အရင့်ရောင် - စစ်ပွဲတွေရပ်ပေးပါ (၁)

 အရင့်ရောင် - စစ်ပွဲတွေရပ်ပေးပါ (၁)
(မိုးမခ) မတ် ၂၄၊ ၂၀၁၆

ရွှေအဆင်းရေ ....
နှင်းစက်တွေ သမ်းဝေနေတဲ့ဆောင်းဟာ
ယမ်းငွေ့တွေကြားမှာ ခေါင်းမပြူနိုင်ဘူး
လက်နက်ကြီးပေါက်ကွဲသံတွေရဲ့အောက်မှာ
အဖြူ အစိမ်း စာအံသံတွေပျောက်သွားတယ်
ဘုရားကျောင်းသွားတဲ့ လမ်းကလေးလည်း
ဒီမနက် လူတွေရှင်းလို့ ။

လက်နက်ရှိသူချင်း စီချင်းထိုးတဲ့ပွဲမှာ
စစ်ဘေးရှောင်စခန်းတွေဟာ ကမ္ဘာမြေရဲ့ဈာပနပဲ
ကလေးငယ်တွေရဲ့ အနာဂတ်ဟာ
သားသတ်သမားတွေရဲ့ ညစာဖြစ်သွားတယ်
ဝါဒမှိုင်းတွေရဲ့ စစ်ဖိနပ်သံတွေအောက်
အနာဂတ်ဟာ ပြားပြားမှောက်နေပြီ ရွှေအဆင်း။

အိမ်ဘယ်မှာလဲလို့ မေးရင်
ဒုက္ခသည်စခန်းကိုလက်ညိုးထိုးပြနေရတဲ့ဘဝတွေ
မျော်လင့်ချက်လို့ ပြောရင်
နေမထွက်ခင် အသက်ထွက်မှာစိုးရတဲ့ ညနက်နက်တွေ
အစာအိမ်အတွက် ကိုယ့်လက်မကိုယ်စုပ်
အူကိုအထပ်ထပ်လိမ်ထားရတဲ့ ဆာလောင်မှုတွေ
လူ့အဖြစ်ပါလို့ ဘယ်စာမျက်နှာကိုလှန်ပြီးပြောရမှာလဲ။

ရွှေအဆင်းရေ
ကျည်မှန်ခံထားရတဲ့ မိသံလွင်အတွက်
ဧရာဝတီလည်း ငိုလို့ ။   ။

အရင့်ရောင်