ကိုအောင်မှိုင်း - ကျောချမှ ဓါးပြမှန်းသိ


ကိုအောင်မှိုင်း - ကျောချမှ ဓါးပြမှန်းသိ
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

မြန်မာ့နိုင်ငံရေးအခင်းအကျင်းတခုလုံးအပေါ် မကွယ်မ၀ှက်သုံးသပ်ပြောပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်တယောက် ကျောချခံလိုက် ရတယ်လို့ပြောရလိမ့်မယ်ထင်တယ်။ ကျောချခံရပေမဲ့ အမြတ်ထွက်တာတခုတော့ရှိပါတယ်။ စကားပုံလာအတိုင်း ဘယ်သူဟာဓားပြလဲ ဆိုတာတော့ ထင်ထင်ရှားရှား သိလိုက်ရလိမ့်မယ်ထင်ပါတယ်။ ဖေဖေတည်ထောင်ထားတဲ့တပ်မတော်နဲ့ အခုတပ်မတော် ခေတ်ကာလ ကွာခြားလာတာနဲ့ အမျှ  အတွေးအခေါ် စိတ်ဓါတ်တွေ ကွာခြားလာတယ်ဆိုတာ သတိပေးလိုက်သလိုလဲ ဖြစ်နေပါတယ်။ကနေ့ စစ်တပ်ဘက်ကတော့ ညစ်လို့ရသမျှ အကုန်ညစ်မယ်ဆိုတာ ဗြောင်ဖေါ်ပြနေသလို ဗြောင်လဲလုပ်ပြနေတာဖြစ်ပါတယ်။ ဒီသတိပေးမှုဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့  ဒီချူပ်ကိုတင်မကဘဲ မြန်မာနိုင်ငံရှိတိုင်းရင်းသားလုပ်သားပြည်သူအားလုံးနဲ့ ပါ သက်ဆိုင်နေတာဖြစ်နေပါတယ်။ ဒီစကားပုံဟာ မြန်မာလူမျိုးတွေအတွက်တော့ ပက်ပက်စက်စက်သစ္စာမဲ့ ခံရတဲ့အခါတွေမှာ သုံးလေ့ရှိတာဖြစ်ပြီး မြန်မာပြည်သူပြည်သား တွေ ကနေ့ပက်ပက်စက်စက် သစ္စာမဲ့ခံရတာကို ဖေါ်ပြလိုတဲ့အတွက် ကျနော်ရေးလိုက်ရပါတယ်။

ကနေ့လူထုလိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖက်ဒရယ်ပြည်ထောင်စုတို့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဆိုတာတွေဟာ စစ်တပ်ရဲ့ ကပျက်ကယက်လုပ်မှုတွေနဲ့  ပက်ပက်စက်စက်ကို ကြုံတွေ့ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပြောလို့ရတော့မှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူထုရဲ့ လိုလားချက်ဆိုတာတွေဟာ စစ်တပ်ရဲ့ မလိုလားမှုတွေဖြစ်နေတာ ထင်ရှားပါတယ်။ ၂၀၀၈ နာဂစ်ဖွဲ့  စည်းအုပ်ချူပ်ပုံအခြေခံဥပဒေဆိုတာ စစ်တပ်အတွက်တော့ လိုတရပတ္တမြားမျက်ရှင်ဆေးလုံးကြီးဖြစ်လို့နေပါတယ်။ အသက် ၆၀ ကနေ ၆၅ နှစ်ထိ ပင်စင်သက်တိုးချင်သလား၊ လွတ်တော်မှာ ၂၅% ဇွတ်ဝင်ထိုင်ချင်သလား၊ ဒုသမ္မတ တယောက်ဇွတ်တင်ချင်သလား၊ ကာလုံ ဆိုတာမှာ အများစုမဲလိုချင်သလား၊ ၀န်ကြီးဌာန ၃ခု အိပ်ကပ်ထဲထည့်ချင်သလား၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး လား၊ လိုတာအားလုံး ပတ္တမြားမျက်ရှင်ထဲမှာရှိပြီးသားပါ။ ဒီတော့လဲ ၂၀၀၈ကို မရှက်မကြောက်အသက်ပေးကာကွယ်မယ်ပြောတာ သိတ်တော့ထူးဆန်းမနေပါဘူး။

ပြည်တွင်းငြိမ်းချမ်းရေးကို မလိုချင်ဆုံးလူတန်းစားဟာ စစ်ဗိုလ်ချူပ်လူတန်းစားတွေ ဖြစ်တယ်လို့ အခိုင်အမာပြောရမှာဖြစ်ပါတယ်။ ကနေ့ တိုင်းပြည်ငြိမ်းချမ်းသွားရင် စစ်တပ်ကအခုလို ဗိုလ်ကျအနိုင်ကျင့်လို့ မရတော့မှာသေချာတယ်။ ပြည်တွင်းစစ်ကို လက်ညိုးထိုးပြီး စီးပွါး ဖြစ်နေတဲ့ စစ်အုပ်စုအတွက်ပြည်တွင်းစစ်မီးကို မွှေးကိုမွှေးရမှာ တာဝန်တခုလိုဖြစ်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးသမိုင်းဖြစ်စဉ်ကို ပြန် ကြည့်ရင်လဲ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအားလုံးမှာ စစ်တပ်ဘက်က ဂတိမတည်တာနဲ့  စစ်တပ်ဘက်က တဖက်သတ် ဖျက်သိမ်းခဲ့ တာချည်းတွေ့ ရမှာဖြစ်ပါတယ်။ လူထုပေါ်ဗိုလ်ကျအနိုင်ကျင့်နိုင်ဘို့ စစ်တပ်အတွက်အကောင်းဆုံးအကြောင်းပြချက်ကတော့ ပြည်တွင်းစစ်ဆိုတာဘဲဖြစ်ပါတယ်။ ကနေ့ဗမာပြည်ရဲ့ စစ်ဗိုလ်ချူပ်ဟောင်း/သစ်တွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်ကတော့ ပြည်တွင်းစစ် သက်ဆိုးရှည်ရေးပါဘဲ။

ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ချင်ရင် လက်ရှိ ၂၀၀၈ဖွဲ့ စည်းပုံကို ပြင်ကိုပြင်ဘို့လိုတယ်ဆိုတာ တိုင်းရင်းသားတိုင်းသိပြီးကိစ္စ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုရှုံးနိမ့်ပြီးတဲ့နောက် ဦးသိန်းစိန်တယောက် မိန့်ခွန်းခြွေမှု အတော်နည်းသွားတာ တွေ့ရပါ တယ်။ သူ့နေရာမှာ လူစားဝင်လာတဲ့လူကတော့ ကာချူပ်ဖြစ်တဲ့ ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်ဘဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် ၆၈ကြိမ် မြောက် လွတ်လပ်ရေးနေ့ကစပြီး ပေါ်ပေါ်ထင်ထင်စပြောလာတယ်လို့ မှတ်သားမိပါတယ်။ ဒီနောက်တော့ ဆက်တိုက်ဆိုသလိုပါဘဲ ကလောစစ်ဦးစီးတက္ကသိုလ် ဗထူးဗိုလ်သင်တန်းကျောင်း ဟိုင်းကြီးကျွန်း ရေတပ်စခန်းတွေမှာ စသဖြင့်ဆက်တိုက်ဆိုသလို တပ်မတော် သဘောထားလို့ပြောရမလား သူ့သဘောထားလို့ ပြောရမလား မိန့်ခွန်းတွေတောက်လျှောက်ခြွေခဲ့တာကိုလည်းတွေ့ရပါတယ်။ ခက်တာ က မိန့်ခွန်းတိုင်းလိုလိုမှာ မဆလ န၀တ နအဖ ခေတ်က ဓါတ်ပြားဟောင်းကြီးတွေကို ရေလျှော် ဖုံသုတ် တိုက်ချွတ်ဆေးကျော ပေါ်လစ် တင်ထားတာဘဲတွေ့ရပါတယ်။ အနှစ်သာရကတော့ စစ်အုပ်ချူပ်ရေး စစ်တပ်အကျိုးစီးပွါးကိုမထိနဲ့ ဆိုတာရယ် ထင်ရာမြင်ရာပြောချင်တာ ဇွတ်ပြောတာတွေရယ်ဘဲတွေ့ရတော့ ဦးသိန်းစိန်လောက်တောင် အကင်းမပါးဘူးလို့ပြောရတော့မယ်ထင်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်သင်တန်းသားအရာရှိများနဲ့ တွေ့ဆုံ အမှာစကားပြောရာမှာ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့မရနိုင်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့ အညီ တောင်းဆိုမှုတွေပြုလုပ်ကြဖို့ ပြောကြားသွားတာ တွေ့ ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ ဆုံပြီးတဲ့နောက် ဒုတိယသမ္မတများ အမည်တင်သွင်းရန်တရက်အလို နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ်မှာပြောတဲ့ ကာချူပ်မိန့်ခွန်းမှာတော့ သမိုင်းဆိုင်ရာကိစ္စတွေလဲပါရဲ့  သစ္စာတရားဆိုတာတွေလဲပါရဲ့  သွေးနှောကိစ္စ ဆိုတာတွေလဲပါရဲ့  ကလေးစစ်သား ပညာရေးအပါအ၀င် အတော်ကို ရောသမမွှေထားတာတွေ့ရပါတယ်။ ပြောရမယ်ဆိုရင် အနော်ရထာ ဘုရင်ကစပြီး ဦးသိန်းစိန်ခေတ်အထိကို သူ့ကိုယ်ပိုင်အမြင်နဲ့  တထိုင်ထဲနိဂုံးချူပ်ထားတာလို့ ပြောနိုင်မှာဖြစ်ပါတယ်။ ကိစ္စအတော်များ များမှာ တင်းတင်းမာမာ ရှိနေတာတွေ့ ရလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ သိတ်မပြေလည်ဘူးလို့ နားလည်လိုက်မိရပါတယ်။

ကာချူပ်ရဲ့ သမိုင်းဆိုင်ရာ နိဂုံးချူပ်ချက်တွေက ကျနော်တို့နားလည်သိရှိထားတာတွေနဲ့ အတော်ကိုလွဲနေတာတွေ့ ရလို့ ကျနော့်တို့ နားလည်မှုအချို့  ကိုတင်ပြလိုပါတယ်။ အဓိက ကတော့ သမိုင်းအမှားတွေနဲ့  နှစ်ရှည်လများ မွန်းကြပ်ပိတ်ဆို့ခံခဲ့ရတဲ့ ဘ၀တွေက ကျနော်တို့ရုန်း ထွက်ရမဲ့အချိန်မှာ သမိုင်းအမှားတွေကို ထပ်မံ မသင်ကြားစေလိုတာဖြစ်ပါတယ်။ တပ်မတော်ခေါင်းဆောင်တယောက် ပြောကြားတဲ့မိန့်ခွန်းကို တပ်မတော်သားတွေအပါအ၀င် ပြည်သူလူထုကြီးအနေနဲ့ မှတ်ယူသင်ကြားမှုပြုတဲ့အခါ မလွဲမှားစေလိုတာလဲ ပါတာဖြစ်ပါတယ်။

ပထမဆုံးပြောလိုတာက မြန်မာတွေသူ့ကျွန်ဖြစ်ရတာ ကာချူပ်ပြောသလို ဘယ်သူ့ ဘယ်သူမှာ သစ္စာမဲ့တာမတွေ့ရပါဘူး။ သေချာတာက နှစ်ပေါင်ထောင်ချီကျင့်သုံးလာတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့  အရင်းရှင်နယ်ချဲ့စနစ်တို့ရဲ့  ထိတ်တိုက်ရင်ဆိုင်မှုကြောင့်ဟာ ပထမဆုံး ကျနော်တို့ စစ်ရှုံးနိမ့်ရခြင်းအကြောင်းရင်းလို့ နားလည်မိပါတယ်။ ဒုတိယအချက်ကတော့ အမြဲတမ်းတပ်မတော်တရပ်ကို ပီပီပြင်ပြင်မတည် ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်အချက်ကတော့ အုပ်ချူပ်တဲ့သီပေါဘုရင်ရဲ့ အရည်အချင်းညံ့ဖျင်းမှုဖြစ်ပါတယ်။ အခြားအချက်အ လက်တွေလဲ ရှိပါတယ်။ကျနော်အနေနဲ့ ဒီ၃ချက်အပေါ်အခြေခံပြီးတင်ပြမှာဖြစ်ပါတယ်။

ပထမ အင်္ဂလိပ်-မြန်မာစစ်(၁၈၂၄-၁၈၂၆ခုနှစ်)အတွက် သုတေသနစာတမ်းတခုမှာ အောက်မှာဖေါ်ပြထားသလို နိဂုံးချူပ်ထားတာတွေ့  ရပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ဥရောပအရင်းရှင်စနစ်ကို၎င်း၊ မိမိရဲ့ အဘက်ဘက်က အားနည်းမှုကို၎င်း၊ မြန်မာပဒေသရာဇ်တို့ မြင် နိုင်စွမ်းမရှိလောက်အောင် ဗဟုသုတနည်းခဲ့ကြတယ်။ ဥရောပ ပဒေသရာဇ်တွေကို ဖြိုချလာခဲ့တဲ့ ဥရောပအရင်းရှင်စနစ်က မြန်မာပဒေသ ရာဇ်တွေကို ဖြိုချလိုက်တဲ့အတွက် ပထမ အင်္ဂလိပ်-မြန်မာစစ်မှာမြန်မာတို့ဖက်က ရှုံးခဲ့ရတာဖြစ်ပါတယ်။ရခိုင်နဲ့ တနင်္သာရီကို ပေးလိုက် ကြရပါတယ်။

ဒုတိယအင်္ဂလိပ်-မြန်မာစစ်(၁၈၅၂-၁၈၅၃ခုနှစ်)မှာ မြန်မာဘုရင်သာယာဝတီမင်းက ပထမစစ်ပွဲရှုံးရတာစစ်ရေးအင်အားနည်းမှုနဲ့  စစ်ရေး အမှားကြောင့်လို့သုံးသပ်ပြီး စစ်အင်အားကိုသာ ဖြည့်တင်းခဲ့ပါတယ်။ စီးပွါးရေး၊နိုင်ငံရေး လူမှုရေး အုပ်ချူပ်ရေးစတဲ့ ကမ္ဘာ့အခင်း အကျင်း အပြောင်းအလဲကို လစ်လျူရှုသုံးသပ်ခဲ့ကြပါတယ်။ ဗြိတိသျှတို့က အနောက်မြောက်နယ်ခြားအရေး၊အာဖဂန်အရေးတွေကြောင့်မြန်မာ နိုင်ငံအရေးကို ခေတ္တရွေ့ ဆိုင်းခဲ့ပြီး အဆိုပါအရေးများ ပြီးဆုံးသွားသောအခါ ပုဂံမင်းလက်ထက်မှာ တဖန်ကျူးကျော်စစ်ကို ဆင်နွဲခဲ့ကြ ပြန်ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို တခါထပ်ရှုံးခဲ့ရပြန်ပါတယ်။အောက်မြန်မာနိုင်ငံကို ပေးလိုက်ကြရပြန်ပါတယ်။

တတိယ အင်္ဂလိပ်-မြန်မာစစ် (၁၈၈၅ခုနှစ် နိုဝင်ဘာ ၁၄ရက် မှ နိုဝင်ဘာ ၂၉ရက်) မင်းတုန်းမင်းလက်ထက် ညီတော်ကနောင်မင်းသား ကြီးအနေနဲ့  အမျှော်အမြင်ကြီးစွာ တိုင်းပြည်တည်ဆောက်ရေးအတွက် စက်ရုံများတည်ထောင်ခြင်း နိုင်ငံခြားသို့ပညာတော်သင်စေ လွှတ်ခြင်း ရတနာပုံသတင်းစာတည်ထောင်ခြင်း ဘုရင့်တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်ရန် ကြိုးပမ်းခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။ မြန်မာနိင်ငံမှ ပညာတော်သင် ၁၀၀ကျော်နိုင်ငံခြားသို့သွားရောက်ပညာသင်ယူနေချိန်မှာ ဂျပန်နိုင်ငံမှ ၁ဦးသားစေလွှတ်နိုင်ခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘုရင်ကြီးမီဂျီမှာ အသက်ငယ်သော်လဲ ဥာဏ်အမျှော်အမြင်ရှိစွာ သက်ဦးဆံပိုင်ပဒေသရာဇ် အဖြစ်မှ စည်းမျဉ်းခံဘုရင်စနစ်အဖြစ်ပြောင်းလဲဘို့လက်ခံခဲ့ပါတယ်။ ခေတ်မီတပ်မတော်တည်ဆောက်ရေးမှာလဲ ခက်ခက်ခဲခဲဆုံးဖြတ် ချက်များချမှတ်ကာဆောင်ရွက်ခဲ့ပါတယ်။ မြန်မာဘုရင်သီပေါမင်းအနေနဲ့  စည်းမျဉ်းခံဘုရင်စနစ်ကို လုံးဝလက်မခံခဲ့တဲ့အပြင် ဥာဏ်ပညာ အမျှော်အမြင်ရှိကြတဲ့ မင်းသား၃၀ကျော်ကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။ မြန်မာ့နိုင်ငံနန်းတွင်းအရေးတော်ပုံဟာ ကျွန်ပြုခံရဘို့ခြေလှမ်းဖြစ် ပါတယ်။ ဒါအတွက်ကြောင့်လဲ ၁၅ရက်အတွင်း စစ်ရှုံးခဲ့ရတာပါ။ တိုက်ပွဲရဲ့ စစ်အင်္ဂါစဉ်အချို့ ကိုပြောလိုပါတယ်။

မြန်မာတို့ဘက်မှ လူအင်အား ၃၄၀၀ ။ အမြောက်(၁၀)လက်။ စိန် (၁၀လုံး)၊ ခံစစ်ကြောင်း (၅)ကြောင်းခွဲ ခုခံသည်။

ဗြိတိသျှဘက်မှ လူအင်အား ၉၄၆၇ ။ အမြောက်(၇၇)လက် (၂၇လက်မှာ အမြန်ပစ်စက်သေနတ်များ) ၊ရေတပ် သင်္ဘော၂၄စင်း တွဲသမ္ဗာန်ကြီး ၂၃စင်း။

ကျနော်တို့အမြင်ကတော့ အထက်မှာတင်ပြထားတဲ့ အချက်၃ချက်ဟာ ကျနော်တို့ထီးနန်းပျောက်ဘို့အဓိက တွန်းအားတွေလို့ ပြောလို ပါတယ်။

(ပြည်တွင်းသစ္စာဖောက် တို့၏ သစ္စာမဲ့သည့်ဖြစ်ရပ်များကြောင့် နယ်ချဲ့များ ရတနာပုံနန်းတော်အထိ အလွယ်တကူ ၀င်ရောက်နိုင်ခဲ့ပြီး မိမိ တို့ ထီးနန်းပျောက်ခဲ့ရကြောင်း) ဆိုတဲ့ ကာချူပ်အမြင်များဟာ လက်တွေ့ ဖြစ်ရပ်များနဲ့ များစွာကွဲလွဲနေကြောင်း ထောက်ပြခြင်းဖြစ်ပါတယ်။

ကာချူပ်ပြောတဲ့သစ္စာစောင့်ဘို့ဆိုတာ ဘယ်သူက ဘယ်သူ့ကို ဆိုတာ တိတိကျကျပြောထားတာ မတွေ့ရပါဘူး။ စစ်တပ်အရာရှိကြီးတွေကို ပြောတဲ့မိန့်ခွန်းဆိုတော့ စစ်တပ်ကိုသစ္စာရှိဘို့လို့ အဓိပ္ဗါယ်ရမှာဖြစ်ပါတယ်။ စစ်တပ်ဆိုတာကလဲ ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်ဖြစ်နေ တော့ ကာချူပ်မိန့်ခွန်းက ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်ကို သစ္စာစောင့်သိဘို့ ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်က ပြောနေတာလို ဖြစ်နေ တာတွေ့ရပါတယ်။ကျနော်တို့လိုလားတာက တိုင်းပြည်အပေါ်သစ္စာစောင့်သိဘို့ဖြစ်ပါတယ်။ တိုင်းပြည်ကြီးပွါးချမ်းသာဘို့ လက်တကမ်းအလိုမှာ တည်ရှိနေတဲ့ ကနေ့ကာလမှာ စစ်တပ်က ကပျက်ကယက်ပြောဆိုလုပ်ကိုင်နေတာတွေဟာ တိုင်းပြည်အတွက် ဆူးညောင့်ခလုပ် တွေ ဖြစ်နေတယ်ဆိုတာကို ထောက်ပြလိုပါတယ်။စစ်တပ်က တတိုင်းပြည်လုံးရဲ့ အပေါ်မှာရှိနေသမျှ စစ်တပ်က တိုင်းပြည်အပေါ်သစ္စာ မဲ့နေတာဖြစ်တယ်လို့ ကျနော်တို့ပြောရမှာ ဖြစ်ပါတယ်။

အပေးအယူအဆင်မပြေတာနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပြီး သွေးနှောတဲ့ကိစ္စဆိုပြီး ပြန်တင်လာတာဟာအတော် စိတ်ပျက်ဘို့ ကောင်းပါတယ်။ ကာချူပ်လေကိုဖမ်းပြီး လွှတ်တော်မှာ “နတ်စိမ်းတပါး” က ဒေါ်အောင်ဆန်းစုကြည်ကို သွေးနှောသူဆိုပြီး ဗြောင်ပုတ်ခတ် ပြောတာ ကြားရတော့ ကနေ့ဗမာ့တပ်မတော်မှာ ဒီလူတွေထက် အရည်အချင်း အရည်အသွေးနဲနဲလောက်ပို ရှိတဲ့လူတွေ မရှိတော့ဘူး လား လို့မေးခွန်းထုတ်ရတော့မဲ့ အခြေအနေလို့ပြောလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချူပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်ဆိုတဲ့ မြန်မာလူမျိုး ၂ဦးကမွေးလိုက်တဲ့ မြန်မာလူမျိုးစစ်စစ်တဦးသာဖြစ်ပါတယ်။ လွှတ်တော်လာပြီး တာဝန်မဲ့လဲ လာထိုင်နေသေးတယ်။ တာ ၀န်မဲ့ စကားတွေလဲပြောနေပြန်တော့ မြန်မာနိုင်ငံရှေ့ ဆက်ရမဲ့ အရေးအတွက် အတော်ကို ရင်လေးမိတယ်လို့ဘဲပြောရတော့မှာပါ။

ကာချူပ်မိန့်ခွန်းမှာ ပညာရေးမြှင့်တင်ဘို့လိုကြောင်း ပါလာတာကို တွေ့ရလို့ အထူးကြိုဆိုလိုပါတယ်။ ပညာရေးမြှင့်တင်တယ်ဆိုတာ ချက်ခြင်းလုပ်လို့ရတဲ့ ကိစ္စမဟုတ်သလို ပညာရေးအတွက် ရင်းနှီးမြုတ်နှံမှုကို ရေရှည်လုပ်ကြရတာဆိုတာကိုလည်းထည့်ပြောစေလို ပါတယ်။ ကာကွယ်ရေးဘတ်ဂျက်ကို ၄၀%ကျော်သုံးနေချိန်မှာ ပညာရေးအတွက် ၃%လောက်သုံးစွဲနေရုံလောက်နဲ့ တော့ ကာချူပ် ပြောတဲ့ ပညာရေးမြင့်တက်လာမှာမဟုတ်တာသေချာပါတယ်။

ကာချူပ်မိန့်ခွန်းမှာ မြန်မာနိုင်ငံလူဦးရေရဲ့  ၇၀%ကျော်ဟာ ကျေးလက်နေတောင်သူလယ်သမားများဖြစ်ကြပြီး ထိုသူများအတွက် ပညာရေး စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဘို့လိုကြောင်းပါလာတာကို တွေ့ ရလို့ အထူးကြိုဆိုလိုပါတယ်။ ကျေးလက်ပြည်သူတွေ စီးပွါးရေး ပညာရေးဖွံ့ ဖြိုးတိုးတက်ဘို့ စစ်တပ်က သူတို့ပိုင်လယ်ယာမြေတွေ ဧကသန်းချီသိမ်းထားလို့ကတော့ သူတို့ဘ၀နလံထူဘို့ အတော်ခက်မယ်ဆိုတာ ပြောလိုပါတယ်။တကယ်သူတို့ဘ၀တိုးတက်စေလိုတယ်ဆိုရင် တပ်ပိုင်မြေတွေအမြန်ပြန်ပေးဘို့လိုမှာဖြစ် ပါတယ်။

ကနေ့ကျနော်တို့အမြင်ကတော့ ကာချူပ်အပြောနဲ့ အလုပ် ပြဒါးတလမ်း သံတလမ်းဖြစ်နေသလိုပါဘဲ။၂၀၀၈ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေ ဟာ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ ပိဋကတ်သုံးပုံမဟုတ်သလို ခရစ်ယန်ဘာသာ ယေရူခရစ်တော်ရဲ့  သမ္မာကျမ်းစာလဲမဟုတ်ပါဘူး။ ဒီလိုဘဲ မူဆလင်ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းစာလဲမဟုတ်ပါဘူး။ အမှန်တွေပါသလို အမှားတွေပါမှာဆိုတာ အသေအချာပါဘဲ။လူထုကလဲ အမြန်ပြင်စေချင်နေတာပါ။ ပြင်ချိန်တန်မှ ပြင်မယ်ဆိုတာထက် လူထုဆန္ဒအရ အမြန်ဆုံးပြင်မယ်ဆိုတာသာဖြစ်သင့်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်သမ္မတ မဖြစ်တော့လို့ လူထုအတွက်ရော စစ်တပ်အတွက်ပါ ဘာအကျိုးရှိလာသလဲဆိုတဲ့မေးခွန်းဟာ ကနေ့လူထုရဲ့ ရင် မှာကိန်းအောင်းနေဆဲဘဲ ဆိုတာပြောရင်း ခေါင်းဆောင်ဆိုသူများ တိုင်းပြည်နဲ့ လူထုအကျိုးဆောင်ရွက်နိုင်ကြပါစေ။

(စကားချပ်။ ။နတ်စိမ်း_ မြန်မာပြည်တွင်အစိမ်းသေ သေပြီးနတ်ဖြစ်သွားသော ၃၇မင်းကို နတ်စိမ်းများဟုခေါ်ဝေါ်သမုတ်ကြသည်။ လွှတ်တော်လာကာ အတွေးအခေါ် အစိမ်းသေ သေနေသော အစိမ်းဝတ်များကို တင်စားပြောဆိုသော စကားဖြစ်သည်။)


ကိုအောင်မှိုင်း