ဆောင်းယွန်းလ - “Z မရောက်သေးတဲ့ ဇာတ်”

 Created with Microsoft Fresh Paint
ဆောင်းယွန်းလ - “Z မရောက်သေးတဲ့ ဇာတ်” 
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆

ဘာသာပြန်ဝတ္ထုတွေထဲမှာ
ဖတ်ရင်းမေ့သွားတဲ့
ဇာတ်ကောင်တွေရဲ့နာမည်ကိုပြန်ရှာမှတ်ရသလိုမျိုး
ဇာတ်သိမ်းခန်းရောက်ခါနီးပြီဆိုတိုင်းလည်း
မာတိကာကို ပြန်လှန်ဖတ်နေရတုန်းပဲ…

ကောင်းမယ်ထင်ပြီး ကြည့်မိတဲ့ဇာတ်က
အကြောင်းအရာတွေ ဟောင်းလွန်းပြီး
အဖြစ်အပျက်တွေ ထူလွန်းတော့
ခေါင်းပူပြီး ဇက်ညောင်းတယ်….

ဖြစ်ခြင်း ပျက်ခြင်းကို တရားလိုမှတ်ရင်း
စင်နဲ့ဝေးဝေးတနေရာက
ကြည့်ငေးမိတဲ့ ဇာတ်မှာ
အပျက်တွေချည့် ပြတ်ပြတ်ထင်ထင်ဖြစ်နေခဲ့ပေါ့…

ဇာတ်မှာ…
ထိုးထားတဲ့ စာတန်းက
ဇာတ်တူသားစားလည်း တရားတယ်တဲ့…
ဇာတ်က
Z မရောက်သေးတဲ့…ဇာတ်။

ဆောင်းယွန်းလ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆)