အောင်ခိုင်မြင့် - အတော်ရင့်ကျက်နေတဲ့ မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ

 
အောင်ခိုင်မြင့် - အတော်ရင့်ကျက်နေတဲ့ မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ
(မိုးမခ) မတ် ၂၀  ၂၀၁၆

ရှုပ်ပွ ရင်ဝယ်၊ အိပ်လို့မရတာ ကြာပြီး
ဒုက္ခပင်လယ်၊ ပိတ်ဆို့ ခဏတာ ကာဆီးနေတယ်..။

တသက် မှောင်မိုက်တဲ့ စိတ်ထားနဲ့
မျက်နှာပြောင်တိုက်ခဲ့ အစိတ်သားကြောင့်
ဘ၀ လောင်မြိုက်ကာ အရိပ်မမှားချင်ပါ..။

သိုသိုသိပ်သိပ် ဖြာကျနေတဲ့ ယုံကြည်မှု နေရောင်ခြည်အောက်
မြိုသိပ်ထားတဲ့ တက်ကြွခြင်း တောင်တန်းများ
နဂိုစိတ်အတိုင်း ထင်တိုင်းမကြဲ မိအောင်
ရွှေရောင် တောက်ပ ကောင်းကင်ရဲ့မနက်ဖြန်မှာ
စစ်တုရင်ပွဲလို ဗျူဟာတွေ တွက်ချက်နေရတဲ့ မြို့ပြများရှိတယ်..။

စက်ဆုပ် ရွံရှာခြင်း အရှုံးရဲ့အဝေးမှာ
တက်သုတ် ရိုက်ပြီး မပြေးနိုင်တဲ့ အဆုံး
အမှား အမှန်တွေကြားထဲ
ဓား လှံ မြားစွဲ
တရားသံပဲ ကြားချင်တဲ့ မြစ်များ စီးဆင်းနေတယ်..။

သံသယနဲ့ ဘ၀ လမ်းမ
ပြန်မရတဲ့ ညနေတွေ ပြန်တမ်းတ
အတိတ်ခြေရာတွေ ပြန်ကောက်ရင်
စိတ်ဝေဒနာများ ပြန်ရောက်လာတယ်..။

ဝိတ်အားကြောင့် ကမ္ဘာကြီး ၂၃ ၁/၂ ဒီဂရီစောင်းခဲ့
အစိတ်သားကြောင့် လွှတ်တော်ကြီး  ၁/၄ လေးပုံ တပုံ တိမ်းစောင်း
အတိတ်ခါးနဲ့ လှည့်ပတ်ခံဘ၀များ ရွဲ့စောင်းနေတာ ဘာဆန်းလဲ..
စိတ်ထားကောင်းနဲ့ ပြုပြင်တည့်မတ်ရမဲ့ အနာဂတ်ရက်များ ရှိတယ်..။

အတော်ရင့်ကျက်နေတဲ့ အိပ်မက်များထဲ
မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ
အကြောင်းအကျိုး မလှတဲ့ တဘ၀လုံးမှာ
မကောင်းဆိုးဝါးညတွေ ကုန်ဆုံးပါစေ..။

အောင်ခိုင်မြင့်