မောင်လူရေး - ဆဋ္ဌမဗလ = ညှင်းဆဲခြင်း

Senior General Min Aung Hlaing - facebook

 မောင်လူရေး - ဆဋ္ဌမဗလ = ညှင်းဆဲခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၆

အမှန်တကယ်ပြောင်းလဲချိန်တန်ပြီ ဆိုသည့်အထဲမှာ စစ်တက္ကသိုလ်ပါ ထည့်ရတော့မည်။
ကနေ့ ဖေ့ဘွတ်ပေါ်တက်လာသည့် ဒုတိယနှစ်ဗိုလ်လောင်းတွေက ပထမနှစ်ဗိုလ်လောင်းလေးတွေအပေါ် မညှာမတာ ရက်ရက်စက်စက် ဆဲဆို ညှင်းပမ်း နှိပ်စက် ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် သုံးဖိုင်ကို တတိုင်းပြည်လုံး စိတ်နှလုံးညှိုးချုံးစွာ ကြည့်နေကြရသည်။ ယင်းဗီဒီယိုဖိုင်ကိုကြည့်ရင်း စိတ်ဆင်းရဲခြင်းနှင့်အတူ တိုင်းပြည့်အရေးပါ ရင်လေးလာရသည်။ ယခု ရိုက်နှက်ရက်စက်နေသူများမှာ ဗိုလ်လောင်းများဖြစ်သည့်အလျောက် တချိန်တွင် လက်နက်ကိုင်တပ်မတော်ကြီးကို ယင်းတို့လက် ဝ ကွက်ကာ တိုင်းပြည်ကြီးနှင့် အတူထားခဲ့ရမည့်သူများဖြစ်ကြသည်။

ယင်းဗီဒီယိုကိုကြည့်ရင်း နယ်လှည့်ပါးရိုက်လာတာဆိုသည့် ဗိုလ်ချုပ်ဟောင်း ဝန်ကြီးစကားနှင့်အတူ ကျောင်းသားတွေက ရိုက်လို့ ရဲတွေက ပြန်ရိုက်ရတာပါဆိုသည့် သမတစကားကိုလည်း ပြန်လည်ကြားယောင်လာရင်း ကျောင်းသားတွေကို ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် မြင်ကွင်းများကို မြင်ယောင်လာသည်။ ယင်းရဲများကို အမိန့်ပေးသူများကား စစ်ဗိုလ်များဖြစ်ကြရာ အီးယူ၏ ရဲများကို သင်တန်းပေးမှု မအောင်မြင်ခြင်း အကြောင်းလဲ ကောင်းကောင်းသိလိုက်ရသည်။ ယင်းနောက် သမတကြီး၏လွတ်ငြိမ်းချမ်းသာတွင် တိုင်းချစ်ပြည်ချစ် လူကောင်းသူကောင်းများထက် ရာဇဝတ်သား လူသတ်သမား မုဒိမ်းများကိုသာ လွတ်နေခြင်းအပေါ်ကိုလည်း နားလည်လိုက်ရလေတော့သည်။

 ယင်းဗီဒီယိုဖိုင်များကိုကြည့်ရင်း တလောက ကလေးငယ်လေးကိုနှိပ်စက်သည့်ဗိုလ်မှူးအကြောင်းကို သတိရလာသည်။ ယင်းဗိုလ်မှူးသည် အမတ်လည်းဖြစ်ပြန်ရကား တဆက်တည်း လွတ်တော်တွင်းရောက်နေသော စစ်ဗိုလ်အမတ်များကိုပါ လက်တရွယ်ရွယ်နှင့် မြင်ယောင်လာမိပြန်သည်။
ယင်းဗီဒီယိုဖိုင်တခုတွင် ဗိုလ်လောင်းလေးကို အချက်ပေါင်း ရာချီနီးပါး ဆက်တိုက် ရိုက်နေတာကိုတွေ့ရတော့ အုပ်ချုပ်ရေးကဏ္ဍအသီးသီးရောက်နေသည့် စစ်ဗိုလ်လူထွက်တွေကော လက်ရှိတပ်ထဲက စစ်ဗိုလ်တွေရော ပြည်ထဲရေးက စစ်ဗိုလ်တွေကော လွှတ်တော်အသီးသီးက စစ်ဗိုလ်တွေကော လူပေါင်းမည်မျှကို ပါးအချက်ပေါင်း ထောင်ချီ၊  ထိုးကြိတ်မှုပေါင်း ထောင်ချီ လုပ်ခဲ့ကြပြီးရော့မည်ဟု မရဲတရဲ စဉ်းစားကြည့်ရင်း ကြောက်လာသည်။

 စစ်တက္ကသိုလ်တွင် ဒီလိုအတန်းကြီးက အတန်းငယ်ကို ရိုက်လို့ရသည့်ဖြစ်စဉ်ဆိုးကြီးသည် မည်သည့် ဗိုလ်သင်တန်း အပတ်စဉ်က စခဲ့သနည်း။ တပ်သားလေးတွေ စစ်သင်တန်းပေးရာမှာဆို မည်သို့ရှိချိမ့်မည်နည်း။ အဆင့်တူ ဗိုလ်ချင်းတောင် ဒီလိုမျိုးသဘောထားနိုင်ပြီဆိုလျှင် လက်အောက်ငယ်သားအပေါ် တိုင်းပြည်အပေါ်သဘောထားကို ဦးပိုင်၏ ရက်စက်သော လုပ်ရပ်များကိုကြည့်ပြီး သဘောပေါက်လာသည်။

ရဲဘော်များ၏ ဒုက္ခိတဘဝအပေါ် အမြတ်ထုတ်သလို ဆင်းရဲမွဲချာသော ပြည်သူများကို နေရမဲ့ စားရမဲ့ဖြစ်အောင်လုပ်နိုင်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ စိတ်ပိုင်းဆိုင်ရ ကြောက်မက်ဖွယ် ချို့ယွင်းချက်ကြီးသည် ဒီစစ်တက္ကသိုလ်က ထုဆစ်ပုံဖော်ပေးလိုက်သည်ဟုပင် ဆိုရတော့မည်။

 ဒီဖိုင်များကိုကြည့်ပြီး မြန်မာပြည်အပေါ်မှာ စိတ်ပူပန်မှု ဖြစ်ကြပါလိမ့်မည်။ နုနယ်သော ၁၇နှစ်အရွယ် ကလေးသူငယ်များကို တရားဝင် ထုထောင်းရိုက်နှက်ပြီး ဗိုလ်လောင်းအဖြစ် ပုံသွင်းထုတ်လုပ်ခြင်းဖြစ်စဉ်သည် မြန်မာ့နိုင်ငံရေး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အလွန်ကြီးမားသော သက်ရောက်မှုရှိကြောင်း အားလုံးခံစားသိရှိနေကြပါသည်။