ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - ၁၃၀ဝ ပြည့်အရေးတော်ပုံ

၁၃၀ဝ ပြည့်အရေးတော်ပုံအတွင်းကပုံရိပ်များ (လွတ်လပ်ရေးရွှေရတု - အောင်စောဦးစာအုပ်မှ)

လှကျော်ဇော - ၁၃၀ဝ ပြည့်အရေးတော်ပုံ
(မိုးမခ) မတ် ၂၊ ၂၀၁၆
 
၁၃၀ဝ ပြည့် ကျောင်းသားလှုပ်ရှားမှု ကာလက အဖြစ်အပျက်နဲ့ အကြောင်းအရာအချို့ ပြောပြပါဦးမယ်။

ကျွန်မတို့ စမ်းချောင်းဆီဆုံလမ်း အိမ်လေးကို ဖေဖေပင်စင်ယူပြီးနောက် ပြောင်းလာခဲ့ကြပါတယ်။ တိုင်းမှူးကြီးဘဝက တခမ်းတနားနဲ့ ကင်းနဲ့ အလံတိုင်နဲ့ နေနေတော့ တော်ရုံတန်ရုံလူ မလာရဲခဲ့ပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်က များတယ်လေ။ ပင်စင်ယူပြီး သာမန် အရပ်သားဘဝနဲ့ ရပ်ကွက်ထဲရောက်လာတော့ မိတ်ဆွေ၊ အပေါင်းအသင်း ဟောင်းတွေ လာကြ၊ လည်ကြ၊ ပတ်ကြပါတယ်။

အဲဒီထဲမှာ ရုပ်ရှင်ပညာသည်ကြီးတဦးဖြစ်တဲ့ ဦးသာဂေါင်ကြီး ပါလာပါတယ်။ သူက ဓာတ်ပုံအဟောင်းလေးတပုံ လာပေးတာ ပါ။ သူက ဖေဖေတို့ ၁၃၀ဝ ပြည့်အရေးတော်ပုံ အတွင်းက သပိတ်တွေ အမျိုးမျိုးတားနေစဉ်က ရန်ကုန်က သတင်းစာတိုက် တတိုက်က ဓာတ်ပုံသတင်းထောက်တဦးတဲ့။ သူကနေတော့လည်း ကြည့်မြင်တိုင်ရပ်ကွက်ထဲမှာပဲ နေပါတယ်။

ဦးသာဂေါင်ကြီး အဲဒီတုန်းက ပြောပြတာကတော့ ၁၃၀ဝ ပြည့်အရေးတော်ပုံကာလ အတွင်းတုန်းက သူတနေ့ သပိတ်တား နေကြတဲ့ ကျောင်းသားအုပ်တွေဆီ ကင်မရာတလုံးနဲ့ သတင်းယူဖို့ ရောက်လာသတဲ့။ သပိတ်မှောက်ကျောင်းသူတချို့က လမ်းတလမ်းကိုပိတ်၊ တန်းစီထိုင်နေပြီး သပိတ်တားနေသတဲ့။ အဲဒီအချိန်မှာ မျက်နှာဖြူ ဒရိုင်ဘာတယောက်က မောင်းပြီး၊ ဘေးမှာ မျက်နှာဖြူ အမျိုးသမီးတယောက်လည်း ပါလာတဲ့ အော်စတင်ကားနက်ကလေးတစီး အရှိန်ပြင်းပြင်းနဲ့ အဲဒီလမ်း အတိုင်း ကျောင်းသူတွေထိုင်နေတဲ့ နေရာတည့်တည့်ဆီ မောင်းလာသတဲ့။ တမင်သက်သက် ရန်စတာပါ။

အစပိုင်းမှာ ကျောင်းသူတွေဟာ အိနြေ္ဒမပျက်ထိုင်နေပေမဲ့ သိပ်နီးလာတော့ တချို့က နည်းနည်းလှုပ်ရှားလာကြတယ်တဲ့။ ဘေးပရိသတ်ကလည်း လှုပ်လှုပ်ရွရွနဲ့ ရင်ထိတ်နေကြရတယ်။ ကားကလည်း တဖြည်းဖြည်း နီးလာနေပြီ။ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ထဲက ကျောင်းသား တယောက်ဟာ အဲဒီကျောင်းသူများနဲ့ ကားအကြား ဝမ်းလျားထိုးလိုက်ပြီး လမ်းမပေါ် မှောက်အိပ်ချလိုက်သတဲ့။ အဲဒီအချိန်ကျမှပဲ ကားက အရှိန်သတ် ရပ်သွားတော့တယ်တဲ့။ အဲဒီအချိန်ကာလလေးကို ဦးသာ ဂေါင်ကြီးက အမိအရ ဓာတ်ပုံရိုက်လိုက်ပြီး၊ နောက်နေ့ သတင်းစာမှာ ဓာတ်ပုံရော သတင်းရော ထည့်လိုက်နိုင်တယ်တဲ့။

၁၃၀၀ ပြည့်အရေးတော်ပုံအတွင်းကပုံရိပ်များ (လွတ်လပ်ရေးရွှေရတု - အောင်စောဦးစာအုပ်မှ)

အဲဒီ ဝမ်းလျားမှောက်အိပ်လိုက်တဲ့ သပိတ်မှောက်ကျောင်းသားက ဖေဖေပါပဲတဲ့။ ဒါကြောင့် အဲဒီဓာတ်ပုံကလေးကို အမှတ် တရအဖြစ် ဦးသာဂေါင်ကြီးက ဖေဖေကို လာပေးသွားတာပါပဲ။

အဲဒီကာလတုန်းက ဖေဖေရဲ့ အမျိုးသမီးသူငယ်ချင်းတွေဟာ ကျွန်မတို့ စမ်းချောင်းအိမ်ရောက်တော့ မကြာခဏအုပ်လိုက် လာလည်တတ်ပါသေးတယ်။ ပြည်သူ့ဆန္ဒသွေးဆေးက ဒေါ်ကြင်မြိုင်တို့၊ စမ်းချောင်းအလက ဆရာမ ဒေါ်မြညွန့်၊ ဆရာကြီး (ဦး) သာဓုဇနီး ဒေါ်ခင်ညို (ကျွန်မက ညိုဆိုတဲ့ တလုံးတည်းမှတ်မိပါတယ်။ ဖေဖေက ဒေါ်ခင်ညိုလို့ ပြောပါတယ်။ နှစ်တွေ ကြာခဲ့ပြီမို့ မှားယွင်းခွင့်လွှတ်ပါ။) တို့ ပါကြပါတယ်။ ဖေဖေကလည်း အဲဒီသူငယ်ချင်းတွေနဲ့ ပြန်တွေ့ရင် ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက်နဲ့ ငယ်မူတွေပြန်နေကြပါတယ်။ ဖေဖေ့ကို သူတို့က ‘ကိုရွှေ-ကိုရွှေ’ လို့ ခေါ်ကြတာကိုး။

ဖေဖေတို့ အဲဒီပုဇွန်တောင် ဆရာဖြစ်သင်တက်တုန်းက နောင်နာမည်ကျော် ဟာသစာရေးဆရာကြီးဖြစ်လာခဲ့တဲ့ သော် တာဆွေလည်း ရှိပါသတဲ့။ သူက ရုပ်ရည်ကချောလို့ အလွန်မြာစွံတယ်လို့ ဖေဖေကပြောပါတယ်။ သူက ဖေဖေတို့ကို တော သားလေးတွေ မြို့တက်ပြီး မအူမလည် မတောက်တခေါက်နဲ့ နိုင်ငံရေးလုပ်နေတာဆိုပြီး လှောင်ပြောင်သရော်တတ်တယ်။ ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှလည်း မပါဝင်ဘူး။ စည်းရုံးလို့မရဘူးလို့ ဖေဖေက ပြောပြဖူးပါတယ်။

ဖေဖေက ‘ကိုလိုနီပုလိပ်ကြီး’ လို့ နာမည်ပေးပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တဲ့ ပုလိပ်အရာရှိဟောင်းကြီးတဦးလည်း ကျွန်မတို့ စမ်းချောင်းအိမ်ကို လာလည်တတ်ပါသေးတယ်။ ဖေဖေတို့ ကျောင်းသားလှုပ်ရှားမှုများကို လိုက်သတင်းယူရင်း ဖေဖေတို့နဲ့ ခင်နေတာပါ။ ဖေဖေတို့က သူ့ဆီက သတင်းပလင်းလေး နှိုက်တတ်ပါတယ်။ သူက ဟေ့ကောင်လေးတွေ ထူးထူးခြားခြားများ ရှိရင် ပြောနော်။ တော်ကြာ ငါက ထမင်းအိုးကွဲမှာလို့ ပြောတတ်သတဲ့။ ဖေဖေတို့ ၃-၄ ယောက် စုရုံးစုရုံး လုပ်လာရင် သူက မယောင်မလည်ရောက်လာတတ်ပြီး မေးတော့မြန်းတော့တာပဲတဲ့။ ဖေဖေတို့က သူ့ကို လှည့်ပတ်ပြောလိုက်လို့ နောင်ပေါ် သွားရင် ‘မင်းတို့နောက်တခါ ဒီလိုမလုပ်ပါနဲ့ကွာ။ သတင်းမှားပေးလို့ဆိုပြီး ငါက အကြိမ်းအမောင်းခံရတယ်ကွ’ လို့ မျက်နှာ ငယ်နဲ့ ပြောတတ်သတဲ့။ ပြီးတော့လည်း သူက ‘နေစမ်းပါဦး မင်းတို့က အင်္ဂလိပ်အစိုးရကို တိုက်ဖို့ ဘာရှိ လို့တုန်း။ အုတ်နံရံကို ခေါင်းနဲ့တိုက်သလို နေမှာပေါ့’ လို့ ပြောတတ်သတဲ့လေ။ ဒါတွေကတော့ ဖေဖေရဲ့ ၁၃၀ဝ ပြည့်အ ရေးတော်ပုံကာလအတွင်းက ရင်းနှီးခင်မင်ဖူးသူများအကြောင်းဖြစ်ပါတယ်။

ဒေါ်မမကျောင်းမှာ တက်နေတုန်းက ခင်ခဲ့တဲ့သူငယ်ချင်း ကိုစံသူဆိုသူကိုတော့ ကျွန်မတို့ ၁၉၇၆ ခုနှစ် ဗမာပြည် ကွန်မြူ နစ်ပါတီဆီရောက်တော့မှ အရံဗဟိုကော်မတီဝင် ထောက်ပံ့ရေးမှူးကြီးအဖြစ် ပြန်ဆုံဖြစ်ကြပါတော့တယ်။

၁၀-၉-၂၀ဝ၉။

မှတ်ချက်။
၁။ ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ - အတွဲ(၁)။ ဖြိုးမောက်သာစာပေ။
ဆောင်းပါးအမှတ် (၂) ကို ၁၃၀ဝပြည့်အရေးတော်ပုံရဲ့အာဇာနည် ဗိုလ်အောင်ကျော် နှစ် (၁၀ဝ) ပြည့်ကို အလေးပြုသော အားဖြင့် တင်ဆက်လိုက်ပါတယ်။

လှကျော်ဇော (၂၇-၁-၂၀၁၆)