ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း( ၃ )


မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း (၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
 
(က) ဗကပ ပြိုကွဲခြင်းနှင့် ငြိမ်းချမ်းရေးဆိုသည်များ
၁၉၈၉ မတ်လတွင် အရှေ့မြောက်ပိုင်းရှိ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သော ဗကပ ပြိုကွဲမှုသည် ကိုးကန့် ဖုန်ကြားရှင်းအဖွဲ့မှ အစပြုသည်။ ကိုးကန့်အဖွဲ့မှ MNDAA ဟူသော အမည်ဖြင့် ဗကပမှ ခွဲထွက်၍အစိုးရနှင့်ငြိမ်းချမ်းရေးဆိုသည်ကိုယူလိုက်သည်။ အစိုးရနှင့်အပစ်အခတ်အတိုက်အခိုက် ရပ်လိုက်သည်။ နဝတ အစိုးရကလည်း အထူးဒေသအဖြစ် သတ်မှတ်ပေးလိုက်ပြီး နိုင်ငံတော်အဆင့်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီး ဗကပအား အကောင်းဆုံး ထိုးနှက်နိုင်ခဲ့သည်။

ထိုမှအစပြု၍ ဝ ဒေသပန်ဆန်းဌာနချုပ်တွင်လည်း အာဏာသိမ်းပွဲ ၁၉၈၉ ဧပြီလတွင်ဖြစ်ပွါးပြီး ဝ တို့ကလည်း UWSA ဟု ခွဲ ထွက်သည်။ ထို့နောက် မိုင်းလားဒေသကလည်း NDAA ဟူသော နာမည်နှင့်ခွဲထွက်သည်။ ထို့နောက် ကချင်ပြည်နယ် ပန်ဝါဒေသမှ ဗကပ ၁၀၁ စစ်ဒေသ လာချိတ် လော်ဝေါ်များလည်း NDA (K) ဟူသောနာမည်နှင့် ခွဲထွက်သည်။ ခွဲထွက်သော အဖွဲ့အားလုံးအားနဝတ စစ်ခေါင်းများက ကြိုဆိုပြီး ငြိမ်းချမ်းရေးယူသည်ဟုဆိုလိုက်ကြသည်။ နဝတ ခေါင်းဆောင်များအဖို့ ငြိမ်းချမ်းရေးဆိုသည်မှာနောင်ခါလာ နောင်ခါဈေး ဖြစ်သည်။ လောလောဆယ် အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်သော ဗကပ ပြိုကွဲရေးဖြစ်၏။ဤသို့ဖြင့် အပစ်ခတ်ရပ်စဲထားသော ဗကပမှခွဲထွက်သည့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအား မြို့ပေါ်လာခွင့်ပေးသည်။ အထူးအခွင့်အရေးပေးသည်။ တော်တန်ရုံဥပဒေ ချိုးဖေါက် မထီမဲ့မြင်ပြုမှုများအား ခွင့်လွှတ်ပေးထားသည်။ဤသို့ဖြင့် နဝတ စစ်ခေါင်းဆောင်များလည်း အဓိက စစ်တိုက်နေရသော ဗကပအားဖြိုကွဲပြီး ပြည် တွင်းရှိ နိုင်ငံရေးအကြပ်အတည်းအား အာရုံစိုက်ကိုင်တွယ်ခွင့်ရသွားတော့သည်။

ဤသို့ဖြင့် ငြိမ်းချမ်းရေးဆိုသည်များခေတ်စားလာပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဂယက်ရိုက်တော့သည်။ ရှမ်းမြောက်ရှိ ဦးဆေထင်ဦးဆောင်သော SSA ကလည်း အစိုးရနှင့်အပစ်ရပ်၍ ငြိမ်းချမ်းရေးဆိုသည်ကိုယူသည်။ ရွှေလီ ချိုင့်ဝှမ်းဂွင်အတွင်းရှိ ဗကပများတော့ ပြိုကွဲသွားသည်။ ဗကပ ၂၀၂ မှဒေသခံပလောင်များကတော့ ပလောင်လက်နက်ကိုင်အဖွဲ့သို့ဝင်ရောက်သွားကြသည်။

ပလောင်အဖွဲ့၏ ရင်းနှီးသောမဟာမိတ်လည်းဖြစ် နယ်မြေလည်းဆက်စပ်နေသည့် ရှမ်းမြောက်ရှိ KIA တပ်မဟာ ၄ မှ ဒု တပ်မဟာမှူး ဗိုလ်မှူး မထုနော်ဦးစီးအင်အားအချို့ ခွဲထွက်ပြီး နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးဆိုသည်ကိုယူလိုက်သည်။ KIA တပ်မဟာ ၄ တပ်မဟာမှူးနှင့် အင်အားအချို့ ကျန်နေသေးသော်လည်း ဂယက်ကောင်းကောင်းထသွားသည်။ ထို့ပြင်အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသော SSA ရှမ်းမြောက်က ထိုင်းနယ်စပ်မှ ပြန်တက်လာသော KIA မှ အဖွဲ့တဖွဲ့အား ဖမ်းဆီးပြီး နဝတအစိုးရထံအပ်လိုက်သည်။

ပြောရလျင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဖို့ ညီအကိုမသိ တသိ အချိန်ဟု ပြောဆိုရပေမည်။ ပတ်လည်မှ အဖွဲ့များငြိမ်းချမ်းရေးယူပြီးသကာလ ကြားထဲတွင်ရှိသော ပလောင်လက်နက်ကိုင်အဖွဲ့အဖို့ အကြပ်ရိုက်လာသကဲ့သို့ ဂယက်ရိုက်မှု လည်းရှိလာသည်။ ထိုစဉ်အတွင်း PSLOအတွင်းရေးမှူး ဦးကျော်ရင်နှင့်အင်အား ၃၀ ခန့် အစိုးရထံအလင်းဝင်သွားသည်။ ၎င်းအဖွဲ့အား နဝတအစိုးရ က ကျောက်မဲတွင်နေရာချပေးထားသည်။

ရှမ်းမြောက်ရှိ အဓိကအင်အားကြီး လက်နက်ကိုင်အဖွဲ့များနှင့်အပစ်ခတ်ရပ်ထားသော အစိုးရတပ်များအဖို့ ပလောင်လက် နက်ကိုင်အဖွဲ့အား စစ်ရေးအရပိုမိုဖိအားပေးနိုင်လာခဲ့ပေသည်။ဤသို့သောအခြေအနေအောက်တွင် ၁၉၉၁ ဧပြီ ၂၁ တွင် PSLO/PSLA ပလောင်လက်နက်ကိုင်အဖွဲ့နှင့် နဝတ အစိုးရတို့အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆိုသည်ကို ယူလိုက်ကြ သည်။

(ခ) လက်နက်အပ်ပွဲနှင့် မန်တုန်မြို့က ဆန်အိတ်များ

နဝတ / နအဖ စစ်အစိုးရအဖို့ ကရင်မှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်ထားပြီးနောက် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကို အားထည့်ကိုင်တွယ်နိုင်ခဲ့၏။ဤသို့ဖြင့် ဆယ်စုနှစ်တခုကြာပြီးသော် တစုံတရာ တည်ငြိမ်၍ အခြေကျလာပြီဖြစ်သော စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြဿနာကို ဖြေရှင်းကိုင်တွယ် ရေးဆီသို့ ပြန်လည်ဦးလှည့်လာခ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စစ်ခေါင်းဆောင်များ၏ သဘောထားမှာ လက်နက်ဖြုတ်သိမ်းရေးဖြစ်သည်။ ဤသဘောထားကို အင်အားတောင့်တင်းသော အဖွဲ့များအပေါ် စတင်ကျင့်သုံးရန် မလွယ်ကူလှပေ။ အင်အားနဲသောအဖွဲ့များ အချင်းချင်းသဘောထားကွဲနေသော အဖွဲ့များပေါ်တွင် စတင်ကျင့်သုံးလာသည်။ ကိုးကန့် MNDAA မှ ခွဲထွက်ထားသော မုန်းကိုးအခြေစိုက် MDA ခေါ် မုန်းကိုးကာကွယ်ရေးတပ် ခေါင်းဆောင်များ သဘောထားကွဲလွဲသောအခါ မုန်ဆာလ တို့အား ထောင်ထဲထည့် လီနမင်တို့အဖွဲ့အားချေမှုံး မာမွန်းတို့အဖွဲ့အား မုန်းပေါ်ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး MDA ကို ၂၀၀၀ ပြည့်နှစ်တွင် အပြီးတိုင် ဖယ်ရှားနိုင်ခဲ့သည်။

ထို့နောက် စာရင်းအရ အင်အား ၅၀၀ ခန့်ရှိသော်လည်း လက်ရှိအင်အား ၃၀၀ ခန့်သာရှိသော ပလောင်အဖွဲ့အားလည်း တဖက်က ဖိအားပေး တဖက်ကခေါင်းဆောင်တချို့ကိုသိမ်းသွင်းပြီး လက်နက်ဖြုတ်သိမ်းရေး ဦးတည်လာခဲ့ရာ နောက်ဆုံး တွင် ပလောင်အဖွဲ့အနေနှင့် လက်နက်အပ်ရန် သဘောတူခဲ့ရသည်။

တာအိုက်မုန်းခေါင်းဆောင်သော PSLO/PSLA လက်အပ်ပွဲကို၂၀၀၅ ဧပြီ ၂၉ တွင် မန်တုန်မြို့တွင် ကျင်းပခဲ့သည်။ ထိုအခမ်း အနားသို့ ထိုစဉ်ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန် အရှေ့မြောက်စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင် ဝန်ကြီးတစ်ဦးဖြစ် သူ ဗိုလ်ချုပ်အောင်မင်းတို့အပါ နအဖ စစ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

လက်နက်အပ်ပွဲတွင် တာအိုက်မုန်းတို့ အဖွဲ့အား ထောက်ပံ့သည်ဆိုသည့် ဆန်အိတ်များ အထပ်လိုက်ပုံပြထားသည်။ သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ဆန်အိတ်အပုံလိုက်ကို အများမြင်တွေ့ခဲ့ကြရသည်။ သို့သော် တာအိုက်မုန်းနှင့်အဖွဲ့မှာ ဆန်တစ်အိတ်မှ မရလိုက်ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုဆန်အိတ်များမှာဓါတ်ပုံရိုက်ရန် မန်တုန်မြို့ရှိ ဆန်ဆိုင်များ မှ ခေတ္တငှါးယူထားခြင်းဖြစ်ပေရာ အခန်းအနားပြီးသည်နှင့် ထိုဆန်အိတ်များကို ဆန်ဆိုင်များသို့ပြန်ပို့လိုက်ကြသည်ဟုဆိုသည်။ ဆန်အိတ်အသယ် အပို့ဖြင့် မြို့နယ်ထွေအုပ်အလုပ်ရှုတ်သွားသည်။

ဤသို့ဖြင့် PSLO/PSLA ပလောင်လက်နက်ကိုင် အဖွဲ့တခန်းရပ်သွားတော့သည်။ သို့သော် ကရင်ပြည်နယ် မာနာပလောသို့ ရောက်ရှိနေသော ပလောင်ကိုယ်စားလည်အဖွဲ့က မဒတ၏ ကူညီမှုဖြင့် ၁၉၉၂ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် PSLFခေါ် ပလောင်ပြည်နယ်လွတ်မြောက်တပ်ဦးကို ဖွဲ့စည်းထားရှိပြီဖြစ်ရာ အဝေးရောက် ပလောင်တစ်ဖွဲ့မှာ စတင်တာစူနေပြီဟု ဆိုရပေမည်။

(ဂ) TNP နှင့် ပလောင်ဒေသ
၂၀၀၈ အခြေခံဥပဒေအရ ကျောက်မဲခရိုင်တွင်းရှိ နမ့်ဆန်နှင့်မန်တုန်မြို့များအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးမြို့နယ်အ ဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်နက်အပ်ခဲ့သော ပလောင်အဖွဲ့မှခေါင်းဆောင်များအားလည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။

သို့နှင့် တာအိုက်မုန်းနှင့် ပလောင်အဖွဲ့ခေါင်းဆောင်ဟောင်းများသည် TNP ခေါ် တအန်းအမျိုးသားပါတီ ဖွဲ့စည်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ်နေရာ ၆ နေရာအနိုင်ရရှိခဲ့သည်။တာအိုက်မုန်းမှာ မန်တုန်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။ နမ်ဆန်မြို့နယ်၏ ပြည်သူလွှတ်တော်အမတ်မှာမူကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်း မောင်မောင်ဆွေဖြစ် သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုပေသည့် ဗိုလ်ချုပ်ဟောင်းများ၏ ချုပ်ကိုင်မှုတော့ကင်းလွတ်နိုင်ခြင်းမရှိဟူသည့် လက္ခဏာ ကိုပြ၏။

ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ လုပ်ပိုင်ခွင့်ရှိသည့် ဥပဒေပြုခွင့်တွင် စားကျက်မြေများထိမ်းသိမ်းစောင့်ရှောက်စီမံခွင့်ပါရှိသည်။သို့သော် အစိုးရ၏ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရေအားလျပ်စစ်စီမံကိန်းနှင့် အခြားစီမံကိန်းများကြောင့် ဒေသခံ ပလောင်လူမျိုးများ ဘိုးဘွားစဉ်ဆက်မှီခို လုပ်ကိုင်စားသောက်ခဲ့ကြသောလဘက်ခြံများ လယ်မြေများ အသိမ်းခံနေရသည်ဟု ဆိုသည်။

ထို့ပြင် တအန်းပလောင် ဒေသတွင်း စာသင်ကျောင်း များတွင်တအန်းစာသင်ကြားခွင့်မရသေးချေ။ နိုင်ငံတော်ဘတ်ဂျက်အထောက်အပံ့ဖြင့် တအန်းစာပေ ယဉ်ကျေးမှု ထိမ်းသိမ်းမြှင့်တင် ကာကွယ်ခွင့်မရသေးဟုဆိုရပေမည်။

ဒေသတွင်းစီးပွားရေးမှာ လဘက်ခင်း တောင်ယာအဓိကဖြစ်နေဆဲဖြစ်သည်။ လဘက်ခင်းများပေါ် အမှီပြု၍ လဘက်ခြောက် စက်ရုံများပေါ်ထွက် လာသော်လည်း ပလောင်တိုင်းရင်းသားပိုင်ရှားသည်။ ပလောင်ဒေသတွင်း စီးပွါးရေးမြင့်တက်ခြင်းမရှိ အလုပ်အကိုင်သစ်များဖန်တီးပေးနိုင်ခြင်း မရှိသည့်အတွက် အခြားမြန်မာပြည်သားများကဲ့သို့ပင် တရုတ်ပြည်သို့အများအပြား သွားရောက်အလုပ် လုပ်ကြရသည်။

ဒေသတွင်း ဆိုးဝါးသည့်ပြသနာတခုမှာ မူးယစ်ဆေးဝါးပြသနာဖြစ်သည်။ အစိုးရ ပြည်သူစစ်များအခြေစိုက်ရာ နမ့်ခမ်းအနီး ပန်ဆေးရွာ အနီးတဝိုက်၌ ဘိန်းခင်းများရှိရာမှ ဒေသတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု သုံးစွဲမှု ပျံ့နှံ့လာသည်။ နောက်ပိုင်း ရာမဆေးပြားများပါ ဝင်ရောက်လာသည်။ ပလောင်လူငယ်များအတွင်း အိမ်ထောင်များအတွင်း မူးယစ်ဆေးသုံး စွဲမှုကြောင့် ဘဝပျက်သူများရှိလာ သည်။ ဤမူးယစ်ဆေးနှင့်ပတ်သက်ပြီး မျိုးချစ် ပလောင်ပြည်သူများ စိုးရိမ်ကြောင့်ကြ မှုရှိလာကြသည်။

ကောင်းမွန်သည့်အချက်တခုမှာ ပလောင်လူငယ်များအတွင်းပညာတတ်လူငယ်များစွာပေါ်ထွက်လာသည်။ လမ်းပမ်းဆက် သွယ် ရေး တယ်လီဖုန်း အင်တာနက်တို့ ယခင်ထက်ကောင်းမွန်လာသဖြင့် ပလောင်လူမျိုးအနေနှင့် ကမ္ဘာကြီးနှင့်လျင်မြန်စွာ ပိုမိုထိတွေ့လာခဲ့ နိုင်သကဲ့သို့ ယဉ်ကျေးမှုရေချိန်နှင့် အမျိုးသားရေးစိတ်ပိုမိုမြင့်တက်လာပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung