မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း (၅)

12743671_555559464606977_5924262367578378663_n
မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း (၅)
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
(က) PSLF/ TNLF ၏ သဘောထား
PSLF/ TNLA တို့၏ သဘောထားကြေငြာချက်များကို သူတို့၏ကြေငြာချက်များအတိုင်း ဖေါ်ပြပေးပါမည်။ ရည်ရွယ်ချက်မှာသူတို့၏ ရည်ရွယ်အဆိုးအကောင်းကို ဆင်ခြင်သုံးသပ်နိုင်ရန်ဖြစ်ပါသည်။
PSLF မှာ၏နိုင်ငံရေးရည်ရွယ်ချက်
၁။ တအန်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး
၂။ ဒီမိုကရေစီနှင့်လူအခွင့်အရေးကို အာမခံသည့် တအန်းပြည်နယ် တည်ဆောက်ရေး
၃။ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး
၎။ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် အမျိုးသားတန်းတူညီမျှမှု ရရှိရေး
၅။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ဖြစ်သည်ဟု ဆိုပါသည်။
TNLA ၏ ဦးတည်ချက်မှာ
၁။ တအန်းအမျိုးသားနယ်မြေနှင့် တအန်းပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်
၂။ စစ်အာဏာရှင်စနစ် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒများ ဆန့်ကျင်တိုက်ဖျက်ရန်
၃။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ နိုင်ငံရေးဦးတည်ချက် အောင်မြင်ရေးအတွက် အဓိကအင်အားတရပ် ဖြစ် စေရန် ဟူ၍ဖြစ်သည်။
TNLA ၏ လုပ်ငန်းစဉ်များမှာ
၁။ တအန်းနယ်မြေဒေသ ကာကွယ်ရေးလုပ်ငန်းစဉ်
၂။ တအန်းလူမျိုးအပေါ် ဖိနှိပ်ချုပ်ချယ်သူများအား ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်
၃။ တအန်းတပ်မတော် ဖွံ့ဖြိုးတိုးတက် ခိုင်မာကြီးထွားရေး လုပ်ငန်းစဉ်
၎။ မဟာမိတ်တိုင်းရင်းသားအဖဠဲ့အစည်းများနှင့်လက်တွဲပြီး ဘုံရန်သူကို တိုက်ခိုက်ချေမှုန်းရေးလုပ်ငန်းစဉ်
၅။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ် တို့ ချမှတ်ထားသည်ဟုဆိုသည်။
ဤသည်တို့မှာ PSLF/TNLA အဖွဲ့ သတင်းပြန်ကြားရေးတို့မှထုတ်ပြန်ထားသော သဘောထားများသာဖြစ်ပြီး ယင်းသဘော ထားများနှင့် ပတ်သက်သည့်မိမိ၏ သုံးသပ်ချက်များကို နောက်အပိုင်းများတွင် ဆက်လက်ဖေါ်ပြသွားပါမည်။
(ခ) လက်ရှိပလောင်အဖွဲ့၏ ခေါင်းဆောင်မှု
လက်ရှိ PSLF/ TNLA ၏ အဓိကခေါင်းဆောင်များမှာ
ဥက္ကဌ ဗိုလ်ချုပ်တာ့အိုက်ဘုန်း
ဒုဥက္ကဌ ၁ ဗိုလ်မှူးချုပ် တာ့ဂျုတ်ဂျာ
ဒုဥက္ကဌ ၂ ဗိုလ်မှူးကြီး တာ့ခူးလန်
အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်
အတွင်းရေးမှူး ၁နှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တာ့ဟိုပလန်
အတွင်းရေးမှူး ၂ ဒုဗိုလ်မှူးကြီး တာ့ဝိန်းခရီးတို့ဖြစ်သည်ဟု ဆိုပါသည်။
အတွင်းရေးမှူး ၂ ဒုဗိုလ်မှူးကြီး တာ့ဝိန်ခရီးမှာ UNFC/NCCTတွင် ပလောင်လက်နက်ကိုင်အဖွဲ့ PSLF/TNLA ၏ ကိုယ်စား လှယ်အဖြစ် ဆောင်ရွက်နေသည်ဟုသိရပါသည်။
(ဂ) လက်ရှိ TNLA ၏ စုဖွဲ့မှု
လက်ရှိ PSLF/TNLA ဗဟို၏ ကွပ်ကဲမှုအောက်တွင် တအန်းပလောင်ဒေသတွင်း၌ ဒေသစိုးမိုးအုပ်ချုပ်ရေးကို ရည်ရွယ်ပြီး တပ်မဟာ ၃ ခုဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ တပ်မဟာတစ်ခုအောက်တွင် တပ်ရင်း ၄ ရင်းမှ ၅ ရင်းထိဖွဲ့စည်းထားသည်ဟု ဆိုပါသည်။
တပ်မဟာ ၁ ကွတ်ခိုင် နမ့်ခမ်း မူစယ် မန်တုန်ဒေသ
တပ်မဟာ ၂ နမ့်ဆန် သီပေါ ကျောက်မဲ မိုးကုတ် မိုးမိတ် နောင်ချို ဒေသ
တပ်မဟာ ၃ ရွှေလီမြစ်ရိုး နမ့်ခမ်းနှင့်မိုးမိတ်ကြား ရွှေလီမြစ်အရှေ့ဘက်ခြမ်း ရွှေလီချိုင့်ဝှမ်းဂွင်တို့ဖြစ်ကြသည်။
အရပ်ရပ်သတင်းရင်းမြစ်များအဆိုအရ ၎င်းတို့၏ တပ်ရင်းတစ်ရင်းတွင် အင်အား ၁၅၀ မှ ၂၀၀ ကြားရှိနိုင်ပြီး ပုံမှန်အားဖြင့်စုဖွဲထားခြင်းမရှိဘဲ တပ်စိတ် တပ်စုအဆင့်ဖြန့်ခွဲကာ ဒေသစိုးမိုးရေးဆောင်ရွက်လေ့ရှိကြသကဲ့သို့ အစိုးရတပ်များသတင်းရ လျှင်လည်း ပြောက်ကျားတိုက်ခိုက်လေ့ရှိသည်။ ထူးခြားသည့်စစ်ရေးအခြေအနေနှင့် စစ်ဆင်ရေးအခြေအနေရှိလျှင် စုဖွဲ့ လေ့ရှိသော်လည်း ၎င်းတပ်မဟာ ၃ ခုလက်အောက်ခံတပ်ရင်းများသည် ပုံမှန်အားဖြင့် ဖြန့်ခွဲ၍ လှုပ်ရှားလေ့ ရှိသည်ဟု သိရပါသည်။
လှုပ်ရှားတိုက်ခိုက်နိုင်ရန် စစ်ဗျူဟာ ၃ ခ့ဖွဲ့စည်းထားရှိပြီး ဗျူဟာ ၁ ခုနှင့်လက်အောက်ခံ ရင်း ၃ ရင်းသည် ၂၀၁၅ နှစ်ဆန်း ကိုးကန့်ဒေသတိုက်ပွဲများတွင်ကိုးကန့်တပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးဝင်ခဲ့ကြသည်။ ဗျူဟာ ၅ နှင့် ဗျူဟာ ၆ အောက်တွင် တပ်ရင်း ၂ ရင်းမှ ၃ ရင်းထိရှိနိုင်ပြီး ဗျူဟာ ၅ မှာ မုန်းကိုး ဖေါင်းဆိုင် တာမိုးညဲ နားလယ်တဝိုက်တွင် လှုပ်ရှားနေပြီး ဗျူဟာ ၆ မှာ လားရှိုး မိုင်းယောင်း သိန္နီတဝိုက်တွင် လှုပ်ရှားနေကြောင်းကြားသိရသည်။ ဗျူဟာ၎/၅/၆ သုံးခုမှာ အင်အားစုဖွဲ့လှုပ်ရှား ကြောင်းတွေ့ရသည်။
(ဃ) TNLA ၏ တိုက်ပွဲသတင်းများ
TNLA ၏ သတင်းထုတ်ပြန်ချက်များအား စုစည်းချက်အရ TNLA ပလောင်လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများမှာ ၂၀၁၂ ခုနှစ်အတွင်း တိုက်ပွဲငယ် ၇၀ ကျော်ခန့် ဖြစ်ပွားပြီး ပလောင်အဖွဲ့မှ ၂ ဦးကျ အစိုးရတပ်မှ ၁၂ ဦးကျ ၁၃ ဦးဒဏ်ရာရဟုဆိုသည်။
၂၀၁၃ ခုနှစ်အတွင်းတိုက်ပွဲ ၂၀၀ ခန့်ဖြစ်ပွားပြီးပလောင်အဖွဲ့မှ ၇ ဦးကျ ၁၃ ဦး ဒဏ်ရာရအစိုးရတပ်မှ ၁၅၂ ဦးကျ ၂၀၈ ဦးဒဏ်ရာရဟုဆိုပါသည်။
၂၀၁၄ ခုနှစ်အတွင်း တိုက်ပွဲ ၃၀၀ ကျော်ခန့်ဖြစ်ပွားပြီးပလောင်အဖွဲ့မှ ၁၇ ဦးကျ ၁၁ ဦးဒဏ်ရာရအစိုးရတပ်မှ ၃၈၃ ဦးကျ ၁၈၉ ဦးဒဏ်ရာရဟုဆိုပါသည်။
၂၀၁၅ ပထမ နှစ်ဝက်ခန့်အတွင်း တိုက်ပွဲ ၁၀၀ နီးပါးဖြစ်ပွားပြီးပလောင်အဖွဲ့မှ ၁၀ ဦးကျ ၁၀ ဦး ဒဏ်ရာရအစိုးရတပ်မှ ၂၂၇ ဦးကျ ၅၀ ဒဏ်ရာရသည်ဟုဆိုပါသည်။
TNLA ၏ တိုက်ပွဲ ကျဆုံး ဒဏ်ရာစာရင်းများနှင့်ပတ်သက်၍အစိုးရစစ်ဖက်မှ အတည်ပြုကြေငြာခြင်းမရှိသကဲ့သို့ အခြား သတင်း ရင်းမြစ်မှလည်း အတည်ပြု၍မရပါ။ သို့ဖြစ်၍ ဤတိုက်ပွဲ စာရင်းနှစ်ဖက်ကျဆုံး ဒဏ်ရာရ စာရင်းများနှင့်ပတ်သက်ပြီး ချင့်ချိန်ထောက်ရှု၍ ဖြစ်နိုင်ချေအား တွက်ဆစဉ်းစားရန်သာ တတ်နိုင်ပေသည်။ ယေဘုယျအားဖြင့်ပြောနိုင်သည်မှာတိုက်ပွဲအများစုမှာ ပြောက်ကျားတိုက်ပွဲများဖြစ်ပြီး တပွဲချင်းအကျအဆုံး မများလှသည်ကိုတွေ့ရသည်။ အမှည့်ချွေ ချွေသည့်တိုက်ပွဲများဟုဆိုရပေမည်။
(င) တိုက်ပွဲသုံးသပ်ချက်
၂၀၁၂/၂၀၁၃ အတွင်း TNLA နှင့်အစိုးရတိုက်ပွဲများဖြစ်ပွားရာ ၂၀၁၂ အတွင်း ပြောပလောက်အောင် အကျအဆုံး မရှိသော်
လည်း ၂၀၁၃ တွင်မူမြင့်တက်လာခဲ့သည်။ သို့သော် တိုက်ပွဲငယ်များ ထိတွေ့မှု ဖြစ်စဉ်ငယ်များသာဖြစ်သည်။အစိုးရတပ်ကတက်လာသည်ကို သတင်းရ၍ စောင့်ကြိုတိုက်ခိုက်ခြင်းနှင့်အစိုးရတပ်တက်လာသည်ကို သတင်းမရဘဲ ပက်ပင်းတိုး တိုက်ပွဲဖြစ်ပွားခြင်းတို့ ဖြစ်ပုံရသည်။ တိုက်ပွဲဖြစ်ပွားရာတွင်လည်း ဖြန့်ခွဲထားသော TNLA အဖွဲ့ငယ်များနှင့် ဖြစ်ပုံရပြီး တိုက် ပွဲဖြစ်ပွားချိန်မှာလည်း ဆယ်မီနစ် ဆယ့်ငါးမီးနစ်ထက်ပိုမကြာလေ့ ဆိုကြသည်။ ပလောင်လက်နက်ကိုင်အဖွဲ့ငယ်များအနေနှင့်ခေတ္တမျှပစ်ခတ်ပြီးနောက် တောတောင်လျှိုမြောင်များအတွင်းဝင်ရောက်ပျောက်ကွယ်သွားသည့် ပြောက်ကျားစနစ်ကို ကျင့်သုံးပေရာ အစိုးရတပ်အဖို့ လိုက်လံရှင်းလင်းဘို့ အခက်ခဲရှိပေသည်။
၂၀၁၃ နှစ်ကုန်ပိုင်းတွင် TNLA သည် ကိုးကန့်အဖွဲ့ KIA တို့နှင့်တွဲ၍ မုန်းကိုး ဖေါင်းဆိုင်ဒေသ တာမိုးညဲနားလယ်ဒေသတို့တွင် လှုပ်ရှားလာသည်ကိုတွေ့ရသည်။ ၂၀၁၄ ခုနှစ်အတွင်းထူးခြားသော တိုက်ပွဲများအနေနှင့် ၂၀၁၄ ဇွန်လ ၂၁/၂၂ ရက်ဆက်ပြီး နမ်ခမ်းမြို့နယ် မန်အောင်ကျေးရွာအနီး TNLA တပ်မဟာ ၁လက်အောက်ခံရင်း ၄၇၈ ရင်း ၁၀၁ တို့နှင့် အစိုးရ တပ်မ ၇၇ လက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားခဲ့ရာ ပလောင်အဖွဲ့မှ၂ ဦး ကျ၍ အစိုးရတပ်မှ ၁၂ ဦးကျသည်ဟုဆိုသည်။
နောက်တပွဲအနေနှင့် ပလောင်နှင့်ကိုးကန့် ပူးပေါင်းအဖွဲ့များနှင့် တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတို့ မုန်းပေါ်လေး နမ့်ကျွမ်းအနီး ၂၀၁၄ ဒီဇင်ဘာလအတွင်းတိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ၁၀ ယောက်ကျော်ကျဆုံးပြီး အချို့ဒဏ်ရာရခဲ့ကြောင်း မြန်မာစစ်ဖက်မှ ထုတ်ပြန်ကြေငြာပါသည်။
၂၀၁၅ အတွင်း ကိုးကန့်စစ်ပွဲစလာသောအခါ TNLA မှ တပ်ရင်း၃ ရင်းပါ နည်းဗျူဟာ ၄ သည် ကိုးကန့်အဖွဲ့နှင့်ပူးပေါင်း၍ ပါဝင်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။၂၀၁၅ ဇွန်လဆန်းအထိအကျအဆုံး မရှိသေးဘဲ ဒဏ်ရာ ၇ ဦးရရှိခဲ့ပြီဟုဆိုသည်။ ၂၀၁၅ နှစ်တွင် TNLA အဖွဲ့၏ လှုပ်ရှားမှုများပိုမိုမြင့်တက်လာပြီး မူစယ် လားရှိုး ကားလမ်း သိန္နီ ကွန်လုံ ကားလမ်းကြီးများပေါ်တွင် လှုပ်ရှားလာပြီး ကားလမ်းအားထိမ်းချုပ်၍ ကားများအခွန်ကောက်ခြင်း အစိုးရတပ်များအားတိုက်ခိုက်ခြင်း သိန္နီ ကွန်လုံကြား တွင် အစိုးရ ယဉ်တန်းအား ဖြတ်တောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ သိသိသာသာ လှုပ်ရှားလာသည်ကိုတွေ့ရပေသည်။ ထို့ပြင် ကျောက်မဲ မိုင်းငေါ့ မန်တုန် နမ့်ခမ်း ကွတ်ခိုင် တဝိုက်တွင်လည်းတိုက်ပွဲငယ်များ ဖြစ်ပွားခြင်းကွတ်ခိုင်အခြေစိုက် ရင်း၂၄၁ အားဝင်ရောက်ပစ်ခတ်ခြင်းများပြုလုပ်လာသည်ကိုတွေ့ရသည်။
ပလောင်အဖွဲ့နှင့် အင်အားစုစည်းလှုပ်ရှားသည်နှင့် သိသာသောပစ်မှတ်ဖြစ်လာပြီး အစိုးရတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့၏။၂၀၁၅ မေလ ၂၈ ရက်နေ့က သိန္နီ အနောက်မြောက် ၁၆ မိုင်အကွာရှိ လွယ်ဆိုင်ကျေးရွာအုပ်စုအနီး တောင်ကုန်း များတွင်နေရာယူထားသော ပလောင်အဖွဲ့အား အစိုးရတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူတို့ဖြင့် ထိုးစစ်ဆင်ခဲ့ သည်ကို တွေ့ရ၏။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတော့ မသိရပေ။
တိုက်ပွဲများစိတ်လာ၍ နမ္မတူမြို့သို့ စစ်ဘေးဒုက္ခသည် ၃၀၀ ခန့်ရောက်ရှိလာပြီး နမ့်ခမ်းဘက်သို့ စစ်ဘေးဒုက္ခသည် အများအပြားရောက်ရှိလာသည်ဟုဆိုသည်။ ထို့ပြင် ပလောင်အဖွဲ့အနေနှင့် ဘိန်းခင်းဖျက်ဆီးခြင်း အခြားမူးယစ်ဆေးဝါးနှိမ်နင်း တိုက်ဖျက်ရေးများလုပ်ရင်း လှုပ်ရှားမှုများ များလာရာ အစိုးတပ် ပြည်သူ့စစ်တို့နှင့် တိုက်ပွဲများပိုမိုဖြစ်ပွားလာတော့သည်။
ပလောင်အဖွဲ့အနေနှင့်အင်အားစုစည်းပြီး လှုပ်ရှားမှု များပြုလုပ်လာသော်အဓိကမှာ အင်အားများဖြန့်ခွဲပြီး ပြောက်ကျားတိုက်ခိုက်ခြင်းဖြစ်သည်။ TNLA ၏ သတင်းထုတ်ပြန်ချက်ကို ပြန်သုံးသပ်ကြည်လျင် ၂၀၁၂ ၌ တိုက်ပွဲ ၆ ပွဲတွင် အစိုးရတပ်သား ၁ ဦးကျသည်။ ၂၀၁၃ ၌ တိုက်ပွဲ ၂ ပွဲဖြစ်လျင် အစိုးရစစ်သည် ၁ ဦး အကျအဆုံးရှိသည်။ ၂၀၁၄ ၌ တိုက်ပွဲတပွဲဖြစ်လျင် အစိုးရစစ်သည် ၁ ဦးကျသည်။ ၂၀၁၅ တွင်မူ တိုက်ပွဲ ၁ ပွဲဖြစ်လျင် အစိုးရစစ်သည် ၂ ဦးကျသည်ထိ တိုးလာသည်။ ၂၀၁၅ တွင် လမ်းဖြတ် တိုက်ပွဲကြီးတချို့ပါဝင်လာ၍ ကိန်းဂဏန်းမြင့်တက်လာသည်။
ပြောက်ကျားတိုက်ပွဲများဖြင့် တိုက်ခိုက်ခံရပါက အစိုးရတပ်အဖို့တပွဲချင်းအထိအခိုက်မှာ မသိသာလှ မထောင်းတာလှပေ။ သို့သော် အချိန်ကြာသည်နှင့်အမျှ တိုက်ပွဲငယ်များ များပြားလာသည်နှင့်အမျှ အထိအခိုက်အကျအဆုံး ပမာဏ မြင့်တက်လာ ပေသည်။ပြောက်ကျားစစ်က တပွဲချင်းအရ မထောင်းတာသော်လည်း ရေရှည်တွင် အမှည့်ချွေချွေတော့သည်။ ပြောက်ကျားစစ်ဆင်သည့်ပလောင်အဖွဲ့အနေနှင့် အစိုးရတပ်ထက် အထိခိုက် အကျအဆုံးနည်းမည်ဖြစ်သော်လည်း ရေရှည် ကာလတွင် ဆင်းရဲပင်ပမ်းမှုစိတ်ဖိစီးမှု ဒုက္ခခံရမှု များကြုံတွေ့ရမည်ဖြစ်ပြီး တောင့်ခံနိုင်စွမ်းရှိအောင် လုံးပမ်း ရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တိုက်ပွဲများကြောင့် နှစ်ဖက် တိုင်းရင်းသားလူငယ်များ၏ သွေး မြေကျ စတေးရသည်သာဖြစ်သည်။ ထို့ပြင် ဒေသတွင်း စစ်ဘေးဒုက္ခသည် အရေးကလည်း စိတ်မချမ်းမြေ့ဘွယ်ရာဖြစ်သည်။ ကချင်စစ်ပွဲကြောင့် ဒုက္ခသည် တသိန်း ကျော် ယခုတိုင် ဒုက္ခသည်စခန်း၌ ရှိသေးသည်။ ကိုးကန့်စစ်ပွဲကြောင့်ဒုက္ခ ရှစ်သောင်းခန့် ရှိခဲ့သည်။ ယခု ပလောင်စစ်ပွဲကြောင့် ဒုက္ခသည် ထောင်ဂဏန်းရှိလာပြီ ဖြစ်ရာ စစ်ပွဲများရပ်စဲဘို့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ဘို့ ပြဿနာကို မှန်မှန်ကန် ကန်ကြည့်မြင်ဘို့ လိုအပ်နေပေပြီ။
ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung