ပျော်တော်ဆက်သာဂိ - အမေရိကန်ဝန်ကြီးနဲ့ သံအမတ် ၀င်ကယ်လိုက်တဲ့ မြန်မာပြည်၊ (သူတို့ ဆီက စိတ်ကူးယဉ်တီဗီစီးရီး)



ပျော်တော်ဆက်သာဂိ - အမေရိကန်ဝန်ကြီးနဲ့ သံအမတ် ၀င်ကယ်လိုက်တဲ့ မြန်မာပြည်၊ (သူတို့ ဆီက စိတ်ကူးယဉ်တီဗီစီးရီး)
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

“မင်းတို့အမေရိကန်စီးရီးက လူသတ်နေတာချည်းပဲ။ ငါတို့ အာရှစီးရီးကတော့ လူလိမ်တွေအကြောင်းတွေများတယ် … ” တဲ့။

အမေရိကန်က ပေါ်ပြူလာတီဗီစီးရီးတွေက ပစ်ကြ ခတ်ကြ သတ်ကြ ဖြတ်ကြတာတွေ များပါတယ်။ အာရှက ပေါ်ပြူလာတီဗီစီးရီးတွေက အချင်းချင်း လိမ်ညာ လှည့်ဖြားတာတွေ များတယ်လို့ ဆိုချင်တာပါ။ မြန်မာပြည်မှာ ပြနေတဲ့ အာရှတီဗီစီးရီးတွေမှာ မိသားစုတွေ ကုမ္မဏီတွေ အမွေလုကြ၊ အာဏာလုကြ၊ လိမ်ညာကြ၊ လှည့်ဖြားကြတာတွေ မကုန်နိုင် မခမ်းနိုင် ကြည့်ကြတာကိုး။ အမေရိကန်မှာကတော့ သိပ်ပြီး မာယာများပြမနေဘူး၊ မကျေနပ်တာနဲ့ ဒိုင်းဆို သေပြီဆရာပဲ။

ထားပါတော့။ ပြောချင်တာက အခု အမေရိကန်မှာ ပြနေတဲ့ တီဗီစီးရီးတခုထဲက ဇာတ်လမ်းတိုတခုအကြောင်းပါ။ Madam Secrectary လို့ ခေါ်ပါတယ်။ မဒမ်နိုင်ငံခြားရေးဝန်ကြီး ပေါ့။ ဟယ်လရီကလင်တန်လို နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ တရုတ်ပြည်က သွင်းနေတဲ့ ဟတ်ဒစ်နဲ့ ကော်ပီကူးပြီး ၀ယ်ကြည့်လို့ရတဲ့ ခိုးကူးဆိုင်တွေမှာ ၀ယ်ကြည့်လို့ ရလောက်ပြီ ထင်ပါတယ်။

မဒမ်စက္ကထရီက သူတို့ပြည်တွင်းရေး ပြည်ပရေးတွေက အကြောင်းအရာတွေကို ပွဲကြည့်ပရိသတ်စိတ်ဝင်စားအောင် ဇာတ်အိမ်တည်ပြီး ဇတ်လမ်းတွဲတွေ လုပ်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အီရန်သွားလည်တုန်း ဗုံးဖောက်ခွဲ လုပ်ကြံခံရလို့ မသေဘဲ ကျန်ရစ်တာတို့၊ အမေရိကန်ဓားစာခံတွေကို အမေရိကန်စစ်တပ်က ၀င်ကယ်တဲ့အခါ သူ့လူ ကိုယ့်ဘက်သား သူလျိုတွေကို အကြမ်းဖက်သမားတွေ လက်ထဲမှာ လက်လွတ်စပယ် ပစ်ထားခဲ့တာတို့ စတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်အိမ်တွေ ဖြစ်ပါတယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ မျက်မှောက် နိုင်ငံရေးတွေကို တီဗီစီးရီးထဲမှာ ဇာတ်အိမ်သွင်း လုပ်ဇာတ်ခင်းပြတာဟာ ကြည့်ချင်စရာပဲ ဆိုကြပါစို့။

ဒါနဲ့ တနေ့ကျတော့ မဒမ်စက္ကထရီဇာတ်လမ်းမှာ ၀န်ကြီးမမ မြန်မာပြည်သွားတဲ့ အကြောင်း ပါလာတော့တာပါပဲ။ အခုချိန်မှာ ပစိဖိတ်ဝန်းကျင်နိုင်ငံများ စီးပွားရေးသဘောတူညီချက် လက်မှတ်ထိုးနိုင်ဖို့ လက်ရှိသမ္မတ အိုဘားမား ကြိုးစားနေချိန်ဖြစ်ပါတယ်။ တောင်အမေရိကနိုင်ငံတွေနဲ့ ပြောဆိုဆွေးနွေး လက်မှတ်ထိုးဖို့ ပြင်ဆင်နေချိန်မှာ အာရှက ပစိဖတ်နိုင်ငံများနဲ့လည်း လက်မှတ်ထိုးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါကို ဇာတ်အိမ်တည်ပြီး အမေရိကန်ဝန်ကြီးမမ က မြန်မာပြည်သွားလည်ပြီးတော့ မြန်မာတွေကို လက်မှတ်ထိုးဖို့ သွားရောက် ဆွယ်တရားဟောတဲ့ ဇတ် ဖြစ်ပါတယ်။ ဒါပေမယ့် ဇတ်လမ်းများရဲ့ ထုံးစံဖြစ်တဲ့ ဒရာမာလို့ ပြောမလား၊ ထိုးကွက်လို့ ပြောမလား အချက်ကတော့ တရုတ် မြန်မာ ဆက်ဆံရေးကို ဇာတ်လမ်းရဲ့ ဗဟိုချက်မမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်ကဆောက်နေတဲ့ ဆည်များအကြောင်းပါ။

တရုတ်က မြန်မာပြည်မှာ ဆည်တွေ ပိတ်ဆို့ပြီး ဆောက်နေပါသတဲ့။ မြန်မာပြည်သူတွေက လယ်ယာမြေတွေ ဆုံးရှုံး ပျက်စီးနေရလို့ ဆန့်ကျင် ကန့်ကွက်နေကြပါသတဲ့။ အမေရိကန်ကတော့ မြန်မာပြည် ခေတ်မီတိုးတက်ဖို့အတွက် တရုတ်ဆည်တွေဆောက်တာကို လက်ခံပါသတဲ့။ သည်တော့ မြန်မာပြည်က သမ္မတကြီး သန်းရွှေက ကြည်ကြည်ဖြူဖြူ လက်မှတ်ထိုး သဘောတူဖို့ အမေရိကန်ဝန်ကြီးမမက သွားပြီး နားချရမှာ ဖြစ်ပါတယ်။ စကားချပ်က ဇာတ်လမ်းထဲမှာ မြန်မာသမ္မတက သန်းရွှေပါ။ သိန်းစိန် မဟုတ်ပါ။ သန်းရွှေက ဇာတ်လမ်းထဲမှာ ထိုင်းမင်းသားလို ငယ်ငယ် ချောချော (သန်းရွှေမြေးလို ပုံမျိုးပါ)။ အင်္ဂလိပ်လိုလည်း အတော် ပြောနိုင်ပါတယ်။ ကဲ ကြည့်စမ်းပါဦးဗျာ။ မြန်မာပြည်ကို တရုတ်ပြည်က ဆည်တွေ ဘာတွေ ဆောက်ပြီး ချယ်လှယ်ချင်တိုင်း ချယ်လှယ်တာကို အမေရိကန်က အားပေးသတဲ့လေ။ ကဲ အဲသည်မှာ ဇာတ်ရှိန်က သည်လို လှည့်လိုက်ပါတယ်။ အမေရိကန်က လွှတ်ထားတဲ့ အမေရိကန်သံအမတ်ကြီးက ဗုဒ္ဓဘာသာဝင်တဲ့ ခင်ဗျာ။ အပြင်ကနဲ့ နီးစပ်ပါတယ်။ ပြီးတော့ မြန်မာ့အရေးလည်း စိတ်ဝင်စားသတဲ့။ သည်တော့ အမေရိကန်ရဲ့ ပေါ်လစီကို ဆန့်ကျင်ကန့်ကွက်နေသူကတော့ တခြားသူမဟုတ်၊ အမေရိကန်သံအမတ်ကြီး ကိုယ်တိုင်ပါတဲ့ ခင်ဗျ။ ဇာတ်ရှိန်က တက်လာပြီနော်။ ဖြစ်ချင်တော့ နိုင်ငံခြားရေးဝန်ကြီးမမ မြန်မာပြည်ရောက်တော့ အမေရိကန်သံအမတ်ကြီးက ကတုံးကြီးနဲ့ ဖြစ်နေပါပြီ။ သင်ကန်းစီးထားတာတဲ့ ခင်ဗျာ။ အမေရိကန်သံအမတ်ကြီးဟာ သင်ကန်းဝတ်ကြီးနဲ့ မြန်မာအစိုးရရဲ့ တရုတ်ပေါ်လစီကို ဆန့်ကျင်ကန့်ကွက် လမ်းပေါ်ထွက်ပြီး မပီကလာ ပီကလာနဲ့ “ဒို့ အရေး ဒို့ အရေး” အော်နေတာကို ရိုက်ပြထားပါတယ်။

ကဲ … အဲသည်မှာတင် အမေရိကန်သံအမတ် သင်ကန်းဝတ်ကြီးလည်း သံအမတ်အဖြစ်က ပြုတ်ပြီး ထောင်ထဲ ရောက်သွားပါလေရောဗျာ။ သံအမတ်ကြီး မွှေလိုက်တဲ့ နိုင်ငံရေးအရေးအခင်းမှာ နိုင်ငံခြားရေးဝန်ကြီးခင်မျာ ဟိုပြေး ဒီပြေးပေါ့ခင်ဗျာ။ ဒါနဲ့ အမေရိကန်သံအမတ်ပြုတ် သင်ကန်းဝတ်ကြီးက သမ္မတကြီး သန်းရွှေ (ပရဲဆီးဒင့် ရွှေ) ကို နေပြည်တော်မှာ သွားနှုတ်ဆက်တယ်တဲ့ဗျာ။ သူလည်း မြန်မာပြည်အတွက် စေတနာထားတယ်၊ ပြည်သူတွေ တရုတ်လက်က လွတ်စေချင်တယ်၊ အခု အမေရိကန်တွေက တရုတ်နဲ့ ပင်းပြီး မြန်မာပြည်ကို သဘာဝဘေးအန္တရာယ် ကျရောက်အောင် လုပ်နေတယ်လို့ သွားရှင်းပြတာတဲ့ ဆိုပဲ။ သန်းရွှေလေးကလည်း မြန်မာပြည်အတွက် အကျိုးရှိတာဆိုရင် ခုနင်က ပစိဖိတ်ဝန်းကျင်နိုင်ငံများ စီးပွားရေးသဘောတူညီချက်ကို လက်မှတ်မထိုးပဲ နေမယ်ဆို နေပစ်လိုက်မယ်လို့ သဘောထားပေးသဗျ။ သို့သော်လည်း အမေရိကန်ရုပ်သံတို့ ထုံးစံအတိုင်း အကြမ်းဖက်ခန်းက ပါမှဖြစ်မှာကိုး။ နေပြည်တော်ရောက် သံအမတ်ပြုတ် သင်ကန်းဝတ် အမေရိကန်ကြီးက သမ္မတကြီး ရွှေကို သေနတ်နဲ့ ထုတ်ချိန်ပြီး ပြန်ပေးဆွဲလိုက်တော့တာပဲ ခင်ဗျာ။ ပစိဖိတ်ကုန်သွယ်ရေးစာချုပ်ကို ကန့်ကွက်ဖို့ တောင်းဆိုပါသတဲ့။

သင်ကန်းဝတ် အကြမ်းဖက်သမားလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမမက သူ့အမေရိကန်သံအမတ်ပြုတ်ကို သမုတ်လိုက်ပါတယ်။ ဒါဟာ ၀ါဒဖြန့်ချိရေးထောင့်က ကြည့်ရင် တီဗီဇာတ်လမ်းရေးသူဟာ မသိမသာနဲ့ ဗုဒ္ဓဘာသာအယူအဆကိုပါ ဇာတ်ညွှန်းထဲ ဆွဲထည့်လိုက်တာ သိသာပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အလယ်အလတ်လမ်းကို လိုက်တယ်လည်း ပြောသေးတယ်၊ အခု အမေရိကန်သံအမတ်ပြုတ် ဗုဒ္ဓဘာသာဝင် သင်ကန်းဝတ်ကြီးက လက်နက်တကားကားနဲ့ အကြမ်းဖက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးမမ က ညီးညူပြပါတယ်။ အဲသည်မှာ အဆုံးမတော့ အလယ်အလတ်လမ်းစဉ်အဖြစ် နှစ်ဖက်စလုံးက အလျော့ပေး စေ့စပ်လိုက်ကြပါ သတဲ့။ သံအမတ်ပြုတ်ကြီး တောင်းဆိုသလို ကုန်သွယ်ရေးစာချုပ်ကို လုံးဝ ဖျက်ဆီးလိုက်တာ မလုပ်ပါ။ ကုန်သွယ်ရေးစာချုပ်ထဲမှာ တရုတ်တွေက မြန်မာပြည်အတွက် ရေကောင်း၊ ရေသန့် အလုံအလောက် အမြဲ ရရှိနေဖို့ အာမခံချက် ပေးပါတယ်ဆိုတဲ့ ကတိက၀တ်ကို စာချုပ်ထဲမှာ ဖြည့်စွက် ထည့်သွင်း ချုပ်ဆိုလိုက်ခြင်းဖြင့် အားလုံး လိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်ရှိစေခဲ့တယ်လို့ ဇာတ်သိမ်းမှာ ဖွဲ့ဆိုလိုက်ပါတယ်။ တီဗီဇတ်လမ်းက ဖွဲ့တဲ့ Middle Way ဆိုတာက အစွန်း ၂ ဖက်ကလူတွေ၊ အယူအဆတွေ အလယ်အလတ်မှာ လာဆုံစည်းခိုင်းတာကို ဆိုလိုပုံ ရပါတယ်။ သည်လိုနဲ့ ပုံပြင်လေးက ဒါပါလို့ ဇာတ်သိမ်းပါတယ် ခင်ဗျ။

ကဲ … ပရိသတ်ကြီး၊ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေက သူများပြည်တွင်းရေးတွေကို လုပ်ချင်သလိုလုပ် ရိုက်ချင်သလို ရိုက်ပြလိုက်တာများ မြင်ကြတဲ့ အတိုင်းပါပဲ။ သူတို့ ရိုက်ပြတဲ့ သူများနိုင်ငံတွေအကြောင်း - ရုရှားတို့၊ အီရန်တို့၊ မက္ကဆီကိုတို့ အကြောင်း ဇာတ်လမ်းတွေဟာ ဘာမှ မသိသူအတွက်ကတော့ အထူးအဆန်း စိတ်ဝင်စားစရာ မှတ်သားစရာ နေမှာပါ။ သည်လိုနဲ့ ကိုယ့်တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်အကြောင်း ဒုတ်ဒုတ်ထိ ဇာတ်လမ်းဆင်ရိုက်ပြလိုက်တော့မှပဲ သူတို့တွေ ပြောသမျှ ပြသမျှ အကုန်လုံး ခေါင်းညိတ် လက်ခံရမယ့်အစား ချင့်ချိန်ပြီး ယုံရမယ်ဆိုတာ သဘောပေါက်မိပါတယ် ခင်ဗျ။ ဟဲ့ကောင်လေး … ဖေ့စ်ဘွတ်ပြောတိုင်းလည်း မယုံနဲ့၊ အမေရိကန် ရုပ်သံဇာတ်လမ်းတွေ ကြည့်ပြီးလည်း မယုံကြနဲ့လို့ ပြောရမလိုပေါ့ခင်ဗျာ။

သို့သော်လည်း သူတို့ ဇာတ်ညွှန်းဆရာသမားတွေရဲ့ ပြင်ပက ဖြစ်ရပ်နဲ့ အနီးစပ်ဆုံး မှီးငြမ်းပြီး စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပုံကတော့ ချီးကျူးအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း သည်လို စိတ်ကူးယဉ် နိုင်ငံရေး ၀တ္ထုဇာတ်လမ်းတွေ ပေါ်လာစေချင်တာပေါ့ဗျာ။ ဥပမာ - မတ်လမှာ ရာထူးပြုတ်တော့မယ့် သမ္မတစိန်ဟာ စစ်တပ်ကြီး မသိအောင် တိုင်းပြည်ဘဏ္ဍာတွေ ခိုးပြီး တရုတ်ပြည်ထဲကို မြေသည်စက်အကြီးကြီးတွေနဲ့ ၀ှက်ပြီး သယ်နေတာကို အင်န်အယ်ဒီအမတ်တွေ၊ ၈၈ ကျောင်းသားအုပ်စုတွေက ကွန်မန်ဒိုတွေလို ၀င်စီးပြီး ဖော်ထုတ် ကာကွယ်ရတဲ့ ဇာတ်လမ်းလိုမျိုးဆို ကြည့်လို့ သိပ်ကောင်းမှာပေါ့။ အဲသည်ထဲမှာ သမ္မတစိန်ဘက်က ပင်းနေတဲ့ ရဲမှူးချုပ်တွေ၊ လူဝင်မှုကြည့်ကြည်ရေးတွေ၊ ပြည်ထဲရေးဝန်ကြီးတွေကို ကာချုပ်ကိုယ်တိုင် အမိန့်နဲ့ ဖယ်ရှားလိုက်ရတဲ့ ဇာတ်သိမ်းမျိုးဆို အော်စကာလောက်တော့ ရကောင်းပါရဲ့။