မောင်မိုးသူ - တော်လှန်ရေးနေ့ အမှတ်တရနှင့် ဘကြီးမိုး


မောင်မိုးသူ - တော်လှန်ရေးနေ့ အမှတ်တရနှင့် ဘကြီးမိုး
(မိုးမခ) မတ် ၂၉၊ ၂၀၁၆

ကုဒြာသတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်သည်။

သည်ဆောင်းပါးရေးတဲ့နေ့ဟာ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ အဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အခမ်း အနား မတက်ဖြစ်ပါ။

ဘကြီးမိုးမှာ မတ်လ ၂၇ ရက်နေ့မှာ အမှတ်တရဖြစ်စရာတွေက အတော်များပါတယ်။

ထူးထူးခြားခြား တိုက်ဆိုင်မှုကတော့ မတ်လ ၂၇ ရက်နေ့မှာ ဘကြီးမိုး သူငယ်ချင်းတယောက်ရဲ့ မွေးနေ့ဖြစ်သလို သူငယ် ချင်းတယောက် ကွယ်လွန်ဆုံးရှုံးရတဲ့နေ့ ဖြစ်ပါတယ်။ ထို့အတူ ဘကြီးမိုး ကိုယ်တိုင်လည်း မတ်လ ၂၇ ရက်နေ့မှာပဲ ထောင် ထဲမှာ ဆီးကျိတ်ရောဂါဖြစ်လို့ ထောင်ဆေးရုံကို တက်ရတဲ့နေ့ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ အသက် ၈၀ ပြည့်တဲ့ မွေးနေ့ရှင်ကတော့ ဂုဏ်ထူးဦးသိန်းနိုင် ဖြစ်ပါတယ်။ သူ့ မွေးနေ့ ဖြစ်ပါတယ်။ သည် ငနဲက အချောစားဓါတ်ပုံကပ်ထားတဲ့ ဖိတ်စာအကောင်းစားနဲ့ ဖိတ်ထားတာပါ။ တခါမှ မရောက်ဖူးတဲ့ Sky Star Hotel ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီလို့ ဆိုပါတယ်။ ညပွဲ ဆိုရင် မသွားလာဘူးလို့ ဆုံးဖြတ်ထားပေမဲ့ မသွားရင်မဖြစ်လို့ သားဖြစ် ဖြစ်၊ သမီးဖြစ်ဖြစ် ခေါ်ပြီး လာပါ့မယ်လို့ ပြောထားရတယ်။

ဒီဖိတ်စာထဲမှာ ကျနော် အသက် ၈၀ ပြည့်ပါပြီ။ လေးစားရတဲ့ ဆရာတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေ၊ ချစ်ခင်ရတဲ့ တပည့်တွေနဲ့ အတူ တွေ့ချင်လှပါတယ်လို့ ဆိုထားလေတော့ ဘကြီးမိုးတယောက် ဆရာစာရင်းမှာလား၊ တပည့်စာရင်းမှာလား၊ သူငယ် ချင်းစာရင်းမှာလားတော့ မပြောတတ်တော့ပါဘူး။ ဘာပဲပြောပြော သွားတော့ သွားရမှာပေါ့။

မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက ထွက်တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာသမားတွေ အများကြီး အများ ကြီး ဖြစ်လာကြပေမဲ့ ဂုဏ်ထူးဦးသိန်းနိုင်က စာရေးဆရာ၊ အနုပညာသမား မဖြစ်ဘဲ ကျူရှင်ဆရာ သူဌေးကြီးပဲ ဖြစ်သွားတဲ့ သူပေါ့လေ။

တလောက မောင်စွမ်းရည် မြန်မာပြည် ပြန်လာတုန်း မောင်သိန်းနိုင်အိမ်မှာ မန္တလေးတက္ကသိုလ်ထွက် ငယ်သူငယ်ချင်းတစု လူစုပြီး ထမင်းစားကြတယ်။ အဲသည် လူအုပ်ကတော့ ဝင်းဖေ နှစ်ယောက်၊ ဒါရိုက်တာ ဝင်းဖေနဲ့ မောင်စွမ်းရည် (င ဝက်) ၊ဇော်ဇော်အောင်၊ ဘကြီးမိုး၊ ဝင်းကြွယ်နဲ့ အိမ်ရှင် မောင်သိန်းနိုင် တို့ ဖြစ်ပါတယ်။ အားလုံးဟာ မန္တလေးတက္ကသိုလ်ထွက်များ ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာ ဝင်းဖေက မန္တလေးတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများလို့ ပြောတာပေါ့။ အဲသည်လို ဆိုခဲ့ကြတဲ့ အထဲမှာ ဝင်းဖေ (မောင်စွမ်းရည်) က အမေရိက ပြန်သွားတယ်။ ဒါရိုက်တာ ဝင်းဖေကတော့ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ဝင်း ဖေဆိုပြီး မန္တလေးမှာ ပြပွဲ လုပ်နေလေရဲ့။ အဲ အဲသည်တွေ့ဆုံပွဲမှာတက်ခဲ့တဲ့ ဇော်ဇော်အောင်ကတော့ ဦးသိန်းနိုင်မွေးနေ့မှာ မလာနိုင်တော့ဘဲ တလောကပဲ ဆုံးပါးသွားရှာပြီ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် အနုပညာလောကထဲမှာ အသက်အကြီးဆုံးက မောင်သာနိုးနဲ့ တင်မိုး ဖြစ်ပါတယ်။ တင်မိုးက အမေရိ ကားမှာ ဆုံးပါးခဲ့ပြီး မောင်သာနိုးကတော့ သွားနိုင် လာနိုင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါရိုက်တာ ဝင်းဖေကတော့ မွေးနေ့မှာ တွေ့ရမယ်ထင်ပါရဲ့။ ဒါရိုက်တာ ဝင်းဖေက တင်မိုး၊မောင်သာနိုး ပြီးရင် အသက်အကြီးဆုံးဖြစ်ပါတယ်။ သူက အသက် ၈၁ နှစ်ပါ။ မောင်သိန်းနိုင်နဲ့ ကိုလေး (အင်း ဝဂုဏ်ရည်) တို့က ၈၀ ပါ။ အဲ ၇၉ နှစ်သမားက အဲသည်အထဲမှာ လေးယောက်ရှိပါတယ်။ မောင်စွမ်းရည်၊ ကြည်အောင်၊ ဇော်ဇော်အောင်နဲ့ ဘကြီးမိုးတို့ ဖြစ်ပါတယ်။ အဲသည်အထဲမှာ ကြည်အောင်နဲ့ ဇော်ဇော် အောင်တို့လည်း ဆုံးပါးပြီပေါ့။ အဲဆောင်းပါးအစမှာ မတ် ၂၇ ရက်နေ့မှာ မွေးတဲ့ သူငယ်ချင်းတယောက်၊ ဆုံးတဲ့ သူငယ်ချင်း တယောက်လို့ ရေးခဲ့တာလေ။ မောင်သိန်းနိုင်က ၂၇ ရက်မှာမွေးပြီး ကြည်အောင်က ၂၇ ရက်နေ့မှာ ဆုံးပါးသူ ဖြစ်ပါတယ်။

ကြည်အောင် မန္တလေးဆေးရုံတက်တော့ ဘကြီးမိုး မန္တလေးမသွားနိုင်သလို သူဆုံးတော့လည်း မသွားနိုင်ခဲ့ပါဘူး။ ကြည် အောင်ဟာ ဘကြီးမိုးတို့ သက်တူ ရွယ်တူ သူငယ်ချင်းလေးယောက်ထဲက တယောက်ဖြစ်ပါတယ်။ သက်တူရွယ်တူ သူငယ်ချင်းလေးယောက်ကတော့မောင်စွမ်းရည်၊ ကြည်အောင်၊ ဘကြီးမိုး၊ ဇော်ဇော်အောင် တို့ပဲ ဖြစ်ပါတယ်။ ကြည်အောင်က ဆုံးပါးသွားခဲ့ပြီ ဖြစ်ပြီး တလောကပဲ ဇော်ဇော်အောင် ဆုံးပါးတယ်။ မောင်စွမ်းရည် အမေရိကန်ပြန်သွားတော့ သက်တူရွယ်တူ သူငယ်ချင်းတွေထဲမှာ ဘကြီးမိုး တယောက်ပဲ မြန်မာပြည် ရန်ကုန်မှာ ကျန်ရစ်ပြီး တနှစ်ကြီးတဲ့ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ၈၀ ပြည့်မွေးနေ့ကို တက်ဖို့ပြင်နေပါတယ်။

မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ အချိန်တော်တော်ကြာကြာက ဖက်ဆစ်တော်လှန်ရေးနေ့တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မသိဟန် မကြားဟန် ဆောင်နေခဲ့ကြဖူးပါတယ်။ သမိုင်းဆိုတာ ညာလို့လည်း မရပါ။ ဖုံးကွယ် ထား၍လည်း မရပါ။

ဖက်ဆစ်ဂျပန်တို့ကို စတင်စစ်ကြေညာခဲ့တဲ့ ပုဏ္ဏားကျွန်းရွာမှာ ၇၁ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ် အောင်ဆန်း ရုပ်တု ဂုဏ်ပြုစိုက်ထူဖို့ ပြုလုပ်နေကြပါပြီ။

မတ်လ ၂၇ ရက်နေ့ဟာ တော်လှန်ရေးနေ့ပါပဲ။

တော်လှန်ရေးနေ့ကို မြန်မာပြည်သူတွေ ဘယ်တော့မှ မမေ့နိုင်ကြသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကို မမေ့မလျော့ ချီးမြှောက်ပွဲတွေ အမြဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဘကြီးမိုးဘ ဝမှာလည်း မတ်လ ၂၇ ရက်နေ့ဟာ သူငယ်ချင်းကြည်အောင် ကွယ်လွန်တဲ့နေ့၊ သူငယ်ချင်း မောင်သိန်းနိုင်မွေးနေ့၊ အမှတ်ရနေဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးနေ့ အမှတ်တရနှင့် ဘကြီးမိုးပါ။