိမ္မာယဉ်ကျေး သိတတ်လာအောင် မြူဆွယ် ထိန်းကြောင်း သင်ကြားပေးကြရတယ်လို့ သူတို့က ဆိုပါတယ်။ မသိတတ်တဲ့ကလေးတယောက်ဟာ တဦးတည်း မုန့်ခိုးစားနေရာကနေ သူများနဲ့ဝေမျှစားလို့ မိသားစုကနေ “လိမ္မာလိုက်တာ၊ တော်လိုက်တာ” လို့ ၀ိုင်းဝန်း ချီးမွန်း အသိအမှတ်ပြုခံရတာကို သာယာပြီး ပြောင်းလဲလာတဲ့ သဘောပေါ့ဗျာ။ လူဆိုးတွေကလည်း ခိုးဆိုးတိုက်ခိုက်ထားတာတွေကနေ လှူလိုက် တန်းလိုက်လုပ်မိရာက သူတော်ကောင်းစိတ်ဝင်လာရအောင်၊ လူရာသူရာ ၀င်လာလို့ အပြောအဆို အသိပညာ ဆင်ခြင် ပြုပြင်လာအောင် သင်ကြားပေးကြတဲ့ သဘောပေါ့။ သို့သော်လည်း သမိုင်းတလျောက်မှာတော့ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဆိုတာ ယဉ်ကျေးလိမ္မာ ပြောင်းလဲ ပြုပြင်လာတယ်ဆိုတာ မှတ်တမ်းမှတ်ရာ မရှိပါ။ အနောက်တိုင်း ဒီမိုကရေစီသမားတွေရဲ့ ပေးကမ်းဇာတ်သွင်းမှုတွေကို နာယူပြီးတော့ အတိတ်က ဆိုဗီယက်ယူနီယမ်ကြီးကို ထုခွဲလိုက်မိလို့ စိတ်မကောင်းတွေဖြစ်နေခဲ့တဲ့ လက်ရှိရုရှားအာဏာရှင် ပူတင်ဟာ အင်အားသုံးပြီးတော့ ရုရှားအမျိုးသားအင်ပါယာကို ပြန်ထူထောင်ဖို့ ကြိုးပမ်းနေပြန်တာပါပဲ။

ဆရာနဲ့ စည်းကမ်းရှိသောခြစားမှုဖြင့် စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ကို ထူထောင်ရေးအကြောင်း ပြောမိတော့ ဆရာက “မင်းတို့အနောက်တိုင်းက ပညာရှင်တွေက သူတို့ပေတံတွေနဲ့ တိုင်းထွာပြီး စကားတတ်တိုင်းပြောနေတော့တာပဲကွာ” လို့ မှတ်ချက်ပေးပါတယ်။ ဆရာအနေနဲ့ကတော့ “စည်းကမ်းရှိသော လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု” နည်းလမ်းကို နှစ်သက်သူ မဟုတ်ပါ။

သည်လိုမျိုး စည်းကမ်းရှိသော ဒီမိုကရေစီတွေ၊ စည်းကမ်းရှိသော ခြစားမှုတွေနဲ့သာ စည်းကမ်းရှိသော မြန်မာ့လူဘောင်လောကကြီးသာ တည်ဆောက်ကြမယ် ဆိုရင်တော့ နောင်တချိန်မှာ နိုင်ငံရေးနောင်တပဲ ရကြဖို့ပဲ ရှိလိမ့်မယ်လို့ ကျနော်တို့ကတော့ ယူဆပါတယ်။ ဂုဏ်ယူဖွယ် နိုင်ငံရေးဘ၀ဆိုတာကို မှတ်တမ်းတင်နိုင်ခဲ့မယ် မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ နောင်မျိုးဆက်သစ်တွေဟာ ခေတ်သစ် အာဏာရှင်တွေ လက်အောက်မှာ ခြေဖ၀ါးအောက်မှာ ခေတ်သစ်ကျေးကျွန်တွေအဖြစ် ဆက်လက်ရှင်သန် ရုန်းကန်နေကြရဦးမယ်။ အဲသည်အခါကျရင် ငါတို့ခေတ်တုန်းက ငါတို့ညံ့ခဲ့ကြလို့ နောင်တခေတ်က ငါ့သား ငါ့မြေးများ ပင်ပန်းဆင်းရဲကြရှာတယ်။ သနားလိုက်တာ ကွယ် … ကျွတ် ကျွတ် ကျွတ် ဆိုပြီး သေရာညောင်စောင်းမှာ “အဟမ်း အဟမ်း ထွီ” မလုပ်နိုင်ဘဲ “အဟွတ် အဟွတ် … ကျွတ် ကျွတ် ကျွတ် ” စုတ်တသတ်သတ်နဲ့ နောင်တမရကြစေချင်ပါ။

ဆရာဦးဝင်းတင်နဲ့ သည်ဘ၀မှာ ဆုံတွေ့ခွင့်ရတဲ့အတွက် ကျနော်တို့ တသက်တာ နောင်တမရဘဲ ၀မ်းမြောက် ဂုဏ်ယူနေရမှာ ဖြစ်ပါတယ်။ အခြားတဖက်က သူတို့တတွေနဲ့ အပေါင်းအပါတွေနဲ့ “ပေါင်း” ခွင့် မရလို့ ကျနော်တို့ကတော့ တသက်လုံး နောင်တရမည် မဟုတ်ပါ ခင်ဗျား။