ဂါမဏိ ဘာသာပြန် - ဗမာစစ်တပ်နဲ့ ကိုယ်ပွားတပ်များ

သမ္မတဦးသိန်းစိန်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် တို့ တွေ့ဆုံစဉ်က (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
ဂါမဏိ ဘာသာပြန် - ဗမာစစ်တပ်နဲ့ ကိုယ်ပွားတပ်များ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆


၁၉ ရာစုကပြင်သစ်နိုင်ငံရေးရဲ့ အကွေ့အချိုးတွေအကြောင်း ကားလ်မာ့က်စ်ရဲ့ နာမယ်ကျော်တွေးမြင်ချက်အရ သမိုင်း ဟာ တပတ်ပြန်လည်တဲ့အခါ ပထမဆုံး ကြေကွဲစရာနဲ့လာပြီး နောက်တော့ ပျော်စရာနဲ့ပေါ်လာတယ်တဲ့။

တကယ်လို့သာ သူဟာ ဗမာပြည်က မကြာသေးတဲ့အဖြစ်အပျက်တွေကို စဉ်းစားဆင်ခြင်ဖို့ အခွင့်အလမ်းရခဲ့ရင် တခါ တလေမှာ သမိုင်းဟာ ဇာတ်ကြောင်းနှစ်မျိုးစလုံးကို တချိန်ထဲတပြိုင်ထဲ တပတ်ပြန်လည်တတ်တယ်ဆိုတာကို တွေ့ရ လို့ အံ့အားသင့်သွားနိုင်တယ်။

ဗမာနိုင်ငံတိုင်းရင်းသားပဋိပက္ခရဲ့ ကာလရှည်အလွမ်းဇာတ်ထုပ် လက်ရှိနောက်ဆုံးခန်းမှာတော့ ပြီးခဲ့တဲ့အောက်တို ဘာလတုံးကဘဲ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဆိုတာကို လက်မှတ်ထိုးခဲ့တဲ့ အဓိကလက်နက်ကိုင် အဖွဲ့တခုရဲ့ လှုပ်ရှား သရုပ်ဆောင်မှုတွေဟာ စစ်ပွဲသစ်တရပ်နဲ့ ထူးထူးခြားခြားတူနေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲသစ်မှာ တော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ တပ်မတော် သို့မဟုတ် ဗမာစစ်တပ်နဲ့ တိုက်နေတာ မဟုတ်ဘဲ ဗမာစစ်တပ်နဲ့တွဲပြီး NCA ထဲပါဖို့ငြင်းခဲ့တဲ့ နောက်ထပ်တိုင်းရင်းသားအစုတခုကို တိုက်နေတာဖြစ်တယ်။

NCA ကို နောက်ဆုံးလက်မှတ်ထိုးခဲ့တဲ့ မထင်မရှားနှစ်ယောက်တပိုင်းအဖွဲ့အများစုပါ ရှစ်ဖွဲ့ထဲမှာ RCSS ဟာ သိသာမြင် သာတဲ့ စစ်အင်အားရှိတယ်လို့ လက်တွေ့ဝင့်ကြွားနိုင်တဲ့ တခုတည်းသောအဖွဲ့ဖြစ်တယ်။ ဘိန်းဘုရင်ခွန်ဆာရဲ့ ပါးနပ် လယ်ဝယ်လှတဲ့ လက်ရုံးဟောင်း ယွက်စစ်ဦးစီးတဲ့ ဒီအဖွဲ့မှာ ခန့်မှန်းခြေအားဖြင့် စစ်သား ၆၀၀၀ က ၇၀၀၀ လောက် ရှိနေပြီး အများစုကတော့ ထိုင်းနိုင်ငံရဲ့ မြောက်ဘက်နယ်စပ်တလျှောက် အခြေစိုက်ကြတယ်၊ တပ်ဖွဲ့ငယ်လေးတခုက တော့ ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်နားမှာရှိတယ်။

မကြာသေးတဲ့နှစ်တွေမှာတော့ RCSS ဟာ စစ်တိုက်တဲ့အလုပ် သိတ်မလုပ်နေခဲ့ပါဘူး။ ရှမ်းပြည်အလယ်ပိုင်းဒေသ တွေမှာတော့ သူတို့နဲ့ လူမျိုးတူညီအစ်ကိုတွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (SSA)၊ တနည်းအားဖြင့် SSA-မြောက် ပိုင်းလို့လဲ ခေါ်တဲ့အဖွဲ့ဟာ မြန်မာစစ်တပ်က ထပ်တလဲလဲထိုးစစ်တွေနဲ့ ပစ်မှတ်ထားတာကိုခံနေရပေမဲ့ ယွက်စစ်လူတွေ ကတော့ ပြည်နယ်တောင်ပိုင်းမှာ ရွှေတူးတာနဲ့ သစ်လုပ်ငန်းတွေ အဓိကထားတဲ့ စီးပွားရေးအကျိုးစီးပွားတွေကိုဘဲ အာရုံစိုက်နေခဲ့တယ်။ ထိုင်းနယ်စပ်တလွှားနဲ့ ထိုင်းနယ်စပ်ဖြတ် မူးယစ်ဆေးဝါးကုန်သွယ်မှု အထိန်းအကွပ်မရှိသောင်း ကျန်းနေတဲ့အထဲမှာ RCSS ပါဝင်နေတယ်လို့သံသယရှိတဲ့အတွက် ကုလသမဂ္ဂရော၊ အနောက်တိုင်းကမူးယစ် ဆေးဝါးတိုက်ဖျက်ရေးဌာနတွေကပါ စစ်ဆေးစောင့်ကြည့်တာကိုလည်း ခံနေရတယ်။

NCA ဟာ ပိုမိုကျယ်ပြောတဲ့ စီးပွားရေးအခွင့်အလမ်းတွေအတွက် တံခါးဖွင့်ပေးလိုက်ပုံရတယ်။ နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်က အပစ်ရပ်ပွဲ တခမ်းတနားလုပ်ခဲ့ပြီးမကြာခင်မှာ RCSS စစ်သား ၂၀၀ လောက်ပါတဲ့ တပ်ဖွဲ့ တဖွဲ့ဟာ ထိုင်းနယ်စပ်မှာရှိတဲ့ဌာနချုပ်ကထွက်ခွာပြီး တရုတ်နယ်စပ် နမ့်ခမ်းက တပ်ဖွဲ့လေးကို အင်အားဖြည့်ဖို့ မြောက် ဘက်ကိုဦးတည်ခဲ့တယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ နမ့်ခမ်းမြို့နယ်နဲ့၊ မဝေးလှတဲ့ မန်တုံမြို့နယ်တွေမှာ ရှမ်း ခရီးရှည်ထိုး ဖောက်အဖွဲ့ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒေသခံတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကြတယ်။ ပလောင်တိုင်းရင်းသား TNLA ဟာ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA)၊ SSA-မြောက်ပိုင်းနဲ့ ကိုးကန့်သူပုန်တို့ ပါဝင်တဲ့ မြောက်ပိုင်းသူပုန်များရဲ့ လျော့ရဲရဲတပ်ပေါင်းစုထဲက တဖွဲ့ဖြစ်နေတာ၊ သူတို့ဟာ NCA ကို အင်မတန်အပြစ် အနာအဆာများတယ်လို့ ယူဆပြီး လက်မှတ်ထိုးဖို့ငြင်းပယ်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်နေတာဟာလည်း တိုက်ဆိုင်မှု မဟုတ်ပါဘူး။

RCSS တပ်တွေကို ဗမာစစ်တပ်ရဲ့ ခြေမြန်တပ်မ ၇၇ နဲ့ ၈၈ တပ်ဖွဲ့တွေက ထောက်ကူပေးတယ်လို့ တိုက်ပွဲဖြစ်ပြီး ချက်ခြင်းလိုလိုဘဲ TNLA ကစွပ်စွဲခဲ့တယ်။ ဒီစွပ်စွဲချက်ကို RCSS ခေါင်းဆောင်ယွက်စစ်က "လုံးဝမှားယွင်းတယ်" လို့ အမြန်ပယ်ချခဲ့တယ်။ ဒါပေမဲ့ ရှမ်းစစ်သား ၂၀၀ ကျော်ပါတဲ့တပ်တတပ် ထိုင်းနယ်စပ်ကနေ တရုတ်နယ်စပ်အထိ ရောက်အောင် ရှမ်းပြည်တနံတလျား လမ်းတလျှောက် မြို့နယ်တိုင်း စစ်တပ်တွေ တပ်စခန်းတွေချထားတဲ့ စစ်တပ်ကြီး တခုရဲ့ ဟန့်တားမှုမခံရဘဲ ဘယ်လိုခရီးသွားနိုင်ခဲ့သလဲ ဆိုတာကိုတော့ RCSS-ဗမာစစ်တပ် ပူးပေါင်းဆောင်ရွက်မှု သတင်းတွေက အဖြေပေးနေတယ်။

စွပ်စွဲမှုတွေနဲ့ ငြင်းဆန်မှုတွေနဲ့ နိုဝင်ဘာလကုန်ပိုင်းက စလာခဲ့တာက ပြီးခဲ့တဲ့လမှာတော့ တော်တော်ကြီးရှင်းလင်းလာ တယ်။ ဇန်နဝါရီလလယ်ပိုင်းက ချင်းမိုင်ကိုရောက်လာတဲ့သတင်းတွေအရ ပိုအင်အားကြီးတဲ့ RCSS တပ်ဖွဲ့ ဒုတိယ အသုတ် အင်အား ၃၀၀ လဲ မြောက်ဘက်ကိုထွက်သွားတယ်၊ ဒီတခေါက်မှာတော့ ဗမာစစ်တပ် ကုန်ကားကြီးတွေနဲ့ သွားကြတယ်လို့ ဖော်ပြနေတယ်။ ဒီနောက်ပိုင်းမှာ RCSS နဲ့ TNLA ကြား နောက်ထပ်တိုက်ပွဲတွေဖြစ်လာပြီး တိုက်ပွဲ နယ်မြေကလည်း မန္တလေး-လားရှိုးလမ်းတလျှောက် အနောက်ဘက် နမ့်ဆန်၊ သီပေါ၊ ကျောက်မဲကို ကျယ်ပြန့် သွားခဲ့တယ်။

အစောပိုင်းက ယွက်စစ်ရဲ့ငြင်းဆိုမှုတွေနောက်ပိုင်း ဒီအဖြစ်အပျက်တွေကို RCSS သို့မဟုတ် ဗမာစစ်တပ်ဘက်က ဘာမှ လူသိရှင်ကြားထုတ်ပြောတာ မရှိတော့ဘူး။ ဒါပေမဲ့ များပြားလှတဲ့သက်သေအထောက်အထားတွေအရ NCA မှာ RCSS ပါဝင်လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးအတွက် ဒါလောက်မဟုတ်ဘဲ ဗမာစစ်တပ်နဲ့ နှစ်ဘက်အကျိုးတူ မဟာ မိတ်ဖွဲ့တဲ့သဘော ပိုဖြစ်နိုင်တယ်လို့ ယူဆရတယ်။

အဲသလို မဟာမိတ်ဖွဲ့တာက နှစ်ဖက်စလုံးအတွက် အကျိုးရှိနေတယ်။ ၂၀၁၅ ခုနှစ်ဆန်းမှာ ကိုးကန့်စစ်ပွဲ ပေါ်ပေါက် လာကတည်းက ဗမာစစ်တပ်ဟာ ဗမာပြည်မြောက်ပိုင်းတလွှား စစ်မျက်နှာအများကြီးဖွင့်ထားရပြီး အလွန့်ကို မနိုင် မနင်းဖြစ်နေခဲ့တယ်။ RCSS ကို မြောက်ဘက် အလုံးအရင်းနဲ့ ချီတက်ခိုင်းပြီး ခေါင်းမာတဲ့ TNLA ကို ချခိုင်းတာဟာ စစ် ပွဲထဲမှာ ဗမာစစ်တပ်ဘက်က အင်အားသိသိသာသာကြီးတိုးလာစေတယ်၊ တချိန်ထဲမှာ ရှမ်းပြည်နယ်ထဲက တိုင်းရင်း သားအသိုင်းအဝိုင်းပေါင်းစုံကြား ရန်မီးပွားတွေ နောက်ထပ်ဖွပေးတာလဲ ဖြစ်တယ်။

အခုလို သောင်းကျန်းသူဆန့်ကျင်ရေးလက်ခွဲလုပ်ငန်း (out-sourcing counter-insurgency) မဟာဗျူဟာမှာ ဒုတိယ စင်ပြိုင်လက်တံတချောင်းလဲ ရှိနေတယ်။ အဲဒါကတော့ မကြာသေးခင်က ကချင်ပြည်နယ်တောင်ပိုင်းက ရှမ်းတိုင်းရင်း သားရပ်ရွာလူထုကြားမှာ ဗမာစစ်တပ်က ထူထောင်ပေး လက်နက်တပ်ဆင်ပေးပုံရတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဆိုတဲ့အဖွဲ့သစ်နဲ့ပတ်သက်နေတယ်။ ဒီကိစ္စမှာလဲ ရည်မှန်းချက်က ရှင်းလင်းတယ်၊ ဒေသတွင်းက တိုင်းရင်း သားတင်းမာမှုတွေကို မီးထိုးပေးဖို့၊ တနည်းအားဖြင့်ပြောရရင် လွှမ်းမိုးကြီးစိုးနေတဲ့ KIA ကို ဖြိုခွဲဖို့ဘဲဖြစ်တယ်။

ကိုယ်ပွားတပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ သမိုင်းဟာ တပတ်ပြန်လည်နေပြီ။ ဗမာစစ်တပ်ဟာ ၁၉၉၀ ခုနှစ်တွေတုံးကလဲ အခုလိုဘဲ သွေးခွဲစိုးမိုးရေးမဟာဗျူဟာသုံးပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို တောင်ဘက် ထိုင်းနယ်စပ် သွားခိုင်းပြီး ရှမ်းတွေနဲ့တိုက်ခိုင်းခဲ့တယ်၊ ကရင်အမျိုးသားအစည်းအရုံးကိုတိုက်ဖို့လဲ ခွဲထွက်တဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော်ကို ထောက်ပံ့အားပေးခဲ့တယ်။

လောလောဆယ်မှာ RCSS အဖို့ ကိုယ့်ရဲ့နယ်ပယ်ကို ထိုင်းနယ်စပ်ကနေ ရှမ်းပြည်မြောက်ပိုင်းအထိ ချဲ့ထွင်လိုက်တဲ့ အတွက် လက်တွေ့အကျိုးကျေးဇူးတွေလဲ ရနေတယ်။ အကျိုးအမြတ်တချို့က နိုင်ငံရေးပိုင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်က တည်းက ရှမ်းပြည်နယ် အနောက်မြောက်ဘက်မှာ ပြိုကျသွားတဲ့ SSA-မြောက်ပိုင်းကိုဆက်ခံသူအဖြစ် ယွက်စစ်အဖွဲ့က ရှမ်းပြည်သူတွေအကြား နာမယ်ယူမှာ သေချာသလောက်ဖြစ်တယ်။ အခုဆိုရင် SSA-မြောက်ပိုင်းဟာ ရှမ်းပြည် အလယ်ပိုင်း သံလွင်မြစ်နားရှိတဲ့ဌာနချုပ်အပေါ် ဗမာစစ်တပ်ရဲ့အနီးကပ်ဖိအားနဲ့ တောက်လျှောက်ရင်ဆိုင်နေရတယ်။

မြောက်ပိုင်းမှာ ဘိန်းဖြူနဲ့စိတ်ကြွဆေး နှစ်မျိုးစလုံး အကြီးအကျယ်ထုတ်လုပ်နေတာရှိတဲ့အတွက် RCSS အတွက် စီးပွားရေးအခွင့်အလမ်းတွေလဲ ရှိနိုင်တယ်လို့ သံသယဝင်စရာအလားအလာရှိနေတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော် အတွင်း TNLA ရဲ့ တိုက်ခိုက်မှုတွေ များသထက်များလာလို့ မူးယစ်ဆေးအများဆုံးထုတ်ခဲ့ရာက ချိနဲ့သွားခဲ့တဲ့ ဒေသခံ အစိုးရဘက်သား "ပြည်သူ့စစ်" အဖွဲ့တွေဟာ RCSS တပ်တွေ ဝင်လာလို့ အားကိုးရာရသွားနိုင်တယ်။

ဗမာပြည်မှာ ကြေကွဲစရာဇာတ်ထုပ် တပတ်လည်နေချိန်မှာ ပျော်စရာအမြူးဇာတ်ကိုတော့ ဥရောပမှာ ကနေတယ်။ RCSS တပ်တွေ စစ်ပွဲသစ်အတွက် စစ်မျက်နှာသစ်ဖွင့်ဖို့ မြောက်ဘက်ကို ဗမာစစ်တပ်ရဲ့ကုန်ကားကြီးတွေနဲ့ သွားနေ ချိန်မှာ ယွက်စစ်ဟာ သူ့ရဲ့ RCSS နောက်ပါခြွေရံတွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့တွေ့ဆုံဆွေးနွေးရေးသူရဲကောင်းကြီး အဖြစ် ဆွစ်ဇာလန်အစိုးရရဲ့ ဧည့်ခံပြုစုမှုကို ခံယူနေတယ်။ NCA လက်မှတ်ထိုးတဲ့အတွက် ဆုလာဘ်ဖြစ်ပုံရတဲ့ သိုသိုသိပ်သိပ် ဆွစ်ဇာလန်ခရီးစဉ်ဟာ တိုင်းရင်းသားနိုင်ငံရေးရဲ့ အကြမ်းပတမ်းမှုတွေက အနားရပြီး အပစ်အခတ်ရပ်စဲရေး ယန္တရားတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ အရှုပ်အထွေးတွေကို လေ့လာနိုင်ဖို့ အခွင့်အလမ်းရသွားစေတယ်။

ဒီ စားရိတ်ငြိမ်းခရီးစဉ်အတွက် ဆွစ်ဇာလန်အခွန်ထမ်းတွေ ဘယ်လောက်ကျခံရတယ်ဆိုတာကိုတော့ သမိုင်းမှာဖော်ပြ မှာမဟုတ်ပေမဲ့ ဗမာပြည်ကို စီးပွားရေးအတွက် အပြီးအပြတ် တရားဝင်ဖွင့်လိုက်ပြီလို့ ကြေညာဖို့ စိတ်အားထက်သန် နေတဲ့ အနောက်တိုင်းအစိုးရတွေက "ငြိမ်းချမ်းရေးလုပ်ငန်း" ကို ဒေါ်လာကုဋေပေါင်းများစွာ ပုံအောပေးနေတဲ့ နောက်ခံ ကားချပ်ကျယ်ကျယ်ထဲမှာ အသေးအဖွဲဘဲဖြစ်မှာ သေချာပါတယ်။

ယွက်စစ်ဟာ ဆွစ်ဇာလန်ရဲ့ ကောင်းမွန်သောအစိုးရပုံစံတွေကို ထိတွေ့ရလို့ ဘယ်လောက်အကျိုးရှိသလဲ ရှင်းရှင်း လင်းလင်းမသိရပါ။ ဒါပေမဲ့ သေချာတာကတော့ အခု အိမ်ကွင်းကိုသူပြန်ရောက်တဲ့အခါ အပစ်အခတ်ရပ်စဲရေးရဲ့ စံပြ ကြော်ငြာမောင်လေးဟာ ပိုပြီးကြီးထွားကျယ်ပြန့်လာနေတဲ့စစ်ပွဲနဲ့ အဲဒါနဲ့တပါတည်းပါလာမယ့် စီးပွားရေးအခွင့်အလမ်း တွေဘက် အာရုံစိုက်နေမှာ ဖြစ်ပါကြောင်း။

မူရင်း- ဖေဖော်ဝါရီ ၇ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ အန်ထော်နီဒေးဗစ္စ (ဂျိန်းထောက်လှမ်းရေးစာစောင် လုံခြုံရေးဆိုင်ရာအတိုင်ပင်ခံနဲ့ သုံးသပ်ဆန်းစစ်သူ) ၏ အတွေးအမြင်ဆောင်းပါး