ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇော်သစ် - လူနဲ့တူသော ကြောင် (၀တ္ထုတို)

 ဇော်သစ် - လူနဲ့တူသော ကြောင် (၀တ္ထုတို)
(မိုးမခ) မတ် ၂၇၊ ၂၀၁၆

ကျုပ်က ကြောင်တစ်ကောင်ပေါ့…

ကြောင်ရဲ့သဘောကတော့ အိမ်မသာရင် မနေဘူးဗျ။ ဒါကြောင့်ပဲ လူတွေက ကြောင်တွေကို ခွေးတွေလောက် သစ္စာမရှိဘူးလို့ ပြောတတ်ကြတာပေါ့။ နောက်ပြီး ကြောင်တွေဟာ ခွေးတွေလို လူကခိုင်းတိုင်းလည်း လိုက်မလုပ်တတ်ကြဘူး။ ဒီအပေါ် မှာလည်း တစ်ချို့လူတွေက ကျုပ်တို့လိုကြောင်တွေကို သိပ်အမြင်မကြည်ကြဘူး။ ကြောင်တွေဟာ ခွေးတွေလို လူနဲ့အနေ မနီးဘူး။ လူစကား နားမလည်ဘူးလို့ သူတို့က သတ်မှတ်ကြတယ်။

တကယ်တော့ ကျုပ်တို့ကြောင်တွေဟာ လူစကားကို နားမလည်တာ မဟုတ်ပါဘူး။ လူစကားနားလည် လိုက်သမှ ခွေးတွေ ထက်တောင် ပိုသေးတယ်။ ပြောရမယ်ဆိုရင် လူတွေ ပြောသမျှ၊ လုပ်သမျှ အရိပ်အကဲကို သိတဲ့နေရာမှာ ကျုပ်တို့လို ကြောင်တွေကို ဘယ်တိရိစ္ဆာန်မှ လိုက်မမီဘူး။

လူတွေ ကျန်းမာရေးမကောင်းတာ။ စီးပွားရေးမကောင်းတာ။ အိမ်တွင်းရေး အဆင်မပြေတာ။ ကျုပ်တို့က အားလုံးသိတယ်။ ဘဝရဲ့ အခက်အခဲအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ပူလာပြီလားဆိုမှ ဖြင့် အဲဒီအိမ်ကို ဘယ်ကြောင်မှ မနေချင်ဘူး။ ဒါဟာ ကြောင်တွေရဲ့ သဘာဝပဲ။

ဒီလို ကာလံ၊ ဒေသံ၊ အက္ကံဓနံဆိုတဲ့ သဘောကို သိပြီး စားကျက်ပြောင်းနိုင်ဖို့ဆိုတာက လူစကားကို နားလည်မှ ဖြစ်တဲ့ကိစ္စ။ လူတွေ ပြောသမျှ၊ လုပ်သမျှ၊ သူတို့ရဲ့အခြေအနေမှန်သမျှကို နားမလည်ပဲ အိမ်တစ်အိမ် နေလို့သင့်မသင့် ဘယ်လို ဆုံးဖြတ်လို့ရမလဲ။ ဒါ့ကြောင့် ကြောင်တွေဟာ လူစကားကို မပြောတတ်ပေမဲ့ နားလည်တယ်။

လူတွေခိုင်းတာကို လုပ်သင့်၊ မလုပ်သင့်လည်း စဉ်းစားတတ်တယ်။ ကြောင်ဆိုတာ ကိုယ့်အသက်မွေး ဝမ်းကြောင်းနဲ့ မစပ် ယှဉ်တာမှန်သမျှ ဘယ်အရာမှ မလုပ်ဘူး။ ခွေးတွေလို (ပေါတောတောနဲ့) လူသင်ပေးသမျှ၊ လူတွေခိုင်းသမျှ လိုက်လုပ် တတ်တဲ့တိရိစ္ဆာန်ထဲမှာ ကျုပ်တို့ကြောင်တွေ မပါဘူး။ ကျုပ်တို့လုပ်သမျှ ကိစ္စတိုင်းဟာ ကျုပ်တို့ဘဝအကျိုးအတွက်ပဲလို့သာမှတ်။

နောက်ဆုံး ကုန်ကုန်ပြောရရင် ကြွက်ခုတ်တယ်ဆိုတာတောင် လူတွေအတွက် ဒါမှမဟုတ် ကြွေးမွေးစောင့်ရှောက်ထားတဲ့ သခင်တွေအတွက်လို့တော့ မထင်လိုက်လေနဲ့။ တစ်ခါတစ်လေ ကျုပ်တို့ဝမ်းရေး။ တစ်ခါတစ်လေ ကျုပ်တို့ရဲ့ ညစ်ညူးနေတဲ့စိတ်အတွက် ဖျော်ဖြေမှုတစ်ခုပါပဲ။ ဒီ့ထက် ဘာမှမပိုဘူး။

ခင်ဗျား သိထားရမှာက…

ကြောင်ဆိုတာ လူစကားမပြောတတ်ပေမဲ့ လူစကားကို အကြွင်းမဲ့နားလည်ပြီး၊ အမိန့်မနာခံတတ်တဲ့ ကိုယ်ကျိုးကြည့် သတ္တဝါဆိုတာပါပဲ။

ဒါကိုသာ လက်ခံနိုင်ရင် ခင်ဗျား ကြောင်တွေနဲ့ ဆက်ဆံလို့ ရပါပြီ…။
***   ***   ***

ကျုပ်တို့ ကြောင်သားအမိ ဒီအိမ်ကို စရောက်တော့ ဂျီးဒေါ်ထွေးရဲ့ယောက်ျား ဦးလေးပွ ဆုံးပြီးကာစ။ ခြောက်လလောက်တော့ ရှိပြီထင်ပါရဲ့။ အသက်နှစ်ဆယ်လောက်ပဲရှိဦးမယ့် တစ်ဦးတည်းသောသားတော်မောင် မင်းဦးနဲ့ဂျီးတော်ထွေး နှစ်ယောက် တည်း။

ကျုပ်တို့ကလည်း သားအမိနှစ်ယောက်တည်း။ အမေက ကျွန်တော်နဲ့အတူ သုံးကောင်မွေးပေမယ့် ကျန်တဲ့အကောင်တွေကို ကြောင်စုန်းကြီးက လာလာကိုက်လိုက်တာ တစ်ကောင်မှမကျန်ဘူး။ နောက်ဆုံး ကျုပ်တစ်ကောင်တည်း ကျန်တော့မှ အမေလည်း မဖြစ်ချေဘူးဆိုပြီး အိမ်ပြောင်းဖို့ စဉ်းစားရတော့တယ်။

အမေက မီးတွင်းထဲကမထွက်သေးတော့ အားကသိပ်မရှိ။ ကျုပ်ကလည်း မွေးပြီးကာစ၊ မျက်လုံးတောင် မပွင့်သေးတော့ အဝေးကြီးတော့ ဘယ်ပြောင်းနိုင်မလဲ။ ကျုပ်တို့အရင်နေတဲ့အိမ်နဲ့ ဘေးချင်းကပ်လျှက် ဂျီးတော်ထွေးရဲ့ အိမ်ကိုပဲ ပြောင်းကြရတာပေါ့။

တကယ်ဆို ကျုပ်တို့နေခဲ့တဲ့ အရင်အိမ်က စီးပွားရေး၊ လူမှုရေး အားလုံးအဆင် ပြေတယ်။ ကြောင်စုန်းကြီးရဲ့ ရန်သာမရှိရင် အတော်နေလို့ကောင်းတဲ့အိမ်။ ဒါပေမဲ့ ကြောင်စုန်းကြီးက မွေးကာစ ကြောင်လေးတွေကို ကြွက်လိုသဘောထားပြီး ဇာတ်တူ သားစားလေတော့ ကျုပ်အတွက် မလုံခြုံတော့ဘူး။ ဘယ်လောက်ပဲ ဝမ်းရေးအဆင်ပြေပြေ ကိုယ့်အတွက် လုံခြုံမှုမရှိတဲ့ အိမ်ဟာလည်း အိမ်သာတယ်လို့ မဆိုနိုင်ဘူးလေ။ ဒီလိုနဲ့ပဲ ကျုပ်တို့သားအမိ ဂျီးတော်ထွေးအိမ်ကို ပြောင်းခဲ့ရတာပေါ့။

ကြောင်တစ်ကောင်က အိမ်တစ်အိမ်ကနေ တစ်အိမ်ကို ပြောင်းပြီဆိုရင် လွယ်လွယ်တော့ မပြောင်းတတ်ကြဘူး။ အမေဟာ ဂျီးဒေါ်ထွေးအိမ်ကို မပြောင်းခင် နှစ်ရက်တန်သည်၊ သုံးရက်တန်သည် သွား သွားပြီး စနည်းနာတယ်။ စုံစမ်းတယ်။

ဒီအိမ်ဟာ ကြောင်ချစ်တတ်ရဲ့လား။ စီးပွားရေး အဆင်ပြေလား။ အိမ်သားတွေ ကျန်းမာရေး ကောင်းကြရဲ့လား။ စသဖြင့် ပေါ့ဗျာ။ ကျုပ်တို့ သားအမိအတွက် လုံလုံခြုံခြုံသက်တောင့်သက်သာနဲ့ ဘဝနေထိုင်မှု အဆင်ပြေနိုင်၊ မပြေနိုင် သေချာအောင် စေ့ငုရတာပေါ့။

ဂျီဒေါ်ထွေးက မုဆိုးမသက်တမ်း ခြောက်လလောက်ရောက်ပြီဆိုတော့ သေသွားတဲ့သူ့ယောက်ျားအတွက် အပူက ငြိမ်းစ ပြုပြီ။ လယ်ကလေး၊ မြေကလေးကလည်း ဧကနှစ်ဆယ်လောက်ကျန်ခဲ့တယ်။ အဲဒီလယ်ဧကနှစ်ဆယ်ကို ဦးလေးပွ မသေ ခင်ကတည်းက သားဖြစ်သူမင်းဦးက ဦးစီးလုပ်ကိုင်နေတာဆိုတော့ စီးပွားရေးကလည်း တောင်သာတယ်ပြောပါတော့။ သား အမိနှစ်ယောက်တည်းလည်း ဖြစ်ပြန်၊ ဆွေးမျိုးနီးစပ်ကလည်း နဲပြန်ဆိုတော့ အိမ်တွင်းရေးကလည်း သာယာတယ်။ ဒီအိမ်မျိုး မှမကြိုက် ကျုပ်တို့ ကြောင်မိုက်ဖြစ်သွားမှာပေါ့။

အမေဟာ သတင်းအချက်အလက်တွေ၊ ဒေတာတွေ ပြည့်စုံလို့ ပြောင်းသင့်တာ သေချာတာနဲ့ တစ်ပြိုင်တည်း ကျုပ်ရဲ့လည် ဂုတ်သားလေးကို ဖွဖွကိုက်ပြီး ဂျီးတော်ထွေးတို့ အိမ်ဝန်းထဲက စပါးကျီထဲကို ချီသွားတော့တာပဲ။

လူတွေ အိမ်ပြောင်းသလို ကျုပ်တို့ ကြောင်တွေက ဝန်စည်စလွယ် မပါဘူး။ ကိုယ်ပြောင်းချင်တဲ့အိမ် အချိန်မရွေး ကောက်ရွှေ့ လိုက်ရုံပဲ။ ကျုပ်တို့လို သာတဲ့ဘက်ကို ကူးတတ်တဲ့ကြောင်တွေအတွက် လူတွေလို အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေ၊ အိမ်ထောင်ပရိဘောဂတွေနဲ့ ရှုပ်ယှက်ခပ်နေလို့လည်း ဘယ်ဖြစ်မလဲ။ နောက်ဆုံး ကိုယ်စားတဲ့စားခွက်တောင် သံယောဇဉ် တွယ်နေလို့ မရဘူး။ သားပါရင်သား၊ သမီးပါရင်သမီး။ ဝတ်လစ်စလစ် ကိုက်ချီပြီး ရွှေ့ရတာပဲ။ ဒါမှလည်း ကြောင်သဘာဝနဲ့ ကိုက်တော့မပေါ့။

ကျုပ်ရဲ့ဘဝကို ကျုပ်ကျေနပ်တာ အဲဒီအချက်လည်းပါတယ်။
***   ***   ***

ကျုပ်အစက ကျုပ်အမေကြောင်မကြီးကို နားမလည်ဘူး။ ဂျီးတော်ထွေးတို့အိမ်ကို စရွှေ့ရွှေ့ချင်း ဘာလို့ အိမ်မကြီးထဲကို မသွားလဲပေါ့။ ကျုပ်က မျက်လုံးသာမပွင့်သေးပေမဲ့ နားကကြားနိုင်နေပြီ။ နှာခေါင်းက အနံ့ရနေပြီ။ အမေရွှေ့တာ အိမ်မ  ဟုတ်ဘူး။ ကျုပ်အောက်ကလည်း လမ်းလျှောက်လိုက်တိုင်း ဗြုပ်စိဗြုပ်စိနဲ့။ မြေကြီးမဟုတ်၊ တမံသလင်းမဟုတ်။ ဘယ်လို ဟာကြီးလဲပေါ့။ ကျုပ်နားမလည်ဘူး။

ကျုပ်တို့ ရွှေ့ပြီး နောက်တစ်နေ့ ကျီထဲက စပါးတွေကို ဝယ်သူလာလို့ ဂျီဒေါ်ထွေးကိုယ်တိုင် စပါးကျီထဲလာကြည့်တယ်။ အဲဒီတော့မှ အမေ့ရဲ့အကြံအစည်ကို ကျုပ်သဘောပေါက်တော့တယ်။ အဲဒီနေ့က စပါးကျီထဲက ကျုပ်တို့သားအမိကိုလည်း မြင်သွားရော ဂျီးဒေါ်ထွေးခမျာ ဝမ်းသာအဲလဲနဲ့ သူ့သားမင်းဦးကို အော်ပြောလိုက်တဲ့အသံကြီး ကျုပ် အခုထိ နားထဲက မထွက်ဘူး။

“မောင်ဦးရေ… မောင်ဦး… သား… လူလေး… လာကြည့်စမ်းဟေ့။ တို့စပါးကျီထဲမှာ ဟိုဘက်အိမ်က ကြောင်မကြီး သားပေါက် နေတယ်ဟေ့။ အင်း… ငါ့ ထင်တော့… ထင်သား။ ဟိုရက်က ဈေးကောင်းမရလို့ မရောင်းလိုက်တဲ့စပါးတွေ ဒီနေ့မှ ကြိုက် ဈေးပေး လာဝယ်တာ။ ထူးတော့ ထူးပါတယ်လို့”
***   ***   ***

ကျုပ်တို့ကြောင်တွေဟာ လူစကားနဲ့ လူ့အရိပ်အကဲကို နားလည်ရုံမက အရွယ်ရောက်လာတာနဲ့အမျှ ရှေ့ဖြစ်မဲ့ကိစ္စတွေကို လည်း ကြိုတင်သိနိုင်ကြတယ်။ အမေဟာ ဂျီးတော်ထွေးရဲ့ စပါးတွေ ဈေးကောင်းရတော့မှာကို သိတယ်။ ဂျီးတော်ထွေးက ကျုပ်တို့သားအမိကို စပါးကျီထဲမှာသာ တွေ့လိုက်ရင် ကျုပ်တို့ကြောင့် သူ့စပါးတွေ ဈေးကောင်းရတယ်ဆိုတဲ့ အစွဲဝင်သွား တော့မှာကိုလည်း အမေက သိတယ်။ အဲဒီအစွဲနဲ့ ကျုပ်တို့ကို ကောင်းကောင်းမွန်မွန် လုံလုံခြုံခြုံ စောင့်ရှောက်တော့ မယ်ဆိုတာကိုလည်း သိတယ်။ ဒီလိုနဲ့ပဲ ကျုပ်တို့ဟာ ဂျီးတော်ထွေးရဲ့ အချစ်တော် ကြောင်သားအမိ ဖြစ်လာတော့တာပေါ့။

ပြောရရင် ဂျီးတော်ထွေးရဲ့အိမ်မှာ ကျုပ်တို့သားအမိ အတော်စိတ်ချမ်းသာခဲ့ရပါတယ်။ ကျုပ်တို့ကို ကြောင်စုန်းကြီးကလည်း မနှောက်ယှက်နိုင်တော့ဘူးလေ။ ဒါပေမဲ့ ကြောင်စုန်းကြီးက ဘယ်လိုကနေ၊ ဘယ်လို သိသွားတယ်မသိဘူး။ ကျုပ်တို့ ဂျီးတော်ထွေးအိမ် ရောက်ကာစက တစ်ခါနှစ်ခါတော့ လာချောင်းသေးတယ်ဗျ။

ဂျီးတော်ထွေးက ကြောင်စုန်းကြီးကို မြင်တာနဲ့ တံခါးကြားက တံမြက်စီးကို ဆွဲတဲ့ပြီး “ဟဲ့… ဇာတ်တူသားစားတဲ့ ကြောင်ယုတ်။ ငါ့အိမ်ထဲ မဝင်ခဲ့နဲ့။ သွားစမ်း… သွား… သွား…”ဆိုပြီး မောင်းထုတ်တော့တာပဲ။ နောက်တော့ ဂျီးတော်ထွေးရဲ့တံမြက်စီးရိုးကို ကြောက်လို့ထင်ပါ့။ ကြောင်စုန်းကြီး ပေါ်မလာတော့ဘူး။
***   ***

တစ်နေ့တော့ ဂျီးတော်ထွေးနဲ့မင်းဦး သားအမိနှစ်ဦးကြားမှာ ပြဿနာတစ်ခု ဝင်လာတယ်။ တစ်ခြားတော့ ဟုတ်ပါဘူး။ မောင်မင်းဦးက နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်သတဲ့လေ။ သူမြို့တက်ပြီး စိုက်ပျိုးရေးပစ္စည်း သွားဝယ်တော့ နိုင်ငံခြားက ပြန်လာတဲ့သူ့သူငယ်ချင်း၊ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်ရဲ့သားနဲ့ တွေ့ခဲ့သတဲ့။ နိုင်ငံခြားက ပြန်လာတဲ့ သူ့သူ ငယ်ချင်းဟာ အလုပ်အကိုင် အတော်နေရာကျလာဆိုပဲ။

နိုင်ငံခြားမှာ ငွေရှာရ အလွန်လွယ်ကူတဲ့အကြောင်း။ လုပ်ရကိုင်ရတဲ့အလုပ်တွေကလည်း စက်တွေနဲ့ချည်းမို့ ဘာမှမပင် ပန်းတဲ့အကြောင်း။ အလုပ်လုပ်ရတဲ့နေရာတွေကလည်း လေအေးပေးစက်တွေ တပ်ထားတဲ့ အခန်းတွေထဲမှာဆိုတော့ ချွေး ပင်ထွက်ချိန်မရကြောင်း။ နိုင်ငံခြားမှာ လူဖြစ်ရတာ အင်မတန် လူဖြစ်ကြိုးနပ်တဲ့ အကြောင်းတွေကို မောင်မင်းဦးသိအောင် မစားရဝခမန်း ပြောပြလိုက်တယ်ဆိုပဲ။

ရွာပြန်ရောက်တော့ မောင်မင်းဦးဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်ကြီး တစ်ပြည်အကြောင်းကို သူ့အမေဂျီး တော်ထွေးသိအောင် ပြောတော့တာပဲ။ နောက်တော့ သူ ရွာမှာ လယ်လုပ်ရတာ ဘယ်လောက်ပင်ပန်းတဲ့အကြောင်း။ ရတဲ့ ဝင်ငွေကလည်း မဖြစ်စလောက်။ တစ်နှစ်တစ်နှစ် ကောက်စိုက်ခ၊ ပျိုးနုတ်ခ၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးဖိုးတွေကို နုတ် လိုက်ရင် စပါးကောက်ပဲသီးနှံ ရောင်းရတဲ့ငွေဟာ သားအမိနှစ်ယောက်အတွက် စားလောက်ရုံသာရကြောင်း။ ဘဝကြီးပွား တိုးတက်တာကို လိုချင်ရင် ဒီလို လယ်ထဲ၊ ယာထဲ ရွှံ့ထဲ၊ ဗွက်ထဲမှာ နွားနဲ့ဖက်ရုန်းနေရုံနဲ့ မဖြစ်နိုင်ကြောင်းတွေကို ပြော ပါတော့တယ်။

ဂျီးတော်ထွေးက အတန်းကျောင်း မနေခဲ့ရလို့ စာတစ်လုံးမှ မတတ်ပေမဲ့ မောင်မင်းဦးလိုတော့ အယုံမလွယ်တတ်ဘူး။ မောင်မင်းဦးရဲ့ ဘဝတိုးတက်ကြောင်းတရားတွေကို လွယ်လွယ်နဲ့တော့ လက်မခံခဲ့ဘူး။

“ဒီမှာ လူလေး။ ပြေးကြည့်မှ မင်းနဲ့အမေနဲ့ နှစ်ယောက်တည်း ရှိတော့တာ။ မင်းကနိုင်ငံခြားသွား အလုပ်လုပ်တော့ ရွာမှာ အမေတစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ သားရဲ့။ မသွားချင်ပါနဲ့ သားရယ်။ နောက်ပြီး တစ်ပြည်ရပ်ခြားဆိုတာ မင်းလည်း ရောက်ဖူး၊ သွားဖူးတဲ့ နေရာမဟုတ်ဘူး။ အလုပ်အကိုင်ဆိုတာမျိုးကလည်း သူများတွေ အဆင်ပြေလို့ ကိုယ်သွားလုပ်ပေမဲ့ အဆင်ပြေချင်မှ ပြေတာမျိုး။ အကယ်၍ ထင်တစ်လုံးနဲ့ သွားလုပ်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ရင် ဘယ် နှယ့်လုပ်မလဲ။ သူများတိုင်းပြည်မှာ ဒုက္ခရောက်လို့မှ အကူအညီတောင်းစရာ ဆွေးမျိုးမိတ်သင်္ဂဟမရှိနဲ့။ မသွားချင်ပါနဲ့ သားရယ်။ နောက်ပြီး ဒီက လယ်တွေကလည်း မင်းရှိမှ ဖြစ်မှာ။ အမေက အသက်ကြီးပြီ မလုပ်နိုင်တော့ဘူး”

“ဟာဗျာ အမေကလည်း မပူရမဲ့ဟာတွေ တွေးပူနေ။ အမေတို့လို ရှေးရိုးစွဲလူကြီးတွေကြောင့် ဒီတိုင်းပြည် မတိုးတက်တာ။ ကျုပ်ကတော့ မနေနိုင်ဘူး။ သွားမှာပဲ။ တကယ်လို့ လိုတဲ့ငွေကို အမေထုတ်မပေးရင် ဒီလယ်တွေ၊ ဒီမြေတွေလည်း ကျုပ် ဘာမှ ဦးစီးပြီး လုပ်မပေးတော့ဘူး။ အမေ့ဟာအမေ စာရင်းငှားတွေနဲ့သာ လုပ်ပေတော့…”
***   ***   ***

အဲဒီနေ့က မောင်မင်းဦးဟာ အမေကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုပြီး ထွက်သွားလိုက်တာ တစ်ရက်နှစ်ရက်နဲ့ ပြန်မလာဘူး။ ဟိုဘက်ရွာက သူ့သူငယ်ချင်းတွေဆီ သွားပြီး စတည်းချနေ ဆိုလား။

တစ်ယောက်တည်း ရှိတဲ့သား သတင်းမကြား၊ ဘာမကြားနဲ့ နှစ်ရက်လောက် ပျောက်နေတော့ ဂျီးတော်ထွေးခမျာ မနေသာ တော့ဘူး။ သူ့သားရှိမယ်ထင်တဲ့ ရွာတွေကို လူကြုံနဲ့ သတင်းပေးရတော့တာပေါ့။ “ငါ့သား မင်းဦးကိုတွေ့ရင် ပြောလိုက်ကြ စမ်းပါကွယ်။ အမေထွေးက သူဖြစ်ချင်တာတွေ အားလုံးလုပ်ပေးပါ့မယ်။ ရွာကိုသာ ပြန်လာခဲ့ပါလို့”

နောက်တော့ မကြာပါဘူး။ သူဖြစ်ချင်တာ ဖြစ်ရတော့မယ်ဆိုတော့ မောင်မင်းဦး ရွာပြန်လာတယ်။ မြို့တက်ပြီး စိုက်ပျိုးရေး ပစ္စည်းဆိုင် ပိုင်ရှင်ရဲ့သား သူ့သူငယ်ချင်းနဲ့တွေ့တယ်။ နိုင်ငံခြားထွက်ဖို့ လိုအပ်တာတွေ စီမံကြတယ်။ အဲလို စီမံတာကိုက ခြောက်လလောက်ကြာတယ်။

နိုင်ငံခြားသွားရတော့မယ်ဆိုတာနဲ့ တစ်ပြိုင်တည်း မင်းဦးဟာ သူလုပ်နေကျ လယ်ဧကနှစ်ဆယ်ကို လုံးဝလှည့်မကြည့်တော့ ဘူး။ ဂျီးတော်ထွေးခမျာ အသက်အရွယ်ကကြီး မိန်းမသားကလည်း ဖြစ်ပြန်ဆိုတော့ လယ်ဧကနှစ်ဆယ်ကို သူ့သားမင်းဦးမရှိပဲ ကောင်းကောင်းမွန်မွန်မဦးစီးနိုင်ဘူး။ ဒီတော့ အဲဒီနှစ်က ကျုပ်တို့နေတဲ့ဂျီးတော်ထွေးရဲ့ အိမ်ဟာ သီးနှံအထွက်နည်းပြီး၊ စီးပွားကျတယ်ပဲ ပြောပါတော့ဗျာ။

ကျုပ်က အရွယ်ရောက်စ ကြောင်ပေါက်စ။ အမေ့လို ရှေ့ရေးကို ကြိုမမြင်နိုင်သေးသလို၊ လူတွေရဲ့ အရိပ်အကဲကိုလည်း သိပ်မသိသေးဘူး။ ဒီတော့ ကျုပ်ဉာဏ်မီသလောက်ကလေးနဲ့ ဂျီတော်ထွေးတို့သားအမိရဲ့ အိမ်တွင်းရေးပြဿနာကို အမေနဲ့ ဆွေးနွေးဖြစ်တယ်။

“မေမေရေ…။ တစ်သက်လုံး အေးအေးချမ်းချမ်းနေလာခဲ့တဲ့ ဂျီးတော်ထွေးတို့ သားအမိတော့ ပြဿနာတက်နေပြီ။ ဒီနှစ် လယ်ကလည်း အထွက်နှုန်းကျတော့ အိမ်ဝင်ငွေလည်း သိပ်မကောင်းဘူး။ ဂျီးတော်ထွေးရဲ့အိမ်ကတော့ အိမ်ပူစ ပြုပြီထင် တယ် အမေရေ…။ သားတို့ တစ်ခြားအိမ် ပြောင်းကြမလား။”

အမေဟာ ကျုပ်အမေးကို ချက်ချင်းပြန်မဖြေပဲ “ဝမ့်… အောင်…”လို့ အသံထွက် သမ်းဝေလိုက်တယ်။ သမ်းလို့အားရတော့မှ….

“သားရေ… အမေတို့က အိမ်ပူရင်မနေတတ်တဲ့ ကြောင်တွေဆိုပေမယ့် လွယ်လွယ်နဲ့လည်း ပြောင်းလို့တော့ မဖြစ်သေးဘူး ကွဲ့။ နောက်ပြီး ဂျီးတော်ထွေးတို့ အခုကြုံနေရတဲ့ ပြဿနာတွေဟာ ဘာမှမဟုတ်သေးဘူး။ သူ့သားသာ နိုင်ငံခြားသွားရင် လိုတဲ့ငွေအတွက် လက်ရှိလယ်ဧက နှစ်ဆယ်ထဲက ဆယ့်ငါးဧကကို ရောင်းပေးရလိမ့်ဦးမယ်။ ဒါလည်း ပြဿနာမ ဟုတ်သေးဘူး။ သူ့သား နိုင်ငံခြားရောက်လို့ အလုပ်အကိုင်အဆင်ပြေတဲ့အခါ ဂျီးတော်ထွေးကို တစ်နှစ်လောက် ထောက်ပံ့ လိမ့်ဦးမယ်။ နောက်တော့ သားက နိုင်ငံခြားမှာ တစ်ပြည်သူနဲ့ အိမ်ထောင်ကျပြီး သူ့အမေ ဂျီးတော်ထွေးကို ထောက်ပံပေး နေတဲ့ငွေလေး ရပ်သွားလိမ့်မယ်။ ဒါလည်း ပြဿနာမဟုတ်သေးဘူး။ ဂျီးတော်ထွေးမှာ လယ်ငါးဧက ကျန်သေးတော့ သူ့ တစ်ဝမ်းတစ်ခါးနဲ့ တို့ကြောင်နှစ်ကောင်အတွက်တော့ ပူစရာမရှိပါဘူး”

“ဒါဆို သားတို့သားအမိက ဂျီးတော်ထွေးတို့အိမ်မှာ တစ်သက်လုံးအတူနေနိုင်မှာပေါ့။ ဟုတ်လား မေမေ…”

ကျုပ်ရဲ့ မေးခွန်းအဆုံးမှာ အမေဟာ သက်ပြင်းတစ်ခုကို ဟူးကနဲ မှုတ်ထုတ်ပစ်လိုက်တယ်။ ပြီးတော့ သူ့ကိုယ်လုံး ပွပွကြီးကို လျှာနဲ့လျက်နေပြန်သေးတယ်။ ကျုပ်လည်း အမေ့အမူအရာကို ကြည့်ပြီး စိတ်မရှည်နိုင်တာနဲ့ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

“ပြောပါ့ဦး မေမေရဲ့။ သားတို့က ဂျီးတော်ထွေးအိမ်မှာ တစ်သက်လုံးအတူတူ နေရမှာလားဟင်”

“အချိန်တွေ၊ နေရာတွေ၊ ဟင်းလင်းပြင်တွေဆိုတာ အမှန်တော့ တကယ်မရှိဘူး ငါ့သား။ ဒါ့ကြောင့်မို့လို့ တို့ကြောင်တွေဟာ ခွေးတွေလို အိမ်စွဲ၊ နေရာစွဲ၊ သခင်စွဲ မထားတာပေါ့။ ဒီသဘောတရားကို သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းကလည်း တို့ ကြောင် တွေကနေတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့တယ်။

မင်းက ငယ်သေးတော့ အရာရာကို အမေ့လို ကြိုမမြင်နိုင်ဘူး။ ကိုယ်ကြိုသိနေတဲ့အရာတိုင်းကိုလည်း သူတစ်ပါးကို ဖွင့်မ ပြောသင့်ဘူး။ ပြောသင့်တဲ့အရာမှ ပြောရတယ်။ ဒါတွေ မင်း တစ်နေ့ နားလည်လာမှာပါ။ အိမ်တစ်အိမ်မှာ ဘယ်အချိန်ထိ နေရမယ်။ ဘယ်အချိန်မှာ စွန့်ခွာ၊ ရွှေ့ပြောင်းရမယ်ဆိုတာကိုလည်း မင်း တစ်နေ့ သိလာမှာပါ ငါ့သားရယ်…”
***   ***   ***

အဲဒီအချိန်က အမေပြောခဲ့တဲ့စကားတွေကို ကျုပ် သိပ်နားမလည်ခဲ့ဘူး။ နောက်တော့ တဖြည်းဖြည်း ကျုပ်ကိုတိုင် အရွယ်ရောက်လာတာနဲ့အမျှ ရှေ့ရေးတွေကို ကြိုမြင်လာခဲ့တယ်။ ကျုပ်တို့ ကြောင်တွေဟာ လူစကားမပြောတတ်လို့သာ၊ လူစကားသာ ပြောတတ်ရင် လူပညာရှိတွေ ပြောတဲ့အတွေးအခေါ်စကားတွေဟာ ကျုပ်တို့လို ကြောင်တွေအတွက် ထမင်း စား၊ ရေသောက် အတွေးအခေါ်တွေဆိုတာ ကျုပ် သိလာခဲ့ရတယ်။ ဒါ့ကြောင့်လည်း အတွေးအခေါ်ကောင်းတဲ့ ပညာရှိတွေကို လူတွေက “ကြောင်လိုက်တာ”လို့ ထောပနာ ပြုကြတာနေမှာဗျ။

ကျုပ်ကိုယ်ပိုင် ကြောင်ဒဿနတွေလည်း ထုတ်နိုင်လာခဲ့တယ်။ ဥပမာ။ လူမိသားစုတွေကို ကြည့်ပြီး “မိကောင်းဖခင်ရဲ့ သားသမီးဖြစ်ရတာဟာ၊ ဘဝမှာ ငါးဆယ်ရာခိုင်နှုန်း အောင်မြင်ပြီးသားပဲ” ဆိုတာမျိုး။ “ခုန်တယ်ဆိုတာ အမြင့်ကို စမ်းသပ် ခြင်းတစ်မျိုးပဲ”ဆိုတာမျိုးပေါ့ဗျာ။

နောက်တော့ ကျုပ်ရဲ့ကံကြမ္မာ၊ အမေ့ရဲ့ကံကြမ္မာတွေကိုလည်း ကျုပ်ကြိုမြင်လာခဲ့တယ်။ အဲဒီမှာ သိလိုက်ရတာက ကံကြမ္မာ ဆိုတာ ကြိုသိရရင် အင်မတန် စိတ်ပျက်စရာကောင်းပြီး၊ ဘဝကလည်း ပျင်းစရာ အတော်ကောင်းသွားတယ်။ ဒါ့ကြောင့်လည်း ကျုပ်တို့ကြောင်တွေကို ကြည့်လိုက်ရင် လမ်းလျှောက်ပုံကအစ အမြဲတမ်း လေးတိလေးကန်နဲ့ တဝါးဝါးသမ်းနေတာကိုပဲ ခင်ဗျားတို့တွေ့ရတာပေါ့။ တကယ်ဆို ကြောင်တွေဟာ ဘဝကို ပျင်းရိငြီးငွေ့နေတာပါဗျာ။ အဲလို ပျင်းရိငြီးငွေ့လွန်းလို့လည်း ကြွက်ဆိုတဲ့အကောင်တွေကို ဖျော်ဖြေမှုတစ်ခုလို သဘောထားပြီး ခုတ်နေကြတာပေါ့။

ဘဝရဲ့ ပျင်းရိငြီးငွေ့ဖွယ် နေ့ရက်များဟာလည်း အတွေးအခေါ်ကောင်းတွေကို မွေးဖွားပေးတယ်လေ။ ဒါ့ကြောင့် လူတွေဟာ ဘဝကို စိတ်ပျက်စိတ်ကုန် ပျင်းရိငြီးငွေ့လာပြီလားဆိုမှဖြင့် ကျုပ်တို့ကြောင်တွေနဲ့ တဖြည်းဖြည်း တူတူလာပြီး၊ ပညာရှိတွေ၊ အောင်မြင်ကျော်ကြားတဲ့ အနုပညာရပ်တွေကို ဖန်တီးနိုင်တဲ့ အနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ ဖြစ်လာကြတာပေါ့။

တစ်ခုတော့ ရှိတယ်။ ပညာလွန်တော့ ကောက်ကျစ်တယ်ဆိုတဲ့အတိုင်း ကျုပ်တို့ကြောင်တွေနဲ့ တစ်ထပ်တည်း တူသွားပြီဆို ရင်တော့ လူဟာ အာဏာရှင်တွေ၊ သာကူးနိုင်ငံရေးသမားတွေ၊ ပြည်သူ့ဘဏ္ဍာကို မရှက်မကြောက်ခိုးတတ်တဲ့ ကြောင်သူ တော် အစိုးရအဖွဲ့ဝင်တွေလည်း ဖြစ်သွားနိုင်ပါသေးတယ်။
***   ***   ***

တစ်နေ့ ကျုပ်ရော၊ အမေပါ ကြိုမြင်ထားခဲ့တဲ့အတိုင်း ကျုပ်ဘဝဟာ ကြမ္မာဆိုးကြီးတစ်ခု ဝင်လာခဲ့တယ်။ ကံတရားဆိုတာ ဘယ်လာက်ပဲ ကြိုမြင်ထားပေမဲ့ တားဆီးလို့ရစကောင်းတဲ့အရာမှ မဟုတ်ပဲလေ။

အဲဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ည။ သူခိုးကြီးည။ ရှေးခေတ်က ကြောင်စွမ်းကောင်းတစ်ကောင် ရဲ့မျက်လုံးတစ်စုံ ကြောင့် လူတစ်ယောက်ကို နာမည်ကျော်သူခိုးကြီး ဖြစ်စေတဲ့ည။ အဲဒီညက ရွာမှာရှိတဲ့ ကာလသားတွေ မူးကြ၊ ရူးကြ၊ ရမ်းကားကြတဲ့ည။ ရွာမှာရှိတဲ့ ကြက်၊ ဝက်၊ ဘဲ လူတွေချက်ပြုတ်၊ စားသောက်တတ်တဲ့ တိရိစ္ဆာန်မှန်သမျှကို လုံခြုံအောင် သိမ်းဆည်းမွေးမြူရတဲ့ည။

အဲဒီလို အိမ်မွေးတိရိစ္ဆာန်တွေကို တစ်ရွာလုံးက လုံခြုံအောင် အသိမ်းအဆည်းကောင်းလို့လားတော့ မသိဘူး။ ကျုပ်အမေ ကြောင်မကြီးဟာ ရွာကာလသားတစ်သိုက်ရဲ့ (ထန်းရေနဲ့မြည်းစရာ) ဟင်းတစ်ခွက် ဖြစ်သွားရရှာတယ်လေ။

အမေက ကြိုသိထားတဲ့အတိုင်း သူ့ကံကြမ္မာ ဒီနေ့ည အဆုံးသတ်တော့မှာကို အမူအရာနဲ့ ပြသွားရှာတယ်။ ကလေးအရွယ် မဟုတ်တော့တဲ့ ကြောင်ပျိုပေါက်ကလေး ကျုပ်ကို အမေက သူ့ရဲ့လျှာ နွေးနွေးကြီးနဲ့ တစ်ကိုယ်လုံး လျှက်ပေးသွားရှာတယ်။ ဒါဟာ အမေရဲ့ ကျုပ်ကိုပေးသွားတဲ့ နောက်ဆုံးမေတ္တာ အာငွေ့လေးပါပဲ။ ပြီးတော့ အမေ့မျက်ဝန်းစူးစူးတွေက အကြည့်နဲ့နောက်ဆုံးမှာကြားသွားတဲ့ ဆုံးမစကား။

“ငါ့သား… ကြိုသိပေမဲ့ ကံတရားဆိုတာ တားမရဘူးကွဲ့။ လူတွေဟာ အမေတို့ကြောင်တွေဆီက ကောင်းတဲ့သဘာဝတွေကို ယူတတ်ရင် ပညာရှိတွေ ဖြစ်ပြီး၊ မကောင်းတဲ့သဘာဝတွေကို ယူတဲ့လူတွေကတော့ လူယုတ်မာတွေ ဖြစ်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် လူတွေကို မမုန်းပါနဲ့ ငါ့သား။ ဘာတွေပဲကြွေးကြွေး လူတွေကို မချစ်ပါနဲ့ ငါ့သား။ လူဆိုတာ သူတို့သာလျှင် ဉာဏ်အရှိဆုံးလို့ ထင်နေတဲ့ အတုံးဆုံးသတ္တဝါတွေပါကွယ်…”
***    ***    ***

တန်ဆောင်မုန်းလရဲ့ လပြည့်နေ့ညက ကျုပ်နဲ့ ကျုပ်အမေကြောင်မကြီးရဲ့ မေတ္တာတရားကို အဆုံးသတ်ပေးလိုက်တယ်။ တန်ဆောင်မုန်းလရဲ့ လပြည့်ကျော်တစ်ရက်နေ့ညက ဂျီးတော်ထွေးနဲ့ သူ့သား မင်းဦးရဲ့ မေတ္တာတရားကို အဆုံးသတ်ပေး လိုက်တယ်။

နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ မင်းဦးဟာ အဲဒီနှစ်က ရွာပြန်လာတဲ့အခါ၊ နိုင်ငံခြားဖြစ် လက်ဆောင်တွေကို ဂျီးတော် ထွေးနဲ့ ဆွေမျိုးတွေအတွက် သယ်လာရုံမျှမက ဂျီးတော်ထွေးအတွက် သီးသန့် နိုင်ငံခြားဖြစ် ချွေးမတစ်ယောက်ကိုပါ ခေါ် လာခဲ့တယ်။ မြန်မာစကားမတတ်၊ အသားအရေ နီစပ်စပ်နဲ့ မျက်လုံးပြာပြာတွေရဲ့ အရှင်သခင်မလေးကို ဂျီးတော်ထွေးမပြောနဲ့။ ကျုပ်တောင် ကြည့်မရဘူးဗျာ။

ဒါပေမယ့် ဂျီးတော်ထွေးက တော်ရှာပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို လင့်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာရှာတဲ့ မရွှေမျက် ဝန်းပြာကို မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာမပျက် ဧည့်ဝတ်ကျေအောင် အတတ်နိုင်ဆုံး ကြိုးစားရှာပါတယ်။ သားနဲ့သူ့မယား စားဖို့ဆိုပြီး အိမ်မှာရှိတဲ့ မြန်မာကြက်ကြီး ငရွှေနီကိုတောင် ကိုယ်တိုင်ရိုက် ချက်ကြွေးလိုက်သေး။

ခက်တာက မင်းဦး။ ဂျီးတော်ထွေး ဒီလောက် ဧည့်ဝတ်ကျေအောင် ကြိုးစားတာကို တွေ့တွေ့ချင်း စောက်နဲ့ထွင်းဆိုသလို စကားပြော မဆင်ခြင်ဘူး။ အခုမှစ တွေ့ဖူးတဲ့ ချွေးမနဲ့ယောက္ခမကြားမှာ အဆင်ပြေအောင် မစွမ်းဆောင်နိုင်ဘူး။

ညရောက်တာနဲ့ သားအမိနှစ်ယောက် စကားပြောရင်း ပြဿနာက စတော့တာပဲ။ ကိုယ်တော်ချောက တစ်ပြည်သူကို ယူရုံမျှမက၊ တိုင်းတစ်ပါးမှာပဲ မမျက်နှာတစ်ကမ္ဘာမှတ်ထင်ပြီး အပြီးတိုင် နေထိုင်တော့မတဲ့လေ။
***   ***   ***

“သားရယ် စဉ်းစဉ်းစားစားလည်း လုပ်ပါ့ဦး။ မင့်အနေနဲ့ မြန်မာလူမျိုးတစ်ယောက်က လူမျိုးခြားကိုယူတာ မင့်ဘဝက ပါလာ တဲ့ကံလို့ အမေ ဖြေတွေးနိုင်ပါတယ်။ အချစ်၊ မေတ္တာနဲ့ အကြောင်းရေစက်တွေကို အမေ အတ္တနဲ့ ဝင်မစွက်ချင်ပါဘူး။ ဒါဟာ မြန်မာဆိုတဲ့လူမျိုးကို မင့်သွေးမှာ ခြေရာဖျောက်ရာ ရောက်ပေမဲ့ အမေ ခွင့်လွှတ်နိုင်ပါတယ် လူလေးရယ်…။ ဒါပေမယ့် ကိုယ်တစ်သက်လုံး နေထိုင်ကြီးပြင်းခဲ့တဲ့ ကျေးဇူးရှင် မြေကြီးကိုတော့ မင်း မစွန့်ပစ်သင့်ဘူးကွဲ့။”

“ကျွန်တော် ပြောပြမယ်အမေ။ ဟိုမှာ နေထိုင်အလုပ်လုပ်တဲ့အခါ ကျွန်တော်ရတဲ့လခထဲက ကျွန်တော်ဟာ ဟိုနိုင်ငံကိုလည်း အခွန်ဆောင်ရတယ်။ ဒီမြန်မာနိုင်ငံကိုလည်း အခွန်ဆောင်ရတယ်။ ရတဲ့လခလေးထဲက ကိုယ့်နေထိုင်၊ စားသောက်စားရိတ် တွေအပြင် အမေ့ကို ထောက်ပံ့ရတာက ရှိသေးတယ်။ ကြာတော့ ကျွန်တော် မခံနိုင်တော့ဘူး။ အခုဆို ကျွန်တော် အိမ်ထောင် ပါကျပြီ။ အိမ်ထောင်ရေး ကုန်ကျစရိတ်တွေပါ တိုးလာတော့မယ်။ ဒီတော့ ကျွန်တော် အမေ့ကိုပါခေါ်ပြီး ဟိုနိုင်ငံမှာပဲ အပြီး နေလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဟိုနိုင်ငံသား ဖြစ်သွားရင် ဒီနိုင်ငံကို ပေးရမဲ့ အခွန်ကို ပေးစရာမလိုတဲ့အပြင်၊ အမေပါလိုက်နေ တဲ့အတွက် အပိုထောက်ပံ့စရာလည်း မလိုတော့ဘူးလေ။”

“ဒါဆိုလည်း ငါ့သားရယ်…။ မင့်မိန်းမကို ဒီနိုင်ငံမှာ နေချင်အောင် မင်းစည်းရုံးပေါ့။ သူသာ ဒီနိုင်ငံမှာနေမယ်ဆိုရင် မင်း ဟိုနိုင်ငံမှာပေးရတဲ့အခွန် သက်သာမယ်။ တို့သားအမိလည်း အတူနေရရော။ မကောင်းဘူးလား”

“မရဘူးအမေ။ ဒီနိုင်ငံလို လျှပ်စစ်မီးတောင် အပြည့်အဝမပေးနိုင်သေးတဲ့နိုင်ငံမျိုး။ သောက်ရေ၊ သုံးရေတောင် ခက်ခဲနေတဲ့ ကျေးရွာမျိုး။ အခွန်သာဆောင်ရပြီး နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး အဆုံးရှုံးကြီး ဆုံးရှုံးနေရတဲ့နိုင်ငံမျိုးမှာ သူနေနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း မနေနိုင်တော့ဘူး။ နောက်ပြီး ပြည်သူအပေါ် အယူသာရှိပြီး ဘာမှပြန်မပေးတဲ့အစိုးရမျိုးကို အခွန်ပေးဖို့ သူရော၊ ကျွန်တော်ရော မသထာဘူးအမေ။”

“ကောင်းပြီလေ။ ဒါဆိုလည်း လူလေးသဘောပါ။ အမေကတော့ မင်းတို့နဲ့အတူ ဟိုနိုင်ငံကို မလိုက်နိုင်ဘူး။ မင့်အဖေ ကိုပွ နောက်ဆုံးခေါင်းချသွားတဲ့ ဒီမြေ၊ ဒီရေကနေ အမေ ဘယ်ကိုမှ မသွားဘူး။ အမေက ဒီမြေမှာမွေး၊ ဒီမြေမှာပဲ ကြီးပြင်းခဲ့တာ။ အမေ့မှာ ဒီမြေရဲ့ကျေးဇူးတွေ အများကြီးပဲ။ အမေလုပ်နိုင်သလောက်လေးနဲ့ ဒီမြေရဲ့ကျေးဇူးကို ဆပ်ရဦးမယ်။ အစိုးရ ကောင်းတာ၊ မကောင်းတာ။ စနစ်ကောင်းတာ၊ မကောင်းတာ အမေ စိတ်မဝင်စားဘူး။ ငါ့သားနေရာမှာ အမေသာဆို ဟိုနိုင်ငံ က ရလာတဲ့ အသိပညာ၊ ဗဟုသုတတွေနဲ့ ဒီနိုင်ငံကို ပြောင်းလဲအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။ ငါ့သားလိုတော့ ဒီမြေကို အမေစွန့်ခွာသွားမှာ မဟုတ်ဘူး။”

အဲဒီညက ကြယ်ပေါင်းရံခနေတဲ့ တန်ဆောင်မုန်းလရဲ့ လပြည့်ကျော်တစ်ရက်လကြီးဟာ ကောင်းကင်မှာ ရွှန်းရွှန်းပပ သာ လို့။ လမင်းကြီးဟာ လပြည့်ညထက်တောင်မှ ပိုပြီးတော့ အဓိပ္ပာယ်ပြည့်ဝ သာလွန်းလှပါတယ်။

ဒါပေမယ့် ကျုပ်ရင်ထဲမတော့ လပြည့်ညက ဟင်းစားဖြစ်သွားတဲ့အမေ့ကို သတိရတယ်။ သေစာ၊ရှင်စာလောက်သာတတ်ပေမဲ့ အမိမြေကို ကျေးဇူးသိတတ်လွန်းတဲ့ ဂျီးတော်ထွေးကို လေးစားတယ်။ နောက်ပြီး အမေမသေခင်က ပြောခဲ့သလို အမှန်တ ကယ် ဖြစ်လာနေတဲ့ ကျုပ်ကံတရားကို ရင်လေးတယ်။

နောက်ဆုံးတော့ ကြံရာမရတာနဲ့ လရောင်အောက်မှာ ကွပ်ပျစ်ပေါ်ကနေ တွဲလောင်းကျနေတဲ့ ဂျီးတော်ထွေးရဲ့ ခြေဖမိုးအစုံ ကို ဦးခေါင်းနဲ့သာ အတွင်ပွတ်နေမိတယ်။

မောင်မင်းဦးရဲ့ဇနီးအသစ်ကျပ်ချွတ် ကောင်မလေးခမျာလည်း ခြင်အော်သံတဝီဝီ။ လျှပ်စစ်မီးမရ။ သောက်သုံးရေ မပြည့်စုံတဲ့ ကျုပ်တို့ မြန်မာ့တောသဘာဝလေးကို မပျော်ရှာဘူးထင်ပါရဲ့။ တစ်ညသာ အိပ်ပြီး နောက်တစ်ရက် ဆက်မနေနိုင်တော့ဘူး။ မိုးလင်းတာနဲ့ မြို့က ဟော်တယ်ကို လစ်တော့တာပဲ။ တစ်ပြည်သူမရွှေမျက်ဝန်းပြာက မနေနိုင်ဘူးဆိုမှတော့ မောင်မင်းကြီးသား မောင်မင်းဦးလည်း မနေသာဘူး။ မယားနောက် ကောက်ကောက်ပါအောင် လိုက်ရတော့တာပဲ။
***   ***   ***

ကျုပ်အမေ ကြောင်မကြီး ကြိုတင်နိမိတ် ဖတ်ခဲ့တဲ့အတိုင်းပါပဲ။ ဂျီးတော်ထွေးရဲ့အိမ်ဟာ အတိအကျ ဖြစ်လာခဲ့တယ်။ ဒီကံ ကြမ္မာကို ကျုပ်ကိုယ်တိုင်လည်း အရွယ်ရောက်လာတော့ မြင်လာခဲ့တယ်။ ဒါပေမဲ့ ကြောင်ဆိုတာ နတ်ဘုရားတွေ မဟုတ်ဘူး။ တန်ခိုးရှင်တွေ မဟုတ်ဘူး။ လူတွေရဲ့ကံကြမ္မာကို ကြောင်တွေက ကြိုမြင်နိုင်တယ်ဆိုပေမဲ့ ပြောင်းလဲသွားအောင်တော့ မစွမ်းဆောင်နိုင်ဘူး။

အိမ်တစ်အိမ်မှာ ကြောင်တွေသားပေါက်ရင် စီးပွားတက်တယ်ဆိုတာ တကယ်တော့ စီးပွားတက်မဲ့ အိမ်ကို ကြောင်တွေက သိလို့ တမင်ရွေးချယ်ပြီး သားပေါက်တာသာ ဖြစ်တယ်။ ဒါကို လူတွေကတော့ နလပိန်းတုံးတွေဆိုတော့ ဘယ်နားလည်မလဲ။ သူတို့ စိတ်အစွဲအလန်းအတိုင်း မျက်စေ့မှိတ်ယုံနေကြတာပဲ။
***   ***   ***

မောင်မင်းဦးဟာ ဒီတစ်ခါ ပြန်သွားကတည်းက သူ့အမေဂျီးတော်ထွေးကို လုံးဝ မဆက်သွယ်တော့ဘူး။ လစဉ်ထောက်ပံ့ငွေ လည်း မပို့တော့ဘူး။ ဒါပေမဲ့ ကျုပ်အမေ ပြောသလိုပဲ၊ ကျုပ်နဲ့ဂျီးတော်ထွေးအတွက် ဒါက ပြဿနာ လုံးဝ မဟုတ်ပါဘူး။ အမယ်အိုတစ်ယောက်နဲ့ ကြောင်တစ်ကောင်အတွက် လယ်ငါးဧကကရတဲ့ သီးထောက်ခကလေးဟာ လောက်ငရုံမက ပိုလျှံနေပါသေးတယ်။

ပြဿနာအစစ်က စိတ်ပဲ။ တစ်ဦးတည်းသောသားရဲ့ စွန့်ပစ်ခြင်းခံရတဲ့အမယ်အိုဟာ ကျန်းမာရေးက အရင်လို မကောင်း တော့ဘူး။ ချူချာလာတယ်။ စိတ်ထောင်းလို့ ကိုကြေဆိုသလိုပေါ့လေ။ ဂျီးတော်ထွေးက မာတော့အမာသားဗျ။ ဒီလောက် ကိုယ်စိတ်နှလုံး ခြုံးခြုံးကျနေတာတောင် အိပ်ရာထဲဘုံးဘုံးလဲလောက်အောင် အထိတော့ မဖြစ်ဘူး။ အပရိက ဖျားတာနာတာ လောက်ကတော့ ခဏခဏ ဖြစ်တယ်။

မောင်မင်းဦးက သူ့အမေကို လုံးဝ အဆက်အသွယ်ဖြတ်လိုက်ပြီလို့ သိတာနဲ့ ဂျီးတော်ထွေးရဲ့ တူမဝမ်းကွဲတစ်ယောက်က အိမ်လာနေပေးတယ်။ ဂျီးတော်ထွေးလိုအပ်တာမှန်သမျှ ဝတ်ကြီး၊ ဝတ်ငယ် ပြုစုတယ်။ တစ်ယောက်တည်း ဖြစ်နေတဲ့ဂျီး တော်ထွေး အားငယ်မှာစိုးလို့တဲ့။

အမှန်ကတော့ မဟုတ်ပါဘူး။ တစ်ဦးတည်းသောသား မောင်မင်းဦးက မြန်မာပြည် ပြန်မလာတော့ဘူး။ အပြီးထွက်သွားပြီ။ ဒီမှာရှိတဲ့ လယ်ငါးဧကကိုလည်း မင်းဦးက ဖုတ်လေတဲ့ငပိ ညှော်တယ်တောင် မထင်တော့ဘူး။ ဒီတော့ ဂျီးတော်ထွေးသေလို့ အမွေရရင် ဆွေမျိုးအနီးဆုံးဖြစ်တဲ့ ဒီတူမဝမ်းကွဲလေးကသာ ရမှာပေါ့။ ဒီယုံမြင်လို့ ဒီခြုံထွင်တယ်ဆိုတာ ကျုပ်က ကြောင် ဆိုတော့ သိသပေါ့။ ဒီကောင်မလေး မျက်နှာကလည်း သာရင်ပေါင်း၊ မသာရင်ဂျောင်းမယ့် ကြောင်မျက်နှာဆိုတာ ကြည့် တာနဲ့ သိပါတယ်။

လူစကားလည်း ပြောတတ်၊ သိတာကိုလည်း သိတဲ့အတိုင်း ပြောခွင့်ရှိရင် အဲဒီဂျီးတော်ထွေးရဲ့ တူမဝမ်းကွဲလေးကို ကျုပ်က ပြောချင်သား။

“ဟဲ့ ကလေးမ…။ ဒီလယ်ငါးဧက ညည်းမရဘူးနော်။ မမျှော်နဲ့”လို့…
***   ***   ***

မောင်မင်းဦးတစ်ယောက် နိုင်ငံခြားကို အပြီးပြန်သွားပြီး တစ်နှစ်လောက်ကြာတော့ စစ်အစိုးရက ဂျီးတော်ထွေးရဲ့လယ် ငါးဧကကို (ဘယ်တော့မှ ဖြစ်မလာမဲ့စီမံကိန်းတစ်ခုကို အကြောင်းပြပြီး) သိမ်းလိုက်တယ်။ နောက် သုံးလလောက်နေတော့ စစ်အစိုးရက အရပ်သားအစိုးရကို အာဏာလွဲပြောင်းပေးလိုက်တယ်။

အကြွေးဗလဗျစ်၊ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဘာမှစုပ်စရာ၊ စားစရာ မကျန်တော့တဲ့ မြန်မာပြည်ကြီးကို ကြောင်ပါးကြီးနဲ့တူတဲ့စစ်အစိုးရက စွန့်ခွာသွားတယ် ဆိုပါတော့ဗျာ။ သမ္မတကြီးဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရ တက် လာတယ်။

သမ္မတကြီးဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို တကယ်လိုလားသူလို့ ကျုပ်ထင်ပါတယ်။ ဒါပေမဲ့ ကြောင်တွေလို ပြန်မ ပြောနားမထောင်နဲ့ အမိန့်မနာခံတတ်တဲ့၊ ကိုယ်ကျိုးကြည့်တတ်တဲ့ လူတွေ သူ့အစိုးရအဖွဲ့ထဲ ပါလာတယ်။ ဒီတော့ ဆွမ်း ဆန်ထဲ ကြွက်ချေးရောသလို ဖြစ်ပြီး သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒဟာ အခုအထိ ဆန့်ငင်ဆန့်ငင် ဖြစ်နေတုန်း။

မှတ်မှတ်ရရ…

ဆင်းရဲမွဲတေမှုပပျောက်ရေးကို သူ့လက်ထက်မှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမဲ့အကြောင်း သမ္မတကြီးက ပြည်သူကို မိန့်ခွန်းပြောတဲ့နေ့မှာပဲ ဂျီးတော်ထွေးဆိုတဲ့ အိုကံမကောင်းရှာတဲ့ဆင်းရဲသား အဖွားအိုတစ်ဦး ဆုံးရှာပါတယ်။ သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် အတိတ်နိမိတ်လို့ ပြောရမလား။ မြန်မာပြည်က လူဆင်းရဲလယ်ပိုင်ရှင်မတစ်ယောက်ဟာ အသေထွက် ထွက်သွားတယ်လေ။

ကျုပ်ကကြောင်။ အိမ်မသာရင် မနေဘူး။ ဂျီးတော်ထွေးတစ်ယောက် သားဆုံး၊ လယ်ပျောက် အတိဒုက္ခရောက်ပြီး အိပ်ယာထဲ လဲကတည်းက အိမ်ပြောင်းတော့တာပဲ။ အံမယ်… ကျုပ်ကို အပြစ်မပြောနဲ့ဗျ။ ဂျီးတော်ထွေးကို စွန့်ခွာသွားတဲ့အထဲမှာ ကျုပ်က နောက်အကျဆုံး။ ကျုပ်ထက်စောတဲ့သူ ရှိတယ်။ အဲဒါ ဟို ကောင်မလေး။ ဂျီးတော်ထွေးခမျာ အိုကြီးအိုမနဲ့ ဘဝကို တစ်ယောက်တည်း ရုန်းကန်နေရတာ သနားလှချည်ရဲ့ ဆိုပြီး အိမ်လာနေတဲ့ ဂျီးတော်ထွေးရဲ့ တူမဝမ်းကွဲလေးပေါ့။

ဖြစ်ပုံက ဒီလို…

ဂျီးတော်ထွေးဟာ သူ့လယ်ငါးဧကကို လျော်ကြေးမဖြစ်စလောက်ကလေး ပေးပြီး စစ်အစိုးရက သိမ်းသွားလိုက်တာနဲ့ တစ်ပြိုင်တည်း၊ လောကီပိုင်ဆိုင်မှုတွေအပေါ်မှာ သံဝေဂအကြီးအကျယ် ရသွားရှာတယ်။ ဒါနဲ့ သူပိုင်တဲ့ အိမ်နဲ့ခြံဝန်းကလေးကို ရွာဦးကျောင်းဆရာတော်ထံမှာ သူသေတာနဲ့ အများကောင်းကျိုးအတွက် လိုအပ်သလို အသုံးပြုပါဆိုပြီး တစ်ခါတည်း ရေစက်ချလှူဒါန်းပစ်ခဲ့တယ်။

လယ်ကလေးတွေများရမလားလို့ ဂျီးတော်ထွေးအိမ်ကပ်နေ။ လယ်သိမ်းခံရတော့ နေတဲ့ဝန်းနဲ့အိမ် ကလေးတော့ ရကောင်း ရဲ့လို့ အထင်ရောက်ခဲ့တဲ့ ဂျီးတော်ထွေးတူမဝမ်းကွဲမမခမျာ ပက်လက်ကို လန်ရော။ ဒါနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွား ပါလေရော။

ပစ္စည်းဥစ္စာဆိုတာ ထိုက်မှရသဗျ။ ဒါ့ကြောင့်လည်း ကျုပ်တို့ကြောင်တွေက ဘာမှ မမက်တာ။ နောက်ဆုံး သခင်ဆိုတာ ကိုတောင် အတည်မထားဘူး။ ကံဆုံစား၊ ဆန်ကုန်သွားပဲ။
***   ***   ***

ဂျီးတော်ထွေးရဲ့နာရေးမှာ နောက်ဆုံးရုပ်ကလပ်ကိုတော့ ကျုပ်တစ်ရက်သွားကြည့်ခဲ့ပါသေးတယ်။ မွေးမြေရပ်ခြား နိုင်ငံခြား သားကြီးလုံးလုံး ဖြစ်နေတဲ့ မောင်မင်းဦးကလေးလည်း လာတယ်။ ကျုပ်သွားတဲ့နေ့က မောင်မင်းဦးနဲ့ ရွာလူကြီးတွေ အိမ်ဝန်း ထဲက ကွပ်ပျစ်ကလေးပေါ်မှာ စကားဝိုင်းဖွဲ့နေကြတယ်။ ကျုပ်လည်း ကျုပ်ဘဝရဲ့ငယ်စဉ် အတိတ်ကာလေတွေကို အောက် မေ့သတိရရင်း သူတို့ ဘာတွေပြောနေကြသလဲလို့ အသာနားစွင့်နေမိတယ်။

“တကယ်တော့ မြန်မာလူမျိုးတွေဟာ တော်ပေမဲ့ အသုံးမကျဘူးဗျ”

နိုင်ငံခြားသားအကောင်းစားကြီး မောင်မင်းဦးက သူ့စကားကို အဆိုတင်သလို ပြောလိုက်တယ်။ သူကိုယ်တိုင် မြန်မာလူမျိုး မဟုတ်တဲ့အတိုင်းပဲ။ “ဘာ့ကြောင့်များပါလိမ့် ကိုမင်းဦးရယ်”

ရွာသူကြီးကိုရွှေသစ်က စကားထောက်ပေးတယ်။ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို ဘွဲ့ရပညာတတ်မှ ခန့်ထားရမယ်ဆိုတဲ့ ပေါ်လစီအရ ငယ်ငယ်ရွယ်ရွယ်နဲ့ ပူပူနွေးနွေး ရွာသူကြီးဖြစ်လာတဲ့ ကိုရွှေသစ်ဆိုတာက အရင်ရွာသူကြီးရဲ့သားလေ။       

“ခင်ဗျား ကြည့်လေဗျာ။ ကျွန်တော့်အမေဆို စာမတတ်ပေမဲ့ အားလုံးသိတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကောင်းစားဖို့အတွက် နေသင့်တဲ့နေရာမှာနေဖို့ ကျွန်တော်ကခေါ်တော့ သူ့ခမျာ တွန့်ဆုတ် သွားပြန်ရော။ မြန်မာပြည်မှာ အခုပြောင်းလဲနေပြီ ဆို ပေမယ့် မထူးခြားသေးဘူး။ ကိုယ်လိုတာရဖို့အတွက် ဆန္ဒတွေ ပြနေရတုန်း။ လူ့အခွင့်အရေးဆိုတာကြီးအတွက် တိုက်နေ၊ တောင်းနေကြရတုန်း မဟုတ်လား။ တကယ်ဆို ဘာလို့ ကိုယ့်အရည်အသွေးတွေကို အဲလို အကျိုးမဲ့ဖြုန်းတီးပစ်မလဲ။ ကိုယ် လိုချင်တာ ရတဲ့နိုင်ငံ။ ကိုယ်ဖြစ်ချင်တာ လုပ်ပေးနိုင်တဲ့နေရာကို ကျွန်တော်တို့လို ရွှေ့နေလိုက်ကြပေါ့ဗျ။ သူတို့လည်း ဘာ ထူးလည်း အမေနဲ့ အတူတူပဲ။

ဘာမှ လုပ်စားမရတဲ့ သစ္စာတရားတွေ၊ ကျေးဇူးတရားတွေကို ရင်ဝယ်ပိုက်ပြီး အလကား ဘဝ အနစ်မွန်း ခံနေကြတယ်။ နေသင့်တဲ့အရပ်မှာနေမှ အောင်မြင်တာဗျ။ ဘုရားဟောတောင် ရှိသေးမဟုတ်လား။ ဘာတဲ့ ပါဋ္ဌိလို ကျွန်တော်မေ့နေလို့”

ဟုတ်တော့ ဟုတ်တုတ်တုတ်ပဲ။ ဒါကြောင်တွေရဲ့ စိတ်ဓာတ်မျိုးဗျ။ နေသင့်တဲ့အရပ်မှာ နေလို့လားတော့ မသိဘူး။ မောင်မင်း ဦးကလေး ကြောင်လောက်နီးနီး ပညာရှိသွားပြီဗျ။ ကြောင်တစ်ကောင်လိုတော်ဖို့ နဲနဲပဲ လိုတော့တယ်။ မြန်မာပြည်မှာ တစ်ချို့လူတွေက မြန်မာပြည်ကြီး ကောင်းစားဖို့၊ ပြောင်းလဲဖို့ဆိုပြီး  ခွေးတစ်ကောင်လို သစ္စာတရားမျိုးနဲ့ ဖက်တွယ်အော် ဟစ်နေကြတယ်။ အဲဒီလိုတွေ ဘာဖြစ်သလဲ။ မြန်မာပြည်ကြီးလည်း မပြောင်းလဲတဲ့အပြင် သူတို့ကိုယ်တိုင်လည်း ခွေး လောက်တောင် လူမွေး၊ လူတောင်မပြောင်အောင် နှိပ်စက်ညှင်းပမ်း၊ အကျဉ်းချ ခံကြရတယ်လေ။ တကယ်ဆို လူတော် ကလေး မောင်မင်းဦးလို ကြောင်တစ်ကောင်ရဲ့ သတ္တိမျိုး မွေးသင့်တယ်ဗျ။

“ဗျို့ ကိုမင်းဦး… ဟော ဒီကြောင်ကြီးက ကိုမင်းဦးတို့ အိမ်က ငယ်မွေးခြံပေါက် ကြောင်ကြီး မဟုတ်လားဗျ။ ဒီကောင်ကြီး ကျုပ်ရွာလူကြီး မဖြစ်ခင်တစ်ရက်လောက်က အိမ်ရောက်လာတာ။ အခုချိန်ထိ မပြန်တော့ဘူး။ ကြောင်လာရင် စီးပွားတက် တယ်ဆိုတာ ဟုတ်သဗျို။ ကျုပ်တို့အိမ် ဒီကောင်ကြီး ရောက်ကတည်းက ငွေဆိုတာ ဝင်လိုက်တာ သောက်သောက်လဲ။ အိပ်နေတဲ့အချိန်တောင် တံခါးခေါက် လာပေးကြသဗျ”

ကျုပ်လည်း မင်းဦးစကားနောက်မှာ အတွေးနယ်ချဲ့နေလိုက်တာ သူတို့ဘာတွေ ပြောသွားမှန်းတောင် မသိလိုက်ဘူး။ သူကြီး လက်သစ် မောင်ရွှေသစ်က ကျုပ်ကို ရည်ညွှန်းပြီးပြောမှပဲ၊ သတိပြန်ဝင်လာတော့တယ်။ ကျုပ်လည်း သူကြီးရဲ့စကားကို ထောက်ခံသလိုနဲ့ လရောင်မှာ ကျုပ်ရဲ့ခေါင်းကြီးကို မော့တဲ့ပြီး “ညောင်”ကနဲ တစ်ခွန်းအော်လိုက်တယ်။ ရင်မှာလည်း ပီတိတွေနဲ့ပေါ့။

ဒါပေမဲ့ ကျုပ်ပီတိဟာ ကြာကြာမခံပါဘူး။ မောင်မင်းဦးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တိမ်ဖုံးသွားတဲ့လမင်းကြီးလို ကျုပ်စိတ်ဟာ မဲကနဲဖြစ်သွားရတယ်။

“အလကားပါဗျာ…။ ကြောင်ဆိုတဲ့အကောင်က အိမ်သာမှ နေတာပါ။ အလကား သာကူးတွေ” တဲ့…

ဟား… ဟား… ဟား… ဟား… လူစကားသာ ပြောတတ်ရင် ကျုပ်လေ တစ်ရွာလုံးကြားအောင် ဟားတိုက်ပြီးသာ ရီလိုက်ချင် ပါရဲ့။ မောင်မင်းဦးက ကျုပ်ကို သာကူးတဲ့ဗျ။ ကျုပ်တို့လို ကြောင်တွေရဲ့ သဘာဝကို လိုက်လုပ်နိုင်လို့ လူမွှေး၊ လူတောင် ပြောင်နေတဲ့ကောင်ကများ ပြောရတယ်ရှိသေး။ ရူးလည်း ရူးပါ့ကွာ။

ခင်ဗျားလည်း မသေမချင်းမှတ်သွား…

ကျုပ်တို့လိုကြောင်တွေက ခင်ဗျားတို့လို လူတွေ ခိုင်းသမျှ၊ ပြောသမျှ လိုက်မလုပ်ဘူးဆိုတာ လူစကားကို နားမလည်လို့ မဟုတ်ဘူးဗျ။ လူတွေကို အရူးတွေမှန်း သိနေလို့ပဲ…။

အရူးတွေခိုင်းတာကို အကောင်းတွေက လိုက်လုပ်စရာလားဗျာ…

“ညှောင့်…”

ဇော်သစ်
၂၂. ၈.၂၀၁၄ (နံနက်-၂း၄၅)