ခင်လေး - ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး


ခင်လေး - ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၆

ဒီနေ့ ကျွန်မစာသင်တဲ့အိမ်ကို ရောက်တော့ ကျွန်မတပည့်လေးက စာသင်ဖို့တော်တော်နဲ့ ထွက်မလာဘူး ဖြစ်နေပါတယ်။  တအောင့်လောက် နေတော့မှ မျက်လုံးတဖက်ကို သူ့လက်သေးသေးနဲ့ ကွယ်ပြီး စာသင်ခန်းထဲကို ၀င်လာတယ်။  ကျွန်မက သမီးဘာဖြစ်လို့လဲလို့မေးတော့မှ စကားတခွန်းမှပြန်မပြောဘဲ ချုံးပွဲချငိုပါတော့တယ်။  ကျွန်မလည်း ရုတ်တရက် ဘာလုပ်ရ မှန်းမသိတော့ဘဲ တပည့်လေးကိုပဲ ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်ပါတော့ တယ်။

သူအငိုတိတ်တော့မှ သူ့မျက်နှာလေးကို သေချာကြည့်မိတော့ ညာဘက်မျက်လုံးဟာ ကလေးနဲ့မလိုက်အောင် ရောင်ကိုင်းလို့နေတာကိုတွေ့လိုက်ပါတယ်။  “ညက ဖေဖေနဲ့မေမေ ရန်ဖြစ်တာ ဖေဖေက မေ့မေ့ကိုရိုက်လို့ သမီးက မရိုက်ပါနဲ့လို့ ဖေဖေ့ကိုပြောတာ ဖေဖေကသမီးကိုပါ ရိုက်တယ်၊ သမီးဖေ့ဖေ့ကို သိပ်မုန်းတယ် ဆရာမ” ဆိုပြီး ရှိုက်နေရင်းနဲ့ပြောပြရှာပါတယ်။  ဒီနေ့အဖို့တော့ ကျွန်မ သူ့ကိုစာသင်လို့ ဘယ်ရပါတော့မလဲ။  အင်မတန်မှ နုနယ်ငယ်ရွယ်သေးတဲ့ ကလေးတယောက် ရဲ့ရင်ထဲမှာ အမုန်းတရားတွေ၊ နာကျင်မှု တွေနဲ့လေ။

ဟုတ်ပါတယ်၊  မိသားစုဆိုတဲ့ အသိုက်အမြုံလေးကမှ အေးချမ်းမှု မပေးနိုင်ဘူးဆိုရင်၊ မိဘဆိုတဲ့အရိပ်ကမှ လုံခြုံမှုမရှိနိုင် ဘူးဆိုရင် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ ဘယ်လိုများလှပနိုင်ပါတော့မလဲ။  သူတို့ရဲ့ ဘ၀တလျှောက်လုံးမှာ သယ် ဆောင်သွားရမယ့် စိတ်ဒဏ်ရာကရော ဘယ်လောက်များကြီးမားလိုက်မလဲ။

ဒီလိုအဖြစ်အပျက်မျိုးဟာ ကျွန်မတို့နိုင်ငံမှာသာမဟုတ် ကမ္ဘာ့ နေရာတော်တော်များများမှာ နေထိုင်ကြတဲ့ မိသားစုတွေကြား မှာ ကြုံတွေ့နေရတဲ့ အိမ်တွင်း ပြဿနာတွေထဲက တခုပါ။  အဲ့လို မိသားစုတွေအထူးသဖြင့် ဇနီး မောင်နှံတွေကြားက လူမှု ရေး၊ စီးပွားရေး ပြဿနာမီးပွားဟာ လူမမည်ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကျောင်းပတ်ဝန်းကျင် ဆက်ဆံ ရေးတွေမှာ များစွာရိုက်ခတ်မှုရှိနေတတ်ပါတယ်။

သုတေသနပညာရှင်တွေရဲ့ အဆိုအရ အခုလို အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ကလေးငယ်တွေဟာ သူတို့ပတ်ဝန်းကျင် အပေါ်မှာထားတဲ့ သူတို့ရဲ့စိတ်နေ သဘောထားဟာ ပြောင်းလဲသွားတယ်လို့ဆိုပါတယ်။ ဒီလို သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုရဲ့အကျိုးဆက်ကတော့ သူတို့ရဲ့အနာဂတ်ပျော်ရွှင်မှုတွေ၊ ကိုယ်ကျင့်တရားပိုင်းတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။

ကလေးငယ်တွေဟာ အကြမ်းဖက်မှုကနေရလာတဲ့ သူတို့ရဲ့စိတ်ခံစားမှုတွေကို သူတို့ရဲ့ကျောင်းပတ်ဝန်းကျင်နဲ့ ကစားဖော် တွေကြားထဲမှာ ပုံစံမျိုးစုံနဲ့ ဖွင့်ထုတ်လာတတ်ကြပါတယ်။  တချို့ကြတော့ သူငယ်ချင်းတွေ ကြားမှာ ရင်းရင်းနှီးနှီးမနေတော့ဘဲ တကိုယ်တည်း သီးခြားနေထိုင်လာကြပါတယ်။  တချို့ကြတော့ ရွယ်တူသူငယ်ချင်း တွေအချင်းချင်းကို အနိုင်အထက်ပြု ရန်စခြင်းတွေပြုလုပ်လာကြပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကျောင်းစာသင်ခန်းစာတွေမှာပါ နှောင့်နှေးမှုတွေ ဖြစ်လာကြပါတော့ တယ်။  ဒါဟာ သူတို့ရဲ့ ဘ၀လမ်းကြောင်းတွေ မကောင်းသော ပြောင်းလဲခြင်းနဲ့ ပြောင်းလဲမှုရဲ့ အစပဲဖြစ်ပါတယ်။

တချို့ ဆယ်ကျော်သက်အရွယ်တွေမှာဆို မိဘတွေရဲ့အိမ်တွင်းရေး အဆင်မပြေမှုတွေက တဆင့်ရလာတဲ့ သူတို့ရဲ့စိတ်ဒဏ် ရာတွေကြောင့် မိသားစုတွေကို ဆန့်ကျင်ရန်လုပ်ကာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ လုပ်လာကြတယ်။  ပညာရေးမှာ အာရုံစူးစိုက်လိုခြင်းမရှိတော့ဘဲ ကျောင်းပြေးတတ်လာတယ်။ အိမ်မှာမနေရရင်ပြီးရော ဆိုသည့် စိတ်ဖြင့် အိမ်မှ ထွက်ပြေးကြသူများရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သည်ဘ၀ရောက်သွားကြသူတွေလည်းရှိတယ်။  အဆိုးဆုံးမှာ မူးယစ်ဆေးဝါးအစ ရှိသည်တို့ကြောင့် အသက်ပေးလိုက် ရသူတွေ ဒုနဲ့ဒေးရှိနေတာပဲဖြစ်ပါတယ်။

ငယ်ရွယ်သော အဖြူထည်ဘ၀လေးမှာ မိဘပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် ရလာသော စိတ်ဒဏ်ရာထက် ပို၍ ကြီးမား သော ဒဏ်ရာရှိမည်မထင်ပါ။  ထို့ကြောင့် မိဘများအနေနှင့် သားငယ်၊ သမီးငယ်ကလေးများ ဘ၀သာယာလှပရေးအတွက် မိမိတို့ရဲ့ ပုဂ္ဂလိက ခံစားချက်များကို သူတို့ရှေ့တွင် မဖွင့်ထုတ်မိရန်မှာ လွန်စွာအရေးကြီးလှပါတယ်။

အခုကျွန်မရဲ့ တပည့်လေးဆိုရင် ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ အရင်ကလို ပေါ့ပါးပျော်ရွှင်နေတဲ့ မျက်နှာလေးပျောက်သွားတယ်။  သူ့ရင်ထဲမှာ မိသားစုရဲ့ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကို သယ်ဆောင်ပြီး မြိုသိပ် နေရတဲ့ ဘ၀လေး ရောက်သွားတယ်။  အားငယ်စိတ် သိမ်ငယ်မှုတွေနဲ့ ညှိုးရော်နေတဲ့ မျက်ဝန်းတွေဟာ အရင်က တက်ကြွရွှင်လန်းနေတဲ့ သူ့မျက်နှာလေးမှာ အစားထိုးနေရာယူလာ ကြတယ်။  အဲ့ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

တကယ်တော့ မိဘဆိုတာ ကလေးငယ်တွေရဲ့ လက်ဦးဆရာတွေပါ။  သူတို့လေးတွေရဲ့ဘ၀လေးတွေကို လုံခြုံမှု၊ အေးချမ်း မှုတွေကိုပေးနိုင်မဲ့ အရိပ်တခုပါ။  ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ ပြည့်စုံနေပါစေ ကလေးငယ်တွေရဲ့ ရင်ထဲမှာ မိဘတွေ က သူတို့ရဲ့ကမ္ဘာပါ။  သူတို့ကိုလုံခြုံမှုပေးမဲ့ မဟာတံတိုင်းကြီးပါ။  သူတို့ရင်ထဲက ကမ္ဘာလေး၊ သူတို့ရဲ့ခိုလှုံရာလေးပြိုကွဲသွား ချိန်မှာ ဘယ်လောက်ခံစားကြရမလဲ၊  အခုလိုသူတို့ရဲ့ အားကိုးရာမိဘတွေ ကိုယ်တိုင်က ပေးတဲ့အကြမ်းဖက်မှုကို ခံစား လိုက်ရ ချိန်မှာတော့... ...။

ဒီလိုအဖြစ်အပျက်တွေဟာ ၂၁ ရာစုမှာ မရိုးနိုင်အောင်ကြားနေရတဲ့ ဇာတ်လမ်းတွေပါပဲ။ သာမန်ဖြစ်နေကျ မိသားစုအိမ် တွင်းရေးဆိုပေမဲ့လည်း ဒီလိုအဖြစ်ပျက်တွေကြားထဲက ပျက်စီးကြွေလွင့်သွားရတဲ့ လူငယ်လေးတွေ၊ ဒီထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့်တွေးရင်တော့ နိုင်ငံတနိုင်ငံက ဆုံးရှုံးသွားရတဲ့ လူသားအရင်း အမြစ်တွေပါပဲ။

ပန်းဆိုတာမျိုးဟာ ဥယျာဉ်မှူးရဲ့အပြုစု အယုအယတွေပေါ်မူတည်ပြီး တပွင့်ချင်းစီရဲ့အရည်အသွေးနဲ့ တန်ဖိုးတွေ ကွာခြား သွားတတ်ကြတာမျိုးပါ။  လောင်းရိပ်အောက်မှာမိ နေကြတဲ့ ညှိုးရော်နေတဲ့ပန်းပွင့်လေးတွေ မဖြစ်ဖို့အတွက်ကတော့ အနီး ကပ်ပြုစုပေးတဲ့ ဥယျာဉ်မှူးတွေရဲ့ မေတ္တာသာ ပဓာနကျမှာပါ။  ပွင့်သောပန်းတိုင်းကို တန်ဖိုးမြင့်မားစွာ လှပစေချင်တာ ဆရာမတယောက်အနေနဲ့ကော၊ မိခင်စိတ်အပြည့်ရှိတဲ့ မိန်းမသား တယောက်အနေနဲ့ပါ ကျွန်မရင်ထဲက ဆန္ဒတခုလို့ပဲ ဆိုပါရစေ။။

ခင်လေး
(Education Digest အပတ်စဉ် ဂျာနယ်တွင်လည်း ဖော်ပြခဲ့ဖူးပါသည်။)