မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့



မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့  ပြန်ပေးလော့
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

ဗမာပြည်မှာ ` တော်လှန်ရေးနေ့ ´ ဆိုတာရှိတယ်။ ရှိလဲ ရှိအပ်တယ်။ တော်လှန်ရေးနေ့ ` မတ်လ ၂၇ ရက်နေ့ ဟာ ဖက်ဆစ် ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ပဲ။ ဗမာပြည်ဟာ နယ်ချဲ့တို့ရဲ့လမ်းဆုံး ဖြစ်သလို ဖက်ဆစ်တို့ရဲ့ လမ်းဆုံးလဲ ဖြစ်ခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးဟာ နယ်ချဲ့တော်လှန်ရေးရဲ့ အဆက်ဖြစ်သလို နယ်ချဲ့ကိုလဲ ဖက်ဆစ်တော်လှန်ရေးရဲ့ အရှိန်အဝါနဲ့ပဲ နောက်ပြန်ထွက်သွားစေခဲ့တာ ဖြစ်ပါတယ်။

ဗမာ့သမိုင်းမှာ ဗမာတွေဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ လူမျိုးပေါင်းစုံ လူတန်းစား ၊လူ့အလွှာပေါင်းစုံ ၊ဆင်းရဲချမ်းသာ ၊မြို့နေတောနေ ၊တောင်ပေါ်တောင်အောက် ၊မြေပေါ် ၊မြစ်ပေါ်၊ ပင်လယ်အော် မကျန် စည်းလုံးညီညွတ်ပြီး သွေးနဲ့ ချွေးနဲ့ ရင်း တော်လှန်ခဲ့ကြတာဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ပေါင်းစုံကို နိုင်ငံပေါင်းစုံတော်လှန်ရေးကြီးမှာ ဒို့ဗမာတွေဟာ တခန်းတကဏ္ဍပါဝင်ခဲ့ကြတယ်ဆိုတာ သမိုင်းဖြစ်ပြီး ဂုဏ်ယူထိုက်တာလဲ အမှန်စင်စစ်ဖြစ်ပါပေတယ်။

ဗမာပြည်သူတွေဟာ ဖက်ဆစ်ဂျပန်တွေရဲ့ နှိပ်စက်မှုဒဏ်တွေကို ခံရဖန်များလွန်းလို့ မခံမရပ်နိုင်ဖြစ်ပြီး တဦးချင်း ၊တယောက်ချင်း ၊တစုချင်း၊ တဖွဲ့ချင်းဆိုသလို နေရာအနှံ့အပြားမှာ တုံ့ပြန်မှုတွေဟာ ဖက်ဆစ်တော်လှန်ရေးကြီး စနစ်တကျ ဖွဲ့စည်းတော်လှန်မှု မတိုင်ခင်ကပဲ ကြိုးကြား ရှိနေခဲ့ပါပြီ။ ပြည်သူ့တော်လှန်ရေးတရပ်အဖြစ် စုစည်းပြီး ဦးဆောင်မှုပေးခဲ့တာက ဖ.တ.ပ.လ.ခေါ် ဖ.ဆ.ပ.လ အဖွဲ့ကြီး ဖြစ်ပါတယ်။

ဂျပန်တွေဟာ မဟာအာရှတိုက်သားများ ` သာတူညီမျှကောင်းစားရေး ´ ဆိုတဲ့ ကြွေးကြော်သံကို ဖေါ်ထုတ်ပြီး အာရှမှာ လွှမ်းမိုးအုပ်ချုပ်နေကြတဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ဒတ်(ခ်ျ)၊ ပေါ်တူဂီ စတဲ့ နယ်ချဲ့သမားတွေကို တိုက်ထုတ်ပြီး သူတို့က အစားထိုးဝင်ရောက် သွေးစုပ်ဖို့ ကြံစည်ခဲ့တာပါ။ ဂျပန်ဖက်ဆစ်တွေဟာ ကိုရီးယား ၊တရုတ်တို့မှာ ပြည်သူတွေကို ဘယ်လိုဖိနှိပ်သတ်ဖြတ်ပြီး သွေးစုပ်နေကြတယ်ဆိုတာကို ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေက ကောင်းကောင်းသိပြီးသားပါ။ ဒါကြောင့် ဗမာပြည်ကို ဂျပန်ဝင်တော့မယ်ဆိုကတည်းက ဗမာ့ခေါင်းဆောင်တွေက ဖက်ဆစ်တော်လှန်ရေး အတွက် ကြိုတင်ပြင်ဆင်နှင့်ကြပြီဆိုတာ တချို့ဗမာတွေ မသိလိုက်ကြဘူး။ ဒီအတွက် သက်သေအထောက်အထား အဖြစ် သမိုင်းဝင် မြင်းခြံစစ်တမ်းခေါ် အင်းစိန်စစ်တမ်းဆိုတာ ရှိနေပါတယ်။ ဒီအချက်ဟာ မှတ်သားသင့်ပါတယ်။

သခင်စိုး ၊သခင်သန်းထွန်း စတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေက ဂျပန်ဝင်လာရင် အင်္ဂလိပ်ကိုရော ဂျပန်ကိုရော နှစ်ဖက်စစ်မျက်နှာ ဖွင့်တိုက်မလား၊ မဟာမိတ်နဲ့ ယာယီပေါင်းပြီး ဂျပန်ကို တော်လှန်မလားဆိုတာ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ဒီအချိန်မှာ ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ ဖက်ဆစ်တော်လှန်ရေးတွေ လုပ်နေကြပါပြီ။ နယ်ချဲ့နဲ့ ယာယီပူးပေါင်းပြီး ဖက်ဆစ်ကိုတော်လှန်နေကြပါပြီ။ ဒါကြောင့် ဗမာပြည်မှာလဲ နယ်ချဲ့နဲ့ ယာယီမဟာမိတ်ဖွဲ့ပြီး ဖက်ဆစ်ကိုတိုက်ကြမယ်လို့ ဆုံးဖြတ်ပြီး လူငယ်တွေကို စည်းရုံးစုဆောင်းကာ စစ်သင်တန်းနဲ့ နိုင်ငံရေး သင်တန်းတွေ ပေးနေနှင့်ပါပြီ။ မန္တလေးမှာ ဆိုရင် လူထုဦးလှတို့က အာရှလူငယ်အဖွဲ့အစည်းဖွဲ့ပြီး လူငယ်တွေကို စုစည်းထားနှင့်ပြီး ရှိလို့ ဖက်ဆစ်တော်လှန်ရေးကြီး ပေါ်ပေါက် လာတဲ့အခါ အနီးဆုံး ဗိုလ်ဗထူးရဲ့တပ်ကို လူအင်အား ၊ရိက္ခာအင်အားတွေ ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ဂျပန်ကို မခေါ်ချင်ဘဲ မလွှဲသာလို့ ခေါ်လာခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ကို တော်လှန်ဖို့ရာလဲ သူပဲ တာဝန်ယူရမယ်လို့ ခံယူပြီး ဖ.တ.ပ.လ ကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ကို ပဲခူးမြို့ရှိ တပ်ရင်း(၄) ၊ဗိုလ်ကျော်ဇောရဲ့ အိမ်မှာ သခင်စိုးကြီးကို ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သခင်စိုး၊ သခင်သန်းထွန်း ၊သခင်ဗဟိန်း စသူတွေနဲ့ တိုင်ပင်ပြီး (၁) ဗမာ့တပ်မတော် (၂) ကွန်မြူနစ်ပါတီ (၃) ပြည်သူ့အရေးတော်ပုံပါတီ (သခင်မြ၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗဆွေ စသူတွေပါတယ်)။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂလများ ပါဝင်ပါတယ်။

ဖ.တ.ပ.လ အဖွဲ့ဟာ နောက်မကြာခင် ဖ.ဆ.ပ.လ လို့ အမည်ပြောင်းလိုက်တယ်။ ဒီအဖွဲ့က တက်ဘုန်းကြီးသိန်းဖေ ခေါ် သခင်သိန်းဖေ (နောင်အခါ ဦးသိန်းဖေမြင့် လို့ အမည်တွင်သူ )ကို ကျောက်ဆည်သခင်တင်ရွှေ နဲ့ ကျောင်းဆရာမ မမြရီပါ တွဲပြီး အိန္ဒိယပြည် မဟာမိတ် (ဗြိတိသျှ ၊အမေရိကန် ) တပ်တွေရှိရာကို လွှတ်ပါတယ်။ မဟာမိတ်တို့နဲ့ သဘောတူညီချက်အရ ဗမာလူငယ်တွေကို အိန္ဒိယပြည်ခေါ်ပြီး စစ်သင်တန်းပေးဖို့ ခေါ်ယူပါတယ်။ သခင်စိုးက နိုင်ငံရေး သင်တန်းပေးပြီး လူငယ်တော်တော်များကို လွှတ်ပါတယ်။ စစ်သင်တန်း မပေးခင် သခင်သိန်းဖေက နိုင်ငံရေးသင်တန်းပေးပါသေးတယ်။ နယ်ချဲ့စနစ်နဲ့ ဖက်ဆစ်စနစ်အကြောင်း၊ ဘာကြောင့် ဒီစနစ်ကို တော်လှန်ရကြောင်း စသည်ဖြစ်ပါတယ်။ စစ်သင်တန်းဆင်းပြီး လေထီးသင်တန်း တက်ရပါတယ်။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချတတ်တော့မှ စစ်လက်နက် ၊ဝိုင်ယာလက် စသည် အပြည့်တပ်ဆင်ပြီး မဟာမိတ်စစ်သားများနဲ့အတူ ဗမာပြည်ထဲကို ဆင်းပြီး ဗမာပြည်တွင်းက ပြောက်ကျားတပ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ကြပါတယ်။ သမ္မတကြီးမန်းဝင်းမောင်၊ မန်းတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်(သံတွဲဦးကျော်ရင်) ၊ ကာနယ်ချစ်ကောင်း၊ ကွန်မြူနစ်ခေါင်းဆောင် - နှစ်ကျွန်းပြန်ဦးအုန်းမောင် ၊ သခင်လှကွန်း စတဲ့ပုဂ္ဂိုလ်များဟာ လေထီးတပ်သားဟောင်းကြီးတွေပါ။ အမေရိကန်ဝမ်းအိုဝမ်း နဲ့ ဆက်သွယ်တဲ့ လေထီးတပ်သားတွေလဲ ရှိပါသေးတယ်။

စပ်မိလို့ ပြောရရင် ဂျပန်ကို သွားတဲ့ရဲဘော်သုံးကျိပ်ဟာ သခင်ဂိုဏ်းနှစ်ခုက ကြုံရာကျဘမ်း လွှတ်လိုက်လို့ လူမသန့်ပါဘူး။ အိန္ဒိယကို လွှတ်လိုက်သူတွေက လူသန့်တယ်။ ပညာတတ်တွေကို ရွေးပြီး နိုင်ငံရေးသင်တန်းဆင်းပြီးမှ လွှတ်လိုက်သူတွေ ဖြစ်ပါတယ်။ သူတို့အကြောင်းကို ရဲဘော်သုံးကျိပ် တော်လှန်ရေး ရေးရပါအုံးမယ်။ ရဲဘော်သုံးကျိပ်မှာ (၁) ဗိုလ်ချုပ်အောင်ဆန်းပါလို့ (၂) ဗိုလ်နေဝင်းပါလို့ မော်ကွန်း ထိုးခွင့်ရပါတယ်။ အနောက်ဖက်ကို သွားကြသူတွေက ကွန်မြူနစ်တွေ ဖြစ်ကုန်ကြတာ များလို့ မော်ကွန်းထိုး မခံရပါဘူး။ ခုတော့ တက္ကသိုလ်သမိုင်းဆရာများ မဟာဘွဲ့ ၊ပါရဂူ ဘွဲ့စာတမ်းတွေ ရေးကြပြီး စာအုပ်တွေ ထုတ်သင့်ပါပြီ။

ဂျပန်ပြန်များနှင့် အိန္ဒိယပြန်များ နှစ်ဖွဲ့လုံးဘဲ ဖက်ဆစ်တော်လှန်ရေးမှာ ညီညီညွတ်ညွတ်နဲ့ ရှေ့တန်းက လက်တွဲတိုက်ခိုက်ခဲ့ကြလို့ တော်လှန်ရေးကြီးဟာ အောင်မြင်ခဲ့တာ ၊နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ ဗမာသမိုင်းတခုလုံးမှာ ညီညွတ်မှု အရှိဆုံးနဲ့ အပြောင်မြောက်ဆုံး တော်လှန်ရေးကြီးလို့ ယူဆပါတယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးကို ဗိုလ်နေဝင်းက ` တပ်မတော်နေ့ ´ လို့ နာမည်ပြောင်းယူပြီး ` တော်လှန်ရေးနေ့ ´ ကို ဖျောက်ပစ်ပါတယ်။ တပ်မတော်ဖွဲ့တာက ၁၉၄၁ ဒီဇင်ဘာ ၂ ပေါ့။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွဲ့ခဲ့တာ။ဒါမှ တပ်မတော်နေ့ပါ။ ဗိုလ်နေဝင်း လုပ်ပုံဟာ ပထမအချက်က တော်လှန်ရေးတရပ်ကို စစ်တပ်က တဦးတည်း မောင်ပိုင်စီးတာ၊ ဒုတိယအချက်က ` တော်လှန်ရေး ´ဆိုတဲ့ စကားလုံးကို မကြားဝံ့၊ မကြားရဲ၊ မကြားချင်လို့ ဖျောက်ပစ်တာ ဖြစ်ပါတယ်။ ဒါကြော်င့် ပြည်သူ့တော်လှန်ရေးနေ့ကို ပြည်သူထံ ပြန်ပေးဖို့ ခုတက်လာတဲ့ အရပ်သားအစိုးရ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးထံမှာ အားကိုးတကြီး ပန်ကြားလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်၊ ဩဂုတ် ၊ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ခုလိုပြောခဲ့တယ်။

` ဒီလို ကမ္ဘာက ဗမာပြည်ကို ထင်ထင်ရှားရှား အသိအမှတ်ပြုလာခဲ့တာဟာ ဗမာပြည်ရဲ့ ရာဇဝင်မှာ ဒီတကြိမ်ပဲ ရှိသေးတယ် ´ တဲ့။

အဲဒီမိန့်ခွန်းမှာပဲ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ရည်ရွယ်ချက်ဟာ ` ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးဖြစ်တယ် ဆိုတာကိုလဲ သတ်သတ်မှတ်မှတ် အချက် ၄ ချက်နဲ့ ဖေါ်ထုတ်ခဲ့ပါတယ်။

က။ ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝ ပျောက်ဆုံးသည်အထိ ဆောင်ရွက်ရန်

ခ။ အတ္တလန္တိတ် ကြေညာချက်၊ တီဟီရန် ကြေညာချက် စသော ကြေညာချက်များအတိုင်း ဗမာပြည်သူပြည်သားတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ဖာသာ ဖန်တီးရန်

ဂ။ ဗမာပြည်ကြီးကို ပြည်သူတို့ ဆန္ဒအတိုင်း ပြန်လည်ထူထောင်ရန်

ဃ။ ဗမာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးတိုင်း မိမိတို့၏ ကံကြမ္မာကို မိမိတို့ဖာသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့် ညီညွတ်စွာ ထူထောင်သောနိုင်ငံ တည်ထောင်ရန်။

အဲသလို အတိအကျ ဖေါ်ထုတ်ခဲ့ပါတယ်။ဒီမိန့်ခွန်းထဲမှာပဲ ` ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒသာ ကျနော်တို့ ရည်ရွယ်ရမယ် လို့လဲ အတိအကျဆုံးဖြတ်တင်ပြခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ ဆိုတာကိုလဲ ဖွင့်ဆို ရှင်းပြလိုက်ပါတယ်။ ` တော်လှန်ရေးဟာ သွေးထွက်သံယို ရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယို မရှိတဲ့ တော်လှန်ရေး ရယ်လို့ နှစ်မျိုးရှိတယ် ´ လို့လဲ မိန့်ကြားခဲ့ပါတယ်။ လွတ်လပ်တဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနု (သခင်နု )က ` သွေးထွက်သံယိုရှိမှ တော်လှန်ရေး မဟုတ်ဘူး ´ဆိုတာ ထပ်မံပြောကြားခဲ့တယ်။

ဝန်ကြီးချုပ် ဦးနုက ၁၉၅၃ ခုနှစ် မတ် ၂၇ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ` တော်လှန်ရေးဆိုတာ ဘာလဲ ´။

`တော်လှန်ရေးဆိုတာဟာ တခြား မဟုတ်ဘူး။ လူ့တိုးတက်မှုတွေကို ဆန့်ကျင်ဘက်ဖြစ်မယ်ဆိုရင်၊ လူတွေရဲ့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်မယ်ဆိုရင် ၊ ဒီဆန့်ကျင်ဘက်တွေဟာ ဝါဒဘဲ ဖြစ်ဖြစ်၊ အကြံအစည်ဘဲ ဖြစ်ဖြစ်၊ အတွေးအခေါ် အယူအဆပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ အစိုးရစက်ယန္တရားကြီးပဲ ဖြစ်ဖြစ် ဒီဆန့်ကျင်ဘက်မှန်သမျှကို အမြစ်ကပါ သုတ်သင်ပစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဘဲ ဖြစ်တယ် ´ ။ ဦးနုက အဲသလို ရှင်းပြပြီး တော်လှန်ရေးရဲ့ အဓိပ္ပါယ်ကို တော်လှန်ရေးသမားဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့လူတွေရော၊ တော်လှန်ရေးသမားဖြစ်ချင်နေတဲ့လူတွေရော ဒီအဓိပ္ပါယ်ကို ကောင်းကောင်းသိထားရမယ်လို့လဲ လူငယ်တွေကို ဆက်လက်မှာကြားပါတယ်။ တချို့က လက်နက်ကိုင်ပြီး တိုက်တဲ့ဟာမှန်သမျှ တော်လှန်ရေးဖြစ်တယ်လို့ တပိုင်းကြောင် အယူမှားနေကြပုံကိုလဲ ထောက်ပြခဲ့ပါတယ်။

မကောင်းတဲ့ အယူဝါဒ၊ မကောင်းတဲ့စနစ်တွေ ရှိနေသေးသမျှ တော်လှန်ရေးဆိုတာ ရှိနေမှာပါပဲ။ ဒါကြောင့် သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ ဖြစ်စဉ် ဖြစ်ရပ်နဲ့ သဘောသဘာဝကို အမြဲဆင်ခြင် သယ်ဆောင်သွားကြရမယ်လို့ ယူဆပြီး ` ငါတို့ ဖက်ဆစ်တော်လှန်ရေးနေ့ ပြန်ပေး ´ လို့တောင်းဆိုလိုက်ရပါတယ်။

ကျနော် မောင်စွမ်းရည်ပါ။