နီဇူလိုင် - “ထုံကူးပွဲ”


နီဇူလိုင် - “ထုံကူးပွဲ”
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆

(၁)
နှင်းနဲ့ မြူ. မသဲကွဲတဲ့ ဖေဖော်ဝါရီလ..
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ.. ရွာလေးတရွာမှာ
ကျောင်းသားရဲဘော် ကိုအောင်ကျော်ကို မွေးဖွါးခဲ့။
နောက် ...
ကိုးဆယ့်ကိုးနှစ် အကြာ
အဲ့ဒီ ဖေဖော်ဝါရီမှာပဲ
အသက်တစ်ရာ ကိုအောင်ဆန်းနဲ့အတူ
တို့မြို့ လေးကို
ကိုအောင်ကျော် ရောက်လာခဲ့။

မြင်းခွါတချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်ဆိုတဲ့
“ကိုဗဟိန်း”လည်း ပါတယ်..။
မီးလျှုံထဲက ကြာ တပွင့်ပမာ.. ..
“မအမာ”လည်း ပါတယ်..။
“ကျောင်းသားသွေး မြေခတဲ့အကြောင်း”
ဒိုးဒိုးဒေါက်ဒေါက် ကမ္ဘာ့တံခါးကို ခေါက်နိုင်တဲ့
“မခင်မြ(ခင်မျိုးချစ်) ” လည်းပါတယ်..။

တက်ဘုန်းကြီး ကိုသိန်းဖေ
အိုးဝေ ကိုညိုမြ
ဒဂုန်တာရာ
သူတို့ အကုန်ပါတယ်.။
သူတို့ အကုန်ပါတယ်..။
နေပူပူမှာ
စွေးစွေးနီ လွင့်လက်နေတဲ့
သူတို့ရဲ့ ခြေလှမ်းသွက်သွက်တွေဟာ..
မိုင်ပေါင်း ရာချီလာတယ်..။
(၂)

လမ်းမထက် ကျတဲ့ သွေးတွေ..
ပျောက်ပျက် မသွားသေးကြောင်း
ကမ္ဘာမကြေဘူးတေးနဲ့  အဖိုးမှိုင်းကို တ
ဝိုင်းကြ သိုင်းကြမဟေ့
သမိုင်းလှိုင်း တစ်လုံး အကပ်
တို့မြို့ လေးရဲ့  နိုင်ငံရေးသိက္ခာထပ်ပွဲပ
သူတို့ခြေဖ၀ါးတွေနဲ့ တို့လက်ဖ၀ါးတွေ တသားတည်းကျလို့။

(၃) သူတို့ဖြတ်သန်းလာသမျှ မိုင်ရာချီမှာ
ဒေါင်းအလံတွေ ကောင်းကင်တခွင်လုံး နီလို့
ဒေါင်းအသံတွေ..ကောင်းကင်တပြင်လုံး.ပီလို့
အုံးအုံးညံစီ
တသွေး တသားတည်း..
လက်ချင်းတွေ တွဲထားလိုက်ကြတယ်။

ဒေါင်းတမန် တောင်ပံခတ်သံကြားမှာ
ဖိနှိပ်ခံ လူထုရဲ့ 
ရှိုက်သံတွေ
နာကျင်မှုတွေ
အံကြိတ် တောက်ခေါက်သံတွေဟာ
ပဲ့တင် ညံလို့။
အဖိုးမှိုင်း နဲ့ ကိုအောင်ကျော်
ကိုဗဟိန်းနဲ့ ကိုအောင်ဆန်း
ဖိနှိပ်ခံလူထုရဲ့  တိုင်တန်းသံတွေကို နားစွင့်
မျက်နှာဖြင့် သိပ်မကောင်းကြရှာဘူး။
မျက်နှာဖြင့်  သိပ်မကောင်းကြရှာဘူး။

(၄) မတရားဖိနှိပ်သူ အာဏာရှင်တွေ ရှိနေသမျှ
စာသင်ကျောင်းတွေထဲက
လယ်တောတွေထဲက
အလုပ်ရုံတွေထဲက
တပြည်လုံးက
မခြောက်သေးတဲ့ ဖိနှိပ်ခံတွေရဲ့ သွေးစက်တွေဟာ
မြစ်တွေလို စီးဆင်းနေဦးမယ်ဆိုတာ
သူတို့ရဲ့  ဆဌမအာရုံမှာ .
အလိုလို သိနေရှာတယ်။
ဒါနဲ့
အဖိုးမှိုင်းက
မြေး အိုးဝေတသိုက်ကို
လေးချိုးတပိုဒ်နဲ့ ဂုဏ်ပြုတယ်။

“အော် အထက်နဂိုက
ပျက်ပြို လို့ ကျခဲ့တဲ့
ကနက်ဗဟိုရ်ပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
အဆက် သမတအသင်းတွေနဲ့
တြင်း, န၀င်း ကောင်းမျိုးအထွေထွေ..။
အိုကွယ် တက်မကွ အတင်းဟေ့လို့
အကွက်ကျကျ နင်းပြီး
ခက်သမျှ ရှင်းပေမည့်
သတင်း ဒေါင်းအိုးဝေ”တဲ့။
ကိုဗဟိန်းက
“မြင်းခွါ တချက်ပေါက်ရင်.
မီးဟုန်းဟုန်း တောက်စေရမယ် ဆိုပေမယ့်
ကောက်ရိုးမီးတော့ မဖြစ်စေနဲ့”တဲ့။
“ငါ့ဦးခေါင်းသည် သွေးချင်းချင်း နီသော်လည်း..
ဘယ်တော့မှ မညွှတ်” လို့
ကိုအောင်ဆန်းက
အသံမာမာနဲ့ ကြွေးကြော်။

“အနီးကပ်ဆုံး ရဲဘော်ဟာ.
ရန်သူတော့ မဖြစ်စေနဲ့ပေါ့ကွာ” လို့
ခေါင်းကိုယမ်းရင်း
ကြေကြေကွဲကွဲ မြည်တမ်းရှာတယ်။
ကဗျာဆန်တဲ့ “တာရာ”က
ကပျာကရာ
“မိတ်ဆွေကိုလဲ ရန်သူမဖွဲ့ပါနဲ့” လို့
သောကမကင်းစွာ ပြင်ဆင်ချက် ထုတ်ရှာတယ်..။
ကတုံးဆံတောက်တိုတိုနဲ့ “ကိုအောင်ကျော်”ကတော့
အံကြိတ်
တောက်ခေါက်
လက်သီးကျစ်ကျစ်ဆုတ်ပြီး
ခေတ်အဆက်ဆက်ကျောင်းသားထုရဲ့ 
တရားသောအမှုတွေ အတွက်..
အောင်မြေဗိမာန်မှာ ငါရှိနေမယ်..”
အောင်မြေဗိမာန်မှာ ငါရှိနေမယ်..” တဲ့။

(၅)
အောင်မြေဗိမာန်မှာ
စစ်ဘီလူးတွေရဲ့  ကတိသစ္စာတွေဟာ အပိုင်းပိုင်းအစစ ကြေမွ။
ဓမ္မနဲ့ အဓမ္မ ဟာ ပြတ်ပြတ်သားသား စည်းခြားကြ။
တပ်ဦး အောင်လံမှာ
ကိုဗဟိန်းဟာ တဟုန်းဟုန်း လင်းလက်တောက်ပလို့။
ရော်ဘာတုတ်ချက်တွေကြားမှာ
ကိုအောင်ကျော်ဟာ ခေါင်းမော့ရင်ကော့လို့..။
မှိုင်း ဆန်း အောင်နဲ့ အောင်မှိုင်းဆန်းများ ဟာ
ရာစုတခေတ်တိုင်သည် အထိ
ဒေါင်းဝိညာဉ်တွေ ထုံကူးကြ..။
ဒေါင်းဝိညာဉ်တွေ ထုံကူးကြ။

(၆)
ဒီမှာ
မြွေတွေ ထုံကူးရင်
မိုးကောင်းကင်ဆီ မျှော်သတဲ့။
နေကို ရဲရဲကြည့် ရပ်သတဲ့။
ခန္ဓာကိုယ်ကို တဖြောင့်တန်းမတ်သတဲ့..။
အလင်းဓါတ်တွေ ဖြန့်ထွက်ဖြာ.ကြသတဲ့။

ခေတ်အဆက်ဆက်မှာ
ဒေါင်းဝိညာဉ်တွေ ထုံကူးတော့
သစ္စာတရားဆီ မျှော်ကြတယ်..။
ယုံကြည်ရာမှာ ရဲရဲကြည့်ရပ်ကြတယ်..။
သတ္တိ တဖြောင့်တည်း မတ်ကြတယ်..။
အလင်းဓါတ်တွေ ဖြန့်ထွက်ဖြာကြတယ်..။
ဒီလိုနဲ့ ...
ဒေါင်းဝိညာဉ်တွေ အဆက်ဆက် ထုံကူးရင်း
ကိုအောင်ကျော်ဟာ နှစ်တရာပြည့်တယ်..။
မယ်ဇလီကုန်းရွာ လွမ်းစေတီမှာသာ
ကိုအောင်ကျော်တို့ ရှိနေမှာ မဟုတ်ဘူး..။
အမိတက္ကသိုလ်တွေရဲ့  ဒေါင်းရင်ပြင်တွေမှာ
တပြည်လုံးရဲ့ ဒေါင်းရင်ပြင်တွေမှာ.
ကိုအောင်ကျော်တို့ဟာ ...
ချွန်မြစွာ ...

နီဇူလိုင်
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆

(သာယာဝတီရုံးထုတ်က ကျောင်းသားတွေ ရုံးထုတ်တိုင်း ကဗျာတပိုဒ် စပ်တယ်..။သူတို့ကို ကိုယ်တတ်အားသရွေ့ ..အားပေးချင်။ ဒီနေ့တော့ ဒီကဗျာကို ဒီမှာပဲ ရပ်ချင်ပါပြီ။ နောက်တပါတ် ... နောက်တပါတ်တွေမှာ သူတို့ လွတ်မြောက်တာပဲ မြင်နိုင်သင့်ပါပြီ)