ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထင်အောင် - မြန်မာမှုကို ချစ်မြတ်နိုးကြသူများ






ထင်အောင် - မြန်မာမှုကို ချစ်မြတ်နိုးကြသူများ
(မိုးမခ) မတ် ၂၄၊ ၂၀၁၆

မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အင်မတန်သဘောကျပျော်တတ်ကျတဲ့ မဟာသင်္ကြန်ပွဲတော်ပြီးနီးကပ်လာ ပြန်ပါပြီ။ မြန်မာနှစ်ကူးချိန်ဟု သတ်မှတ်ထားတဲ့ ရေကစားပွဲတော်သင်္ကြန်နီးလာသည်နှင့်အမျှ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း သင်္ကြန်ကာလအတွင်း လိုက်နာရန်စည်းကမ်းများကို ထုတ်ပြန်လေ့ရှိပါတယ်။ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုကိုထိမ်းသိမ်းကြရန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများမပြုလုပ်ကြရန်၊ အရက်သေစာသောက်စားခြင်းရောင်းဝယ်ခြင်း လုံးဝ မပြုလုပ်ကြရန် စတာတွေကို နှစ်စဉ်ထုတ်ပြန်တတ်ပါတယ်။ တကယ်ရည်ရွယ်ချက်ကတော့ ရိုးရာယဉ်ကျေးမှုကို မပျက်စေ ချင်တာဖြစ်ပါတယ်။ တကယ်တမ်းရေကစားကြတဲ့အချိန်မှာတော့ ဒီထုတ်ပြန်ချက်တွေ ဘယ်နားရောက်နေသလဲမသိကြ တော့ပါ။ သတိပြုရှောင်ရှားရန်အမိန့်ထုတ်ထားသူတွေကစားတဲ့မဏ္ဍပ်မှာတောင် မူးရူးနေတာကို တွေ့နိုင်ပါတယ်။ ရေအစို ခံနိုင်ရန်၊ အအေးဒဏ်ခံနိုင်ရန်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သောက်ကြတာပါ။ မသောက်တဲ့သူတွေက ရေမကစားနိုင် သလိုဖြစ်နေကာ အပြင်းမသောက်နိုင်သူတွေက အပျော့စားဘီယာသောက်နေကြပါတယ်။ အမျိုးသမီးတွေတောင် အအေး ဒဏ်ကာကွယ်ရန် ဝိုင်ကိုမော့သောက်နေရပါတယ်။ ရေဖလားကိုင်ရမဲ့လက်ကလေးတွေက သေရည်ခွက်ကို ကိုင်နေတာ ကြည့်မကောင်းပါဘူး။ သေရည်အရှိန်ကြောင့် ရိုးရာယဉ်ကျေးမှုတွေ အရှက်တရားတွေမေ့သွားပါတော့တယ်။ သရုပ်ပျက် ဝတ်စားရတာကိုလည်း မရှက်နိုင်တော့ပါ။ နိုင်ငံတကာအဆင့်မှီအောင် ဝတ်ထားတာလို့ ထင်နေကြပါသေးတယ်။

မဏ္ဍပ်ပေါ်မှာ သရုပ်ပျက်အဝတ်အစားတွေနဲ့ မူးရူးကခုန်နေတာတွေဟာ မိနစ်ပိုင်းအတွင်း တပြည်လုံးကိုပြန့်သွားပါတယ်။ကမ္ဘာကလည်း ချက်ချင်းသိကြတာပေါ့ဗျာ။ သင်္ကြန်ကာလအတွင်းနားထားတဲ့ဂျာနယ်တွေကလည်း စထုတ်ဝေတဲ့နေ့မှာ သရုပ်ပျက်ပုံတွေကို ဦးစားပေးဖေါ်ပြထားကြပါတယ်။ မိဘဆွေမျိုးတွေကလည်း အင်တာနက်ကျေးဇူးကြောင့် သမီးဖြစ်သူရဲ့ ဝတ်စားပုံတွေ၊ ကခုန်ပုံတွေကို သမီးမဏ္ဍပ်ပေါ်မှာကနေကတည်းက သိနေရပါပြီ။ မိဘအများစုကတော့ ရှက်ကြပေမဲ့ ဂုဏ် ယူနေတဲ့မိဘလည်း ရှိနိုင်ပါတယ်။

ယမန်နှစ်သင်္ကြန်ကာလအတွင်း သရုပ်ပျက်ကခုန်မှုများ၊ ဝတ်စားဆင်ယင်မှုများကို အင်တာနက်၏ကောင်းမှုကြောင့် တပြည် လုံး၊ တကမ္ဘာလုံးက မိနစ်ပိုင်းအတွင်း သိမြင်ခွင့်ရခဲ့ ကြပါတယ်။ ဂျာနယ်တွေကလည်း သရုပ်ပျက်ပုံတွေကို တိုက်ရိုက်ထည့် ဖေါ်ပြကြသလို အချို့စာစောင်တွေက ပြုပြင်ကာ ဖေါ်ပြကြပါတယ်။ သင်္ကြန်အလွန်ကာလ အတန်ကြာအောင် ပုံတွေ ဆောင်းပါးတွေက ဂျာနယ်နေရာကိုယူထားကြပါတယ်။ စီးပွါးရေးအကွက်မြင်သူတွေက ဗွီဒီယိုအခွေထုတ်ရောင်းချပါတယ်။အခွေထဲမှာပါတဲ့သူတွေက နေ့ခြင်း ညခြင်း အမည်ကျော်ကြား လာကြပါတယ်။ ရုပ်ရှင်ကားရိုက်ရန် အလုအယက်စာချုပ် ချုပ်နေကြပါတယ်။ ဒါက နှစ်တိုင်းဖြစ်နေကြပါ။

အမျိုသားတွေကလဲ သူနည်းသူဟန်နဲ့ သရုပ်ပျက်ပြကြပါတယ်။ ဆံပင်ကို ထိပ်ကလေးသာချန်ပြီး ဆေးရောင်စုံချယ်ထားသူများ၊ ဘောင်းဘီအကွဲစုတ်ပြတ်နေတာကို ဝတ်ဆင်ထားသူများနှင့် စိတ်မနှံသူများပုံစံ မပေါက်ပေါက်အောင် ဝတ်ဆင်ထားသူများ ပေါများလှပါတယ်။ သင်္ကြန်မတိုင်မီကထုတ်ထားတဲ့စည်းကမ်းတွေလဲ သင်္ကြန်ပြီးသွားတော့ ဘယ်သူမှဘာမှမဖြစ်ပဲ ပျောက်ကွယ်သွားကြပါတယ်။ အချို့သကြန်မဏ္ဍပ်ကြော်ငြာတွေဆို နှစ်ဆန်းတရက်နေ့အလွန်  ခြောက်လခန့်အထိ တည်ရှိနေတာကို တွေ့နိုင်ကြပါတယ်။ ပွဲတော်ကာလလွန်တော့လဲ အားလုံးကို မေ့သွားကြပါတယ်။ နောက်နှစ်ကြမှ ကဲကြပြန်တာပေါ့။

ယမန်နှစ်သင်္ကြန်အပြီးမှာ စာစောင်တွေက ယဉ်ကျေးမှုသင်္ကြန်အကြောင်း ပြည်သူတွေကိုလိုက်မေးတဲ့ဆောင်းပါးတွေ ဖတ်ရပါတယ်။ များသောအားဖြင့် အနုပညာရှင်အမည်ရနေသူတွေကို မေးထားကြတာပါ။ အမျိုးသမီးတွေကိုမေးထားတာ များပါတယ်။ ပွဲတော်ကာလအတွင်း ဝတ်စားဆင်ယင်မှုအကြောင်း မေးထားတာများပါတယ်။ ဖြေတဲ့သူတွေက မြန်မာဆန်ဆန် လုံလုံချုံချုံ ဝတ်ရတာကို သဘောကျကြောင်းဖြေကြပါတယ်။ မေးတဲ့ သူက ဘယ်လိုဝတ်စားထားသလဲ မသိရပေမဲ့အဖြေပေးသူတွေက ထမီမပါတာ များပါတယ်။ ဘောင်းဘီအတိုလေးတွေသာ ဝတ်ထားပါတယ်။ ဘောင်းဘီရှည်ဝတ်ထားသူက အင်မတန်ယဉ်ကျေးသူဖြစ်နေပါတယ်။ ပေါင်နှစ်လုံးပေါ်နေတဲ့သူတွေက လွတ်လွတ်လပ်လပ်ဝတ်စားရတာကို သဘောကျကြောင်း ပြောကြပါသေးတယ်။

ကိုရီးယားကားတွေကို အပြစ်တင်နေမဲ့အစား အနုပညာရှင်တွေက ဝတ်စားဆင်ယင်တာကို ဂရုတစိုက်ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ဆင်ခြင်ရမည်သူတွေကတော့ ကျွန်တော်တို့ငယ်ငယ်တုံးက အပ်ချုပ်သည်ခေါ်တဲ့ အဝတ်အစားချုပ်တဲ့သူတွေပါ။ အခုကာလမှာတော့ ဒီဇိုင်နာလို့ ခေါ်ကြပါတယ်။ အပ်ချုပ်တဲ့အလုပ်လုပ်တာပါပဲ ။နိုင်ငံတကာမဂ္ဂ ဇင်းစာအုပ်တွေထဲက ပုံစံတွေ ၊နိုင်ငံခြားရုပ်ရှင်ကားထဲက ပုံစံတွေကို ကူးယူလိုက်ချုပ်ကြ တာပါ။ ဒီဇိုင်နာက ချုပ်ပေးသမျှကို လိုက်သည် မလိုက်သည်မသိ ဝတ်ဆင်ကြပါတော့တယ်။ အသားမဲကိုလဲ အရဲဆင်ချင် ဆင်ကြပါတယ်။ အလှမယ်ရွေးချယ်ပွဲ၊ ဖက်ရှင်ပြပွဲနဲ့ လုပ်ငန်းရှင်တွေရဲ့ပစ္စည်းရောင်းအားမြှင့်တင်ပွဲတွေမှာ သရုပ်ပျက်တဲ့အဝတ်အစားကို ဝတ်ဆင်ကြတာ အဆိုးဆုံးပါ။ ရုပ်မြင်သံကြားတွေကလဲ အခယူကာ တိုက်ရိုက်ပြသပေးသလို နောက်နေ့ထုတ်ဂျာနယ်တွေကြောင့်လဲ တနိုင်ငံလုံးကလူတွေ သရုပ်ပျက်တာကို မျက်ဝါးထင်ထင် ကြည့်ခွင့်ရခဲ့ပါတယ်။ တပတ်ခန့်အကြာမှာ အခွေထွက်လာပါတော့တယ်။ အိမ်အတော်များများက ကြည့်ရှုပါတော့တယ်။ သရုပ်ပျက်အခွေလို့အမည်ထွက်လေ ရောင်းကောင်းလေပါပဲ။ သရုပ်ပျက်တဲ့သူတွေကိုလဲ ရုပ်ရှင်သမားတွေက ချက်ချင်းစာချုပ်ချုပ်ကာ စင်တင်ပါတော့တယ်။ ဒါကိုအောင်မြင်တယ်လို့ ယူဆရင် ခက်ပါလိမ့်မယ်။ ဒီလိုပုံစံနဲ့အောင်မြင်လာတော့ မြန်မာယဉ်ကျေးမှုပုံစံတွေကို လစ်လျူရှုလာပါတယ်။

ယဉ်ကျေးမှုမပျက်စီးရအောင် ပထမဆုံးပညာပေးရမှာက ဒီဇိုင်နာတွေကိုပါ။ နောက် အခမ်းအနားကျင်းပတဲ့သူတွေ ပါ။  ဒီဇိုင်နာတွေကသာ မချုပ်ပေးရင် မဝတ်နိုင်ပါဘူး။ အခမ်းအနားတက်ရန် သွားငှားကတည်းက သရုပ်ပျက် မဝတ်လာပါရန် သတိပေးသင့်ပါတယ်။ ဝတ်လာခဲ့ရင်လဲ တက်ရောက်ခွင့်မပြုရန် လိုအပ်ပါတယ်။ အားကစားပွဲတွေမှာ ပန်းစည်းဆက်သူတွေက အားကစားသမားတွေထက် တိုနေတာတွေ့ဘူးပါတယ်။ သရုပ်ပျက်ဝတ်စားမှုကြောင့် ဝင်ခွင့်မရတာကို သိသွားစေချင်ပါတယ်။ ဒါရိုက်တာတွေ၊ ကင်မရာရိုက်ကူးသူတွေကလဲ သရုပ်ပျက်သူတွေကို လုံးဝမှတ်တမ်းတင်ခြင်းမပြုရန် လိုအပ်ပါတယ်။ သားသမီးချင်းမစာနာတဲ့ရိုက်ချက်တွေကြောင့်လဲ လူငယ်တွေကို ပိုပျက်စီးစေပါတယ်။

ပိုက်ဆံပေး၍ကြည့်ရသော ရုပ်သံလိုင်းတခုက အစီအစဉ်တခုကို ကြည့်လိုက်ရပါတယ်။ စင်မြင့်နောက်က အနေအထားတွေကို ရိုက်ပြတာပါ။ အခမ်းအနားမစခင် စင်နောက်မှာ အလှပြင်နေကြတာတွေကို ရိုက်ပြတာပါ။ အလှပြင်နေတဲ့မင်းသမီး အားလုံးက ထမီ မပါကြပါဘူး။ ဘောင်းဘီတိုတွေနဲ့ပါ။ ဘောင်းဘီရှည်ကို ဝတ်ထားသူက ယဉ်ကျေးနေသလို ဖြစ်နေပါတော့တယ်။ နိုင်ငံခြားဖက်ရှင်ပွဲတွေ မစခင် စင်နောက်မှာ ပြင်ကြဆင်ကြတာတွေကို အတုခိုးရိုက်ထားတဲ့ အစီအစဉ်ပါ။ အနောက်နိုင်ငံက ကင်မရာဆရာရဲ့ရိုက်ချက်တွေနဲ့ ထပ်တူတူအောင် ရိုက်ပြတဲ့ပြကွက်တွေကို ကြည့်ရပါတယ်။ မြန်မာဆန်ဆန်ထမီ ဝတ်အလှ ပြတဲ့သူမရှိသလောက် ဖြစ်နေပါပြီ။ ထမီမဝတ်တော့ပါဘူး၊ တခါမှ ထမီမဝတ်ဘူးတော့ အနေရခက်ပါတယ်၊ ဘောင်းဘီတို၊ စ ကတ်တို့လို လွတ်လပ်မှုမရှိဘူးလို့ ပြောသူကပြောကြတာကို ဖတ်လိုက်မိပါတယ်။ တကယ်က ထမီကသာ အလွတ်လပ်ဆုံး၊ ကျန်းမာရေးနဲ့ အပြည့်ဝဆုံး အဝတ်အစားဖြစ်ပါတယ်။ ပါးစပ်ကနေ မြန်မာဆန်နေမဲ့အစား မိမိရဲ့ဝတ်စားဆင်ယင်မှုကနေ မြန်မာဆန်တာကို ပြရမှာဖြစ်ပါတယ်။ အရင်က ခေတ်အင်မတန်ဆန်သူများလို့ အပြောခံရသူများပင် ထမီကို မပစ်ပယ်ခဲ့ပါဘူး။ ခင်ယုမေခေတ်က ထမီတိုတိုဝတ်တာ ခေတ်စားခဲ့ပါတယ်။ နောင်တော့ ပြန်ရှည်လာပြန်ပါတယ်။ ရှည်လွန်းလို့ ခင်သန်းနုတို့ ခေတ်မှာ ထမီက ခြေထောက်ဖုံးအောင် ဝတ်ကြတဲ့ဖက်ရှင်ကို ခွေးချေးကျုံးဖက်ရှင်လို့ နောက်ပြောင်ခေါ်ကြပါတယ်။ ခေတ်အလိုက် တိုလိုက် ရှည်လိုက်ဖြစ်နေပေမဲ့ ထမီကိုတော့ မပစ်ပယ်ခဲ့ပါဘူး။

ယခုကာလမှာတော့ ထမီကို လုံးဝပစ်ပယ်လိုက်ပါပြီ။ အခမ်းအနားတွေမှာရော၊ လမ်းမပေါ်မှာရော ထမီကို မတွေ့ရတော့ပါ။ ကုမ္ပဏီကဝန်ထမ်းအမျိုးသမီးတွေဆိုရင် တိုသထက်တိုအောင် ဝတ်နေရပါတယ်။ ကုမ္ပဏီလုပ်ပိုင်ခွင့်တင်ကတည်းက မြန်မာအမှုထမ်းတွေကို ထမီသာ ဝတ်ဆင်စေရမည်ဆိုတဲ့အချက် ထည့် ထားသင့်ပါတယ်။ ဒီဇိုင်နာဆိုသူတွေကိုလည်း မြန်မာလိုချုပ်တတ်မှ လုပ်ခွင့်ပေးသင့်ပါတယ်။ မိဘတွေကိုယ်တိုင်ကိုလည်း မြန်မာဆန်စေချင်ပါတယ်။ မိဘတွေက ပုဆိုး၊ ထမီ ဝတ်နေရင် ကလေးတွေကလည်း ပုဆိုး၊ တိုက်ပုံဝတ်လာမှာပါ။ သရုပ်ပျက်သားသမီးရဲ့မိဘလို့ အပြောခံရမဲ့အစား မြန်မာဆန်တဲ့မိသားစုလို့ အပြောခံရတာ ဂုဏ်ရှိပါတယ်။ ဒီလိုအပြောခံရအောင် အခုကတည်းက သုံးထောင့်ထွာထမီတွေကို ချုပ်ထားပေးသင့်ပါတယ်။ ငွေပေးပြီး သရုပ်ပျက်အဝတ်အစားတွေကို ဝတ်ခိုင်းတဲ့ပွဲတွေကိုလည်း ငြင်းပယ်ရပါမယ်။ ငါ မလုပ်ရင် သူလုပ်မှာပေါ့လို့ မတွေးပါနဲ့။ လုပ်တဲ့သူဟာ ကြာရင် သူအမှားသူ သိလာပါလိမ့်မယ်။

အခုရက်ပိုင်းအတွင်း တိုင်းရင်းသားတွေရဲ့ရိုးရာဝတ်ဆုံတွေကို ဆန်းသစ်တဲ့အနေနဲ့ ဒီဆိုင်းအသစ်တွေချုပ်ကာ စင်ပေါ်မှာ ဝတ် ပြတာကိုတွေ့ရပါတယ်။ ပထမပိုင်းမှာ တိုင်းရင်းသားဝတ်စုံတွေကို လူကြိုက်များလာကာ ဝတ်ဆင်သူတွေများ လာပါ တယ်။ အထူးသဖြင့် ကချင်ရိုးရာထမီတွေ ရောင်းကောင်းလာပါတယ်။ ဒီအခွင့်ကောင်းကိုယူကာ ဒီဆိုင်နာတွေက ကချင် စကပ်ထမီတွေ ထွင်လာပါတော့တယ်။ ဒါက ထွင်တာမဟုတ်ပါ။ ဖျက်စီးတာပါ။ နိုင်ငံတကာမှာ ရိုးရာဝတ်စုံကို တမြတ်တနိုး ထား ဝတ်ဆင်ကြပါတယ်။ လက်ရှိလူကြိုက်များနေတဲ့ ကိုရီးယားကားတွေမှာ ယခုထိ ရိုးရာဝတ်စုံကို ဝတ်နေတာကိုတွေ့ရမှာပါ။ တန်ဘိုးရှိတဲ့ ရိုးရာဝတ်စုံတွေကို မဖျက်စီးကြဘို့ သတိပြုကြရပါမယ်။ မြန်မာဆန်ချင်တယ်လို့ ပါးစပ်က တဖွဖွအော်နေ သူတွေအားလုံး ဒီအချက်လေးတွေကို ဂရုပြုထားသင့်ပါတယ်။

ယခုလဲ တပေါင်းလပြီးလို့ တန်ခူးလရောက်ပါတော့မယ်။ သင်္ကြန်ကာလအတွင်း ဘယ်လိုမြန်မာဆန်ကြမလဲ၊ ဘယ်လိုသရုပ် ပျက်ကြမလဲဆိုတာကို စောင့်ကြည့်ရင်း ဂျာနယ်တွေမှာ ဘယ်လိုပုံတွေနဲ့ ရောင်းကောင်းအောင် ထုတ်ဝေကြမလဲဆိုတာကို စောင့်ကြည့်နေရပါတော့မယ်။

ထင်အောင်
Photo credit : Gatty Images