ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ - ဆောက်ပြဿနာ



လောကပါလ - ဆောက်ပြဿနာ
(မိုးမခ) မတ် ၇၊ ၂၀၁၆


စကားပုလ္လင်။ ဤခေါင်းစဉ်ကိုဖတ်ပြီး မိုက်ရိုင်းလိုက်တာ ဟု လက်ဖျစ်တစ်တွက်လျှင် ကုဋေတစ်သိန်းမျှ မြန်ဆန်သော စိတ်အလျဉ်ဖြင့် ဒေါသထွက်မိသည်ရှိအံ့ အကြင်သူ၏ မြန်မာဘာသာ တတ်ကျွမ်းနားလည်မှု အခြေအနေကို စစ်ဆေးရန်အပ်လိုအပ်နေပြီဖြစ်၏။ သို့စဉ်လျှက် မြန်မာစာမကျွမ်းလို့ ဝမ်းဟောင်းလောင်းဖြစ် ပြစ်ရတဲ့မသာမရှိပါဟု ထပ်ခါဒေါသထွက်ရသည်ဆိုပါမူကား ဤနေရာတွင်ရပ်သတိချပ်ကာ စာကိုဆက်မဖတ်ဘို့ ဆန္ဒပြုလိုပါသည်။ အောက်တွင်ရေးသားအပ်သောအကြောင်းအရာများမှာ ထမင်းမှတစ်ပါး အခြားအရေးမပါ ဆိုသူများအတွက် မဟုတ်ချေပြီတမုံ့။

ကျွန်တော် ငါးနှစ်သားအရွယ်လောက်ကမြစ်ဝကျွန်းပေါ်ရွာလေးတစ်ရွာမှာနေခဲ့ဘူးသည်။ တစ်နေ့ အိမ်ရှေ့ ရွာလမ်းမပေါ်မှာကစားနေကြစဉ် ကစားဘော်မိန်းကလေးတစ်ယောက်က ကျွန်တော့်ကိုမခံချင်အောင်စသဖြင့် ‘ေ_ာက်ကောင်မဟု (ကြားဘူးနားဝဖြင့်ဆဲလိုသည့်လျောက်) ကျွန်တော်ရေရွတ်လိုက်၏။ ဤသည်ကို ကြားသွားသော အိမ်နီးချင်းရွာသားတစ်ဦးက ကျွန်တော့်ကိုကျီစယ်ရန်အလို့ငှါ “ဟေ့ကောင် မင်းမှာရှိလို့လားကွ” ဟု ရယ်မောရင်းမေးလေသည်။ ကျွန်တော်က ယုံကြည်မှုပြည့်ဝစွာဖြင့် “ရှိတာပေါ့ဗျ” ဟု ပြန်ပြောသောအခါ အဆိုပါရွာသားသည် ကျွန်တော့်ထံသို့လျှောက်လာပြီး အတည်ပေါက်ဆက်ပြောပြန်၏။ ‘ဘယ်မလဲ ရှိရင် ငါ့ကိုပြစမ်း’။ ထိုရော်အခါ ကျွန်တော်သည် မနေသာတော့ဘဲ ကစားခြင်းကိုရပ်တန့်၍ အိမ်နောက်ဘက် ထင်းစင် ရှိရာသို့ အပြေးဝင်သွားကာ လူကြီးတွေထင်းခွဲရာမှာသုံးသော ‘ဆောက်’ (သံစို့) ကြီးကို မနိုင်ရင်ကာမလာပြီး ဂုဏ်ယူဝင့်ကြွားစွာ သူ့ကိုပြလေသည်။ သူကခွက်ထိုးခွက်လှန်ရယ်မောရင်း ကျွန်တော့်မိဘများကိုအော်ခေါ်ကာ အလုံးစုံရှင်းပြပြီးသကာလ ဆောက်ရော လူပါအပ်နှံလိုက်လေတော့သတည်း။

ထိုဆောက်ပြဿနာသည် စလုံးဆလိမ်လွဲမှားခြင်း၌အခြေခံကြောင်း နှစ်အတန်ကြာမှာ သိရှိနားလည်ခဲ့ရ၏။ သို့သော် နောက်တစ်ခါဆို အာဖဲ့မည်ဟု ကြိမ်းမောင်းထားသော အမေ့ကိုကြောက်သဖြင့် တိုင်းထွာဆဲရေးသည့် အမှုကိုမပြုရဲတော့လေရကား ကျွန်တော့်မှာဆဲသည်ကိုပင်အသံထွက်မှန်အောင်မဆဲနိုင်သူအဖြစ် ရာဇဝင်တွင် တော့၏။ အမေ့လက်ကလွတ်၍ ဆဲမည်ဆိုလျှင် ပြီပြီသသဆဲနိုင်သောကာလသို့ရောက်သည့်တိုင် ဆဲကျင့်က ပျောက်ပြီးသားမို့ နှုတ်မရဲပြန်ချေ။ သို့စဉ်ကြိုက်တွင် ကျွဲနို့အိုးကြီးကွဲ၍ရွှေစည်းခုံလှူပါ၏ လုပ်ချင်သောညဉ် ကလည်း တစ်စခန်းထလာပြန်လေရာ “ဤအိမ်ဥပစာအတွင်း ဆဲရေးခြင်း၊ တိုင်းထွာခြင်း၊ ဆဲရေးတိုင်းထွာသည် ဟု ယုံကြည်လောက်သည့် စကားလုံး၊ အာမေဍိတ်များသုံးနှုံးပြောဆိုခြင်း၊ အမူအယာ ပေါ်ပေါက်စေခြင်းများကို တင်းကျပ်စွာတားမြစ်သည်” ဟု သားသမီးအပေါ် ဥပဒေကဲ့သို့အာဏာတည်သော အိမ်တွင်းအမိန့်တစ်ရပ် ထုတ်ပြန်၍ ခပ်တည်တည်ထိန်းကျောင်းလာခဲ့သည်မှာ သင်းတို့လေးတွေပင် အိမ်ထောင်သားမွေး (လင်နေ သားမွေး ဟုလည်း အရပ်ထဲမှာပြောကြသည်) အရွယ်သို့ ရောက်နေကြပြီဖြစ်လေ၏။

ထိုတွင် မြန်မာစကား မြန်မာနားလည်အောင်ပြောဆိုရေးသားနိုင်ဘို့ရာ ကျောင်းချိန်ကျူရှင်ချိန်ပြင်ပတို့၌ အခါအားလျော်စွာ စည်းမျဉ်း ဥပဒေ နည်းဥပဒေ ထုတ်ပြန်တည့်မတ်ခဲ့ခြင်းများမပါဝင်သေး။ သည်မှာလည်း စလုံးနှင့် ဆလိမ်တို့သည် ဒုက္ခ အပေးဆုံး။ “အစိုပါအခန်းအနားကို စောက်လုပ်ရေးဝန်ကြီးက ဆက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော်အတွက် မောင်တို့မယ်တို့ နောက်မစုတ်စတမ်း ပေးစပ်ကြရမည်ဖြစ်ပေသည် ဟု မိန့်ကြားကာ ဆင်မြင့်ပေါ်မှ ပြန်လည်ထွက်ခွာသွားလေသည်” ဆိုသောအနေအထားမရောက်စေရန် အတော်ပင်လုံးပန်းခဲ့ရ သောဟူသတတ်။ သို့သော် သင်းတို့ရော ကျွန်တော့်အတွက်ပါ စိန်ခေါ်မှုတွေကလည်း မသေးလှချေ။

လူမှန်းသိစကတည်းက အရမ်းလှတယ်၊ အပိုလုပ်တယ်၊ အမြင်ကပ်တယ်၊ အပေါက်ဆိုးတယ်၊ အချိုးမပြေဘူး၊ စသည်ဖြင့် အသုံးတွင်ကျယ်သလောက် ခံစားချက်နှင့်ယှဉ်သော စကားလုံးများကို နားဝင်အောင်ပြောတတ်ဘို့ လေ့ကျင့်သင်ကြာခံထားရသောသူတို့တစ်တွေ ပြင်ပကမ္ဘာနှင့်ထိတွေ့ဖန်များသောအခါေ_ာက်ရမ်းလှတယ် (ကျန်စာလုံးများ ကိုယ့်ဘာသာကိုယ်ဆက်စပ်ယူကြပါတော့) ဟူသော အသုံးအနှုံးများ၏ ဆွဲဆောင်မှု (Temptation) ကို အချိန်ရှိသမျှကျော်လွှားနေရခြင်းကြောင့်ဖြစ်၏။ လွပ်လပ်၍တက်ကြွသောလူငယ်များပီပီ သူတို့အသိုင်းအဝန်းမှာ ထမင်းစားရေသောက်ပမာဖြစ်လာပုံရသော ထိုအသုံးအနှုံးတွေနှင့်ယဉ်ပါးပြီး တစ်ခါ တစ်ခါ အိမ်အရောက်ပင် သယ်ဆောင်လာကြသောကြောင့်ဖြစ်၏။ 

 ထိုကိစ္စ ကျွန်တော်အရေးဆိုသည့်အခါ ဝန်မခံ၊ ပြန်လှန်ငြင်းချက်မထုတ်သော်လည်း “အရမ်းထက်စာရင်ေ_ာက်ရန်းကပိုအားရှိသလိုပဲ” ဟု ချစ်လို့ စတာပါ ပုံစံမျိုးဖြင့် အထွန့်တက်လာတတ်သောကြောင့်ဖြစ်၏။ ဥပဒေကို သူတို့မျက်ကွယ်ပြုကြချေပြီ။ ရွှေမန်းတင်မောင် ဗုဒ္ဓဝင်တောထွက်ခန်းထဲမှာညည်းသလို ‘ကြောင်အိုတော့ကြွက်မလေး လူအိုတော့လူမလေး’ ဟု ညည်းရမည့်ကိန်းကို ကျွန်တော်ကြုံပြီ။ ဟင်..တတ်နိုင်ပါဘူးလေ ဟုမေးကလေးရိုက်ကာ တိတ်တခိုးရှိုက် မည်ကြံရုံရှိသေး လားလား သင်းတို့ရွှေေ_ာက်က ခြေပေါက်ရုံမက လေအောက်လေတင် ဝေဟင်အနှံ့ တောင်ပံ ဖြန့် နေသည်နှင့် ပက်ပင်းတိုး လေတော့သည်။ ဟိံသစ္စံ ဤစကားမှန်၏။

ခေတ်တစ်ခေတ်စာနီးပါးကင်းကွာပြီးမှ ပြန်လည်ဆုံစည်းကြရခြင်းအတွက်အတိုးချကာ ရေဒီယိုကို ကျွန်တော် လောဘတကြီး နားထောင်ဖြစ်သည်။ ရွေးချယ်စရာလိုင်းခွဲများရှိလာကာ အားလုံးကလည်း ကောင်းနိုးရာရာတွေ ဝေဝေဆာဆာ စီစဉ်ထုတ်လွှင့်ပေးကြသည်မို့ တိုင်း၍ယက်သည့်ပက္ကလာမိုးရွာသည်နှင့် အဆင်သင့်နေ၏။ ဒီမိုကရေစီသီးကင်းများပေတည်း။ သို့သော် ‘သောတရှင်များနားထောင်ဘို့ သချွန်းလေးတစ်ပုဒ် ဖွင့်ပြလိုက် ပါတယ် ကျေးဇူးတင်ပါတယ်ရှင့်!’ ဆိုသော သွားကျိန်းချင်စရာ အပြောမျိုးလေးတွေကိုတော့ သည်းခံရသည်။ ဒါလည်း ကိစ္စမရှိ။ အသက်ကလေးရလာသည့်အခါ မျိုးဆက်တို့၏ကွာဟချက် (Generation gap) ကိုလည်း ထည့်မတွက်၍မဖြစ်။ ကိုယ်တိုင်က ဒီအသက်ဒီအရွယ်နှင့် နစ္စဂီတဝါဒိတတွေကို ဝိသုကဒသနခြင်းမှ မကင်းနိုင် သည်ပဲ။ ဒီမိုကရေစီခေတ်တွင် အများအကျိုးအတွက်ရင်ကြားစေ့နေကြသူတွေပင်ရှိလေရာ ကိုယ်ကျိုးအလို့ငှါ အနှီမျှလောက် ရင်ကြားစေ့ရခြင်းသည် စာမဖွဲ့လောက်။

သို့ခံယူပြီးသကာလ ကျော်မယ်ခွမယ် နင့်ကိုငါ ဓားနဲ့ပိုင်းချင်တယ်ကဲ့သို့သော စာသားများပါဝင်ဖွဲ့စည်းအပ်သည့် (သူတို့အလို) သီချင်းအမိုက်စားကလေးများကို နားလည်ပေးလိုက်သည်။ မြန်မာပြည်တစ်နံတစ်လျား အလွှာ အသီးသီးမှ ဆယ်ကျော်သက်တွေ၊ မကြီးမငယ်တွေ၊ ယုတ်စွအဆုံး ဟိုဒင်းကိုခြေတစ်ဘက်လှမ်းတော့မည့် သူတွေ အားအားလျားလျား ကိုယ်ရေးကိုယ်တာရိုမန်တိက (Romantic) ထရံတွေ အတွင်းအပြင် လဲလှယ် လှန်လှော ကာရံကြသမျှကိုလည်း အချိန်နှင့်တစ်ပြေးညီ နားသောတဆင်ပေးလိုက်သည် (နို့..သူတို့တောင် ပြောနိုင်ကြသေးသဟာ)။ သို့တိုင်အောင် တစ်ခုသောညနေခင်းဝယ် ထုတ်လွှင့်နေကျသက်ကျားကြိုက် အစီ အစဉ် တစ်ရပ်အား မျှော်လင့်စောင့်စားကာ ဝိရိယလွန်ကဲလျက်ရေဒီယိုကိုပိုပိုသာသာဖွင့်ထားစဉ် အမည်မသိ ကာလပေါ်တေးချင်းတစ်ပုဒ်က ကြားဖြတ်ဝင်လာပြီး အာရုံဒွာရများကို ခေတ်သစ်ခုနှစ်သံချီဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံလိုက်ရ၏။ ခေတ်စကားဖြင့် ကျွန်တော် ‘ရှော့’ ဖြစ်သွားလေသည်။

“ေ_ာက်ပဲများမနေနဲ့…ေ_ာက်ပဲများမနေနဲ့”

“ေ_ာက်ပဲများမနေနဲ့…ေ_ာက်ပဲများမနေနဲ့”

ကိုင်းဘယ့်နယ်ရှိစ။ မောင်နှင့်မယ်တစ်လှည့်စီကြုံးအော်နေကြသော ဘုရားစူးစုံတွဲသီချင်း။ သီချင်းတစ်ပုဒ်လုံး မမှတ်မိသော်လည်း ထိုနေရာကိုတော့ ကျွန်တော်အလွတ်ရနေပါသည်။ အပ်ကြောင်းထပ်သောဓါတ်ပြားကြီးလို ထိုမှာတွင် ပတ်ချာလည်နေသောကြောင့်ဖြစ်ပါသည် (အတော်လည်း အာတွေ့နေကြပုံရ၏)။ ဟန်ပန်နှင့်အသံက (ကန်တော့ပါရဲ့) မောင်းကြေးနင်းလည်ခတ်ရင်း လင်မယားရန်ဖြစ်နေကြသည့်နှယ်။ အမှန်ဝန်ခံရလျှင် ထိုသီချင်းနားထောင်ရင်း စိတ်ထဲမှာကြားယောင်လာသည်က ကျွန်တော်တို့ငယ်ငယ် အလယ်တန်းကျောင်းမှာ ပြဌာန်းခဲ့ဘူးသည့် ဦးဖိုးကျား၏ ‘အိမ်ဆိုး အိမ်ကောင်း’ ကိုယ်တွေ့ဝတ္တုတိုထဲမှ ကိုယ့်သားသမီးကိုယ်မနိုင်သော အဖိုးကြီးတစ်ဦး၏ ‘နင်တို့အစားငါနားရှက်လှ သဟယ်’ ဆိုသောညည်းတွားသံဖြစ်၍ မြင်ယောင်လာသည်မှာ ငယ်ငယ်တုံးက ထင်းစင်ထဲတွင်တွေ့နေကျ ‘ဆောက်’ ကြီး။ ထိုမှတစ်ဖန် ဗိုလ်ချပ်အောင်ဆန်းမိန့်ခွန်းတွင် ကြမ်းသည်များကိုဖယ်၍ အသံလွှင့်ခဲ့ပါသည်ဟု (ဗိုလ်ချုပ်ကို) ပြောခဲ့ဆိုခဲ့လုပ်ခဲ့သည့် ဗျတ္တိရှင်ပညာရှင်ကြီးများ။ (မှတ်ချက်။ ဗိုလ်ချုပ်က ရယ်မောနေခဲ့သည်ဟု အဆိုရှိလေ၏။)။

ထိုထိုသော အဘမဟုတ်သည့် အဖိုးပညာရှင်ကြီးများနောက်ထပ်နှစ်ငါးဆယ်အတွင်း ပေါ်ပေါက်ရန်မရှိမည့် အတူတူ ကျွန်တော်ဤသို့တွေးမိ၏။ နှိုင်းလိုသူတွေ စိတ်ရှိတိုင်းနှိုင်း ရိုင်းသည်မရှိရလေအောင် အဆိုပါေ_ာက်ကို ဆောက်နှင့်အပြီးအပိုင်အစားထိုးလိုက်ဘို့ ဖြစ်၏။ သည်နည်းဖြင့်ေ_ာက်ရမ်း (တစ်ချို့သောက်ရန်းဟု အရှက်ပြေရေးကြသည်) သည် ဆောက်ရမ်း၊ေ_ာက်မြင်ကပ်သည် ဆောက်မြင်ကပ်၊ေ_ာက်သုံးမကျသည် ဆောက်သုံးမကျ ဖြစ်လာကြမည်။ သည်နည်းဖြင့် အသုံးတွင်ကျယ်ပါလျက် အငြင်းပွားဘွယ်ဥပစာတစ်ရပ်သည် အရိုင်းအယဉ်ဝိဝါဒကင်းစင်ပြီး နေ့စဉ်သုံးစကား၊ စာပေ၊ ဂီတတွေထဲမှာ အခြားဥပမာဥပစာတွေနှင့် တန်းတူ ရည်တူ မကြောင့်မကျ ရပ်တည်ခွင့်ရကြမည်။

ထို့ပြင် (ကျွန်တော်ကဲ့သို့သော) စိတ်ကြီးဝင်လူတွင်ကျယ်လုပ်ချင်သူတို့ (ရှိခဲ့လျှင်) မှာလည်း မသုံးရမနေနိုင်၍ ဖြစ်စေ၊ မသုံးစွဲမဖြစ်၍ဖြစ်စေ သုံးစွဲသည့်အခါတိုင်း လူမြင်ကောင်းအောင် ‘_’ တို့ ‘သောက်’ တို့နှင့် ဖုံးကွယ် သွယ်ဝိုက်လှည့်ဖျား ရေးသားပြောဆိုရခြင်းဒုက္ခ၊ မရိုသေ့စကား နားနှင့်မနာဖဝါးနှင့်နာပါစသည်ဖြင့် ဆေးခါး သကြားမံရသည့် ဒုက္ခများမှကင်းမည်။ ထို့ပြင်တစ်ဝ မွန်ဆိုလားပုဂံဆိုလား မင်းသမီးတစ်ပါး၏အမည်ကိုစွဲကာ တက္ကသိုလ်ရွှေတစ်ခေတ် ရာဇဝင်ထဲကလှည်းတန်းတွင်ကျန်ရစ်ခဲ့သော ‘ဦးဆောက်ပန်း’ စာပေနှင့်အမျိုးစပ်ကာ သည်ဆောက်သည် ကမြောက်ကခြောက်မဟုတ်ကြောင်း လေဖမ်းဝါးရမ်းချီချင်ချီနိုင်မည်။ ရာဇဝင်ဆောက်၊ တော်ဝင်ဆောက်၊ ဂန္ဓဝင်ဆောက်စသည်ဖြင့် ဗာရာဏသီချဲ့ကာ နောက်တစ်ခါလာပြန်ချီသေးဟေ့ဟု လက်ခုပ် လက်ဝါးတီးပြီးအဆဲခံချင်လောက်အောင် ကဗျာဆန်၍ရမည်။ ဆဲသူနာသူအကြားညီညွတ်ရေးကို တည်ဆောက် နိုင်မည်မို့ ယနေ့ခေတ်စာပွဲဝိုင်းဆွေးနွေးပွဲတွေမှာ လွန်စွာအသုံးတည့်မည်။ ထားပါတော့။

သည်ကိစ္စက ‘မောင်ထော်လေးလမ်းအား ဗိုလ်ဆွန်ပက်လမ်းဟုပြောင်းလဲခေါ်ဆိုစေ’ ဆိုသည်လောက်မရိုးစင်း သည်ကို ကျွန်တော်လက္ခံသည်။ သို့သော် ကင်ပိန် (Campaign) ခေတ်မှာ အလွယ်တစ်ကူလက်မလျှော့သင့်။ ဆောက်ပြဿနာ အဝေယာနတ်စကင်ပိန် (The Fat S Awareness Campaign) ဆိုပြီး အသိပေးသင့်သူကို အသိပေး၊ တောင်းဆိုသင့်သူကိုတောင်းဆိုဘို့ လမ်းကြောင်းတွေရှိနေသည်။ ဥပမာ ယောက်ကျားလေးများကို ငယ်ငယ်ရွယ်ရွယ် အထီးအမခွဲခြားဆက်ဆံကာ ‘မင်းမှာရှိလို့လား’ ဟု အမေးအမြန်းခံရသည်မျိုး၊ သဘောရိုးဖြင့် ဖြေကြားပါလျက် လှောင်ပြောင်ရယ်မောခံရသည်မျိုးကို စိတ်ဖိစီးမှုရှုဒေါင့်မှ ဇောင်းပေးခြင်းဖြင့် သည်ကိစ္စသည် သာမညောင်ည ဆောက်ပြဿနာတစ်ရပ်မဟုတ်ကြောင်း ရှင်းလင်းနိုင်သည်။ လိုအပ်ပါက ဂျင်ဒါ အီကွယ်လတီ (Gender Equality) အား ကိုင်စွဲ၍ မီဒီယာကိုချဉ်းကပ်၊ ပုရိသဣထိယသမာဓိကာရဝါဒဆိုကာ မြောက်ကြွ မြောက်ကြွမြင်လျှင်သိမ်းသွင်း၊ မာရေကြောရေနိုင်သူ (Hardliners) တွေကို ယဉ်ကျေးမှုပြည့်ဝသောဒီမိုကရေစီ ဟူသောဝေါဟာရဖြင့် ဘန်းပြစည်းရုံးချင်လျှင်စည်းရုံးနိုင်သည်။ သို့သော်..

ထိုဆောက်မှတစ်ပါး ကျန်ဆလိမ်များနေရာအပြောင်းအလဲ မလုပ်ဘို့ကိုတော့သတိပေးလိုသည်။ အဆိုတော်ကြီး မေရှင်ရဲ့ခေတ်ဟောင်းတေးတပုဒ်ကို ရွေးထုတ်ထားပါတယ်၊ တေးအမည်က ‘ကျေးဆေတမန်’ ပါတဲ့ နားစင် တော်မူကြပါရှင် ဆိုသော ပီယဝါစာလေးများထွက်ပေါ်လာလျှင် ဟိုအရာထဲဟိုဟာတစ်ပဲရောသလို ဖြစ်နေမည်။ မောင်ကြီးနှမငယ်ငယ် × လှပချင်တဲ့အရွယ် × ဆိတ်အလိုလိုက်စား × မှားမှားလိမ့်မယ် ဟု ပြန်လည် ဆန်းသစ် လာကြလျှင်မူ အကျိုးနည်းပြီ။ ဤကား ကျွန်တော်စူးရောက်သမျှ ဉာဏ်နီဉာဏ်နက်တို့၏ အလိုတည်း။ တစ်စုံ တစ်ယောက် က ဖတ်ရှုပြီး “တောင်မှန်းမြောက်မှန်း ဆောက်မှန်းကမ်းလမ်းမသိ ဆောက်ရမ်းတွေ လျှောက်ပြော နေတယ်” ဟု ဆဲလိုလျှင်ဆဲပါ။ ကျွန်တော်နာလိမ့်မည်မဟုတ်။ ဆလိမ်ကိုပြီပြီသသဖြစ်စေဘို့သာ ဆဲသူဘက်က တာဝန်ယူရမည်။