မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသားစစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၆)


မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၆)
(မိုးမခ) မတ် ၁၁၊ ၂၀၁၆
 
● UWSA နှင့်တပ်ပေါင်းစု
တကယ်တော့ UWSA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစုစည်းဖွဲ့စည်းထားသော NDF ခေါ် မဒတ အမျိုးသားဒီမိုကရေတပ်ပေါင်းစုတွင်လည်းကောင်း နောက်ပိုင်းပြန်လည်ဖွဲ့စည်းသည့် UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒ ရယ်ကောင်စီတွင်လည်းကောင်း ပါဝင်ခြင်းမရှိပေ။ သီးခြားရပ်တည်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

သို့သော် UWSA နှင့်မူလက CPB တွင်တဖွဲ့တည်းဖြစ်ရုံမက နယ်မြေဆက်စပ်မှုများရှိသည့် NDAA ခေါ် မိုင်းလားအဖွဲ့နှင့်မူ ထူးခြားသည့်ဆက်ဆံရေးရှိသည်ဟုဆိုရမည်။ နယ်မြေအရလည်း တဆက်စပ်တည်းဖြစ်သဖြင့် စစ်ရေးအရပါအရေးပါသဖြင့် UWSA နှင့် NDAA သည် မြန်မာစစ်ဖက်နှင့် ရင်ဆိုင်ရာတွင် အင်အားစုပြီး အတူတကွရင်ဆိုင်လေ့ရှိကြသည်။ ယေဘုယျ အားဖြင့် NDAAသည် UWSA ထက်စစ်အင်အားနည်းသည်ဖြစ်ရာ ၂၀၀၉ ခုနှစ် တင်းမာမှုများဖြစ်သောအခါ UWSA တပ် အချို့ မိုင်းလားနယ်အတွင်းဝင်ရောက်နေရာယူပေးခဲ့ရသည်ဟုဆိုသည်။ ထိုစဉ်က ဝင်ရောက်နေရာယူခဲ့သော UWSA တပ် များသည် ယနေ့တိုင်လည်း ဆက်လက်နေရာယူထားဆဲဟု သတင်းများကဆိုပါသည်။ မည်သို့ဆိုစေ UWSA နှင့် NDAA ကတော့ စစ်ရေးမဟာမိတ်များဖြစ်သည်ဟု ဆိုရပေမည်။

နောက်ထပ် UWSA နှင့်ရင်းနှီးသော အဖွဲ့ ၁ ခုမှာ SSPP/SSA ဖြစ်သည်။ ပန်ယန်းတဖက်ကမ်း သံလွင်အနောက်ခြမ်း မိုင်းရှူး ဝမ်ဟိုင်းဒေသရှိ SSPP/SSA နှင့် UWSA ခေါင်းဆောင်များနှင့်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။ ထို့ပြင် လက်ရှိ SSPP လှုပ် ရှားစိုးမိုးရာဒေသသည် သံလွင်အနောက်ခြမ်းသို့ UWSA ၏ ထွက်ပေါက်ဖြစ်သကဲ့သို့ ဝ နယ်မြေကာကွယ်ရေးအတွက် စစ် ရေးအရ အရေးပါသည့်နယ်မြေဖြစ်သည်။


သို့ဖြစ်ရာ UWSA ၏ လက်ရှိမဟာမိတ် ၂ ဖွဲ့ သည် UWSA အတွက် စစ်ရေးအရအရေးပါသည့်အခြေအနေပေါ်တည်မှီသည့် စစ်ရေးမဟာမိတ်များလည်းဖြစ်သည်ဟု ဆိုရမည်။ သို့သော် အတိအလင်းကြေငြာထားသည့် စစ်ရေးမဟာမိတ်တော့ မ ဟုတ် ကြပေ။ အတွင်းပိုင်းနားလည်သဘောတူမှုများနှင့် လက်တွဲထားကြသည့် စစ်ရေးမဟာမိတ်များဖြစ်ပုံရသည်။

၂၀၀၉ နောက်ပိုင်း မြန်မာစစ်ဖက်နှင့် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်သော UWSA သည်လည်း အခြားလက်နက် ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ရေးကို စည်းစားလာပုံရသည်။ ထို့ပြင် UWSA အနေနှင့် ၎င်းတို့ဒေသ၏အနာဂါတ် ခြေလှမ်း ကိုလည်း စဉ်းစားဆုံးဖြတ်လာပုံရသည်။ ယခင်ကအသုံးပြုသည့် ဝ အထူးဒေသ ၂ ဆိုသည်ကိုသုံးနှုန်းခြင်း သိပ်မတွေ့ရတော့။ ဝ ပြည်နယ်ဟု သုံးစွဲလာသည်။ နောက်ပိုင်းထုတ်ပြန်ချက်များတွင် ဝ ကို ပြည်နယ်ပေးရမည်ဟု တောင်းဆိုလာခဲ့တော့သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ဝ တို့အား မြို့နယ် ၆ ခုပါသော ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းကို ရှမ်းပြည်နယ်တွင်း၌ ဖွဲ့စည်း ထားသည်။ UWSA ကတော့ ဝ ကိုပြည်နယ်ပေးရမည်ဟူသော ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်တရားဝင်ထုတ်ဖေါ်လိုက် သည်။

တိုင်းရင်းသားတပ်ပေါင်းစုတွင် တက်ကြွစွာလှုပ်ရှားနေသော KIA သည် UWSA နှင့်ဆက်သွယ်ဆွေးနွေးညှိနှိုင်းမှုရရှိနိုင်ခဲ့ သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၅ မေလဆန်းတွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း) ၌ UWSA/NDAA/KIA တို့ ပူးတွဲကမကထပြုသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့၏ ညီလာခံကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ ထိုဆွေးနွေးပွဲတွင် MNDAA/TNLA/AA တို့ကို တက်ရောက်ခွင့်မပြုရန် အစိုးရက ဟန့်တားခဲ့သော်လည်း UWSA ကငြင်းပယ်ခဲ့ပြီး လုံခြုံရေးတင်းကြပ်စွာချ၍ ပန်ဆန်း (ပန်ခမ်း) ညီလာခံကို ၂၀၁၅ မေ ၁ ရက်မှ စ၍ ၆ ရက်တိုင် ကျင်းပခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် လက်နက်ကိုင်အင်အားအများစုရှိသည့် လက်နက်ကိုင်တပ်ဖွဲများတက်ရောက်ကြသည်။ တက်ရောက် သည့်အဖွဲ့များမှာ UWSA/NDAA/KIA/MNDAA/TNLA/AA/SSPP/KNU/KNPP/NMSP/RCSS /PNLO တို့ဖြစ်ကြသည်။ အဓိကအားဖြင့် နိုင်ငံရေးအမြင်များ ပြည်နယ်ရပိုင်ခွင့်နှင့် တိုင်းရင်းသားရပိုင်ခွင့်များ ဆွေနွေးခဲ့ကြသည်။
UWSA ကမူ ဝ ပြည်နယ်ရပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် တက်ရောက်သောအဖွဲ့အစည်းများအားတောင်းဆိုခဲ့သည်။ အဖွဲ့အများစု၏ဥက္ကဌနှင့် စစ်ဦးစီးချုပ်များတက်ရောက်ခဲ့ကြသည်။ စစ်ရေးဆိုင်ရာ သဘောတူညီချက်များ တဖွဲ့ချင်းအလိုက် ရရှိနိုင်ဖွယ်ရှိသည်ဟု အကဲခတ်များက သုံးသပ်ကြသော်လည်း တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။


UWSA မှ အဓိကခေါင်းဆောင် ပေါက်ယိုချမ်းတက်ရောက်သော အဆိုပါညီလာခံတွင်အောက်ပါနိုင်ငံရေး သဘောတူညီချက် ရရှိသည်ဟု ဆိုပါသည်။

၁။ အစိုးရဖက်မှ အင်အားသုံးဖိအားပေးမှုများရှိနေ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် သင့်တော်သည့် လက် နက်ကိုင် အင်အားကိုထားရှိရန်။

၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးကြီးသော၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်ရန်။

၃။ အပစ်ရပ်လက်မှတ်ထိုးရာတွင် အားလုံးပါဝင်မှတ်ထိုးရန်တို့ဖြစ်သည်။ ထို့ပြင် ကိုးကန်တွင်အပစ်ရပ်ရန်လည်း တောင်းဆို ခဲ့ကြသည်။

မည်သို့ပင် ဖြစ်စေ UWSA အဖို့တော့ သီးခြားခွဲထွက်ပြီးနောက်ပိုင်း အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်ပေါင်းစု ဖွဲ့ရန် မဟာမိတ်ဖွဲ့ရန် စတင်သည့်ခြေလှမ်းဟုဆိုနိုင်သည်။ ၂၀၁၅ နိုဝင်ဘာ ၁ ရက်နေ့တွင်လည်း NCA လက်မှတ်မထိုးသည့် အဖွဲ့များနှင့် ဒုတိယအကြိမ် ပန်ဆန်းညီလာခံကိုပြုလုပ်ခဲ့သေးသည်ကို တွေ့ရသည်။

နောက်တကြိမ်ညီလာခံတွင် NCA လက်မှတ်ထိုးရာတွင် ပါဝင်သည့်သည့် RCSS/SSA စဝ်ရွက်ဆစ်အဖွဲ့နှင့် ခွန်မြင့်ထွန်း ဦးစီးသည့် PNLO တို့ကို ဖိတ်ကြားခြင်းမပြုတော့ပေ။ သို့သော် NCA လက်မှတ်ထိုးရာတွင်ပါဝင်သည့် KNU မှ နော်စီဖိုးရာစိန် တို့တက်ရောက်သည်ကိုတွေ့ရ၏။  NCA လက်မှတ်မထိုးသည့် NSCN (K) ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိပေ။

၎င်းညီလာခံတွင် UWSA ခေါင်းဆောင် ပေါက်ယိုချမ်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်တောင်းဆိုချက်မှာ ငြင်းပယ်ခံနေရကြောင်း ၂၀၀၈ အခြေခံဥပဒေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စနစ်တကျချုပ်ကိုင်သည့်မူကို မြန်မာစစ်ဖက်က မစွန့်လွှတ်ကြောင်းပြောဆိုခဲ့သည်။

ဤသို့ဖြင့် UWSA သည် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ပြုရေးကို ၂၀၁၅ ၌ ပိုမိုအာရုံစိုက်လာသကဲ့သို့ သူတို့၏နိုင်ငံရေးရည်ရွယ်ချက်ကိုလည်း ထုတ်ဖေါ်ပြောဆိုလာသည်ကိုတွေ့ရ၏။ သို့သော် UWSA သည် ညီညွတ်သောတိုင်း ရင်းလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင် တရားဝင်ပါဝင်ခြင်းမရှိသေးဘဲ UNFC နှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ် တည်နေသည်ဟုဆိုရပေမည်။

● UWSA နှင့် NCA
UWSA သည် လက်ရှိ NCA လက်မှတ်ထိုးရာတွင် မပါဝင်သည့်အဖွဲ့ဖြစ်သည်။ ထို့အတူ တနိုင်ငံအပစ်အခတ်ရပ်စဲရေးဆိုင်သဘောတူညီချက် NCA နှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင်လည်း မပါဝင်ခဲ့ပေ။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် NCA သဘောတူညီချက်ရပြီးမှသာ NCA လက်မှတ်ထိုးရာတွင် ပါဝင်ရန် ဖိတ်ခေါ်ခံရသည့် အဖွဲ့ဖြစ်သည်။ အစိုးရဖွဲ့ စည်းထားသော UPWC ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် NCA  သဘောတူညီချက်များ ဆွေးနွေးရာတွင် UWSA နည်းတူ NDAA/RCSS နှင့် NSCN (K) အပါစုစုပေါင်း ၄ ဖွဲ့လည်း မပါဝင်ခဲ့ပေ။ ထို့အဖွဲ့များအားလည်း NCA လက်မှတ်ထိုးရာတွင်ပါဝင်နိုင်ရေးအတွက် အစိုးရ၏စည်းရုံးသိမ်းသွင်းမှုကို RCSS တဖွဲ့တည်းကလက်ခံပြီး UWSA အပါကျန် ၃ ဖွဲ့က လက်မခံခဲ့ပေ။

UWSA အနေနှင့် NCA လက်မှတ်ထိုးရာတွင်ပါဝင်ရေးအတွက် သမတဦးသိန်းစိန်အပါ UPWC ခေါင်းဆောင်များသည် NCA လက်မှတ်မထိုးမှီတွင်လည်းကောင်း၊ NCA လက်မှတ်ထိုးပြီးနောက်တွင် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေး သိမ်းသွင်း ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ UWSA ဖက်ကလည်း အဆိုပါတွေ့ဆုံပွဲများသို့ အမြင့်ဆုံးခေါင်းဆောင်များ တက်ရောက် ခြင်းမရှိသည်ကိုတွေ့ရသည်။

UWSA ဘက်ကအကြောင်းပြန်သည်မှာ ၎င်းတို့အနေနှင့် မြန်မာစစ်ဖက်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးအတွက် ၁၉၈၉ က လက် မှတ် တစ်ကြိမ်ထိုးပြီးဖြစ်၍ နောက်တကြိမ် အပစ်ရပ်လက်မှတ်ထိုးစရာမလိုဟု အကြောင်းပြန်သည်။ နောက်ဆုံးတကြိမ် တွေ့ဆုံရာတွင် အကယ်၍ NCA လက်မှတ်ထိုးရာတွင် မပါဝင်ပါ မိုင်ဆတ်ခရိုင်တွင်းရှိ လွယ်လန်းဒေသ တည်ရှိမှု အသိမှတ်ပြုရာတွင်ထိခိုက်လိမ့်မည်ဟူလည်းကောင်း၊ ဝ ပြည်နယ်တောင်းဆိုရေးကို ထိခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊ UPWC မှ ဆိုခဲ့သော်လည်း UWSA က ဆက်လက်ငြင်းပယ်ခဲ့သည်။

လက်ရှိ UPWC ၏ပေါ်လစီ၏ ပေါ်လစီမှာ NCA လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ခွင့်ပြုမည်ဟု ဆက် စပ်ထားသည်။ NCA သဘောတူညီချက်ပါ အချက်များကိုချုပ်ကိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲကိုဆက်လိုပုံရသည်။ သို့ဖြစ်ရာ ၂၀၁၆ ဇန္နဝါရီ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုသည်၌ NCA လက်မှတ်မထိုးသည့် အဖွဲ့များကို လေ့လာသူ အဖြစ်ဖိတ်ကြားသော်လည်း UWSA အပါမည့်သည့်အဖွဲ့မှ မတက်ရောက်ကြချေ။

သို့သော် UWSA အား ၁၉၈၉ တွင် လက်မှတ်ထိုးထားသည့် စာချုပ်ကိုအသိမှတ်ပြုပြီး နိုင်ငံရေးဆွေးနွေးပွဲညီလာခံတက်ခိုင်းပါကလည်း အခြားအကြောင်းပြငြင်းဖွယ်ရှိသည်။ UWSA သည် NCA လက်မှတ်ထိုးရာ၌ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား ဖွယ်ရှိသည်။ လက်ရှိအစိုးရက လက်ခံရန် ခါးခါးသီးသီးဖြစ်နေသော MNDAA ကိုးကန့်အဖွဲ့ပါဝင်လာရေးသည် UWSA အ တွက် ဆက်စပ်စဉ်းစားဖွယ်အချင်းအရာလောဆိုသည်မှာ စဉ်းစားဖွယ်ဖြစ်သည်။

၂၀၁၅ စက်တင်ဘာ ၄ ရက်နေ့ UWSA ၏ထုတ်ပြန်ချက်တွင် ၎င်းတို့လက်မှတ်မထိုးသည့်အ ကြောင်းရင်းများကိုဖေါ်ပြ ထားသည်။ ပထမအချက်မှာ တနိုင်ငံလုံးအပစ်ရပ်ရေးဆိုကာ အချို့အဖွဲ့များကိုချန်လှပ်ထားခြင်းကို လက်မခံနိုင်ကြောင်း ဒုတိယအချက်မှာ မြန်မာပြည်မြောက်ပိုင်းပဋိပက္ခများတွင် အနောက်နိုင်ငံများပါဝင်ပတ်သက်သည်ကိုလက်မခံနိုင်ကြောင်း တတိယအချက်အနေနှင့် NCA တွင် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ရမည်ကို ထည့်သွင်းမထားခြင်းကို လက်မခံကြောင်း စတုတ္ထအချက်အနေနှင့် NCA တွင် ဝ ပြည်သူများ၏တောင်းဆိုချက်မပါဝင်သဖြင့် ဝ ပြည်သူများကိုကိုယ်စားမပြု၍ လက်မှတ် ထိုးမည်မဟုတ်ကြောင်း ဖေါ်ပြထားပါသည်။

UWSA သည် လက်ရှိ NCA လက်မှတ်ထိုးခြင်းမရှိသကဲ့သို့ ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ခြင်းမရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး မျှော်လင့်ချက်ထားကြောင်းကိုမူ ပြသခဲ့သည်။ ရှမ်းပြည်နယ်ရွေးကောက်ပွဲအတွင်း UWSA သြဇာသက်ရောက်သောမြို့နယ်များ၌ NLD အနိုင်ရရေးတွန်းအားပေးလှုံ့ဆော်ပေးခဲ့သည်ဟု ဆိုကြသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အား ဝ နယ်သို့ဖိတ်ခေါ်ထားပြီး NLD အစိုးရတက်လာလျှင် ဆွေးနွေးရန် ကိုယ်စားလည် အဖွဲ့ရွေးချယ်ထားပြီဟု ကြေငြာခဲ့သည်။ သို့ဖြစ်ရာ လာမည့် NLD အစိုးရသစ်လက်ထက်တွင် UWSA နှင့် ညှိနှိုင်းဆွေးနွေး မှုပြေလည်ဖွယ်ရှိမည်လောဟု မျှော်လင့်ဘွယ်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်သည် မြန်မာ စစ်ဖက်၏ ထောက်ခံမှုရယူရန် လိုအပ်ပေလိမ့်မည်။

ဆက်လက်ဖေါ်ပြပါမည်
Photo Credit : Getty Images