ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇော်သစ် - ဟန်ဘာကာ စားသူများ (၀တ္ထုတို)


ဇော်သစ် - ဟန်ဘာကာ စားသူများ (၀တ္ထုတို)
(မိုးမခ) မတ် ၄၊ ၂၀၁၆
 
ကျုပ်က ဟန်ဘာကာ မကြိုက်ဘူး။ ဒါပေမယ့် ဟန်ဘာကာကို လူတော်တော်များများကတော့ ကြိုက် ကြတယ်။

ဟန်ဘာကာထဲမှာ ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီစတဲ့ အသီးအရွက်တွေလည်း ပါတယ်။ အရသာရှိတဲ့ အသားတစ် မျိုးမျိုးနဲ့ တစ်ခါတစ်ရံ ကြက်ဥ ဟပ်ဖရိုက်လိုမျိုးလည်း ပါတတ်တယ်။ ချိစ်၊ မရိုးနိစ်စတဲ့ အနှစ်တစ်မျိုးမျိုးလည်း ပါတယ်။ နောက်ပြီး အထက်အောက် ညှပ်ပူး၊ ညှပ်ပိတ် အုပ်ထားတဲ့ ပေါင်မုန့်သားလည်း ပါတယ်။

အတယ်ပဲ ပြောပြော။ ကျုပ်က တောသား။ ဟန်ဘာကာဆိုတဲ့ အစားအစာကို လုံးဝ မကြိုက်ဘူး…။
***    ***    ***

ပြီးခဲ့တဲ့နှစ် သင်္ကြန်က ကျုပ် တရားစခန်းဝင်တယ်။ အဲဒီမှာ လူတစ်ချို့နဲ့ ရင်းနှီးခဲ့ရတယ်။ အငြိမ်းစားယူထားတဲ့ မယက ဥက္ကဋ္ဌဟောင်း ဦးပြည့်စုံ။ မန္တလေးတက္ကသိုလ်က ကထိက ဆရာလှ။ စီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေး ဦးဟုတ်စိန်။ ဇာတ်မင်း သား၊ မြေပွဲစား ကိုဇော်။ ကိုယ်ပိုင်ကားနဲ့ တက္ကစီဆွဲ စားနေတဲ့ ကားဆရာ ကိုသက်။ သူတို့နဲ့ ကျွန်တော် တရားစခန်းမှာ တွေ့ ပြီး ခင်မင်ရင်းနှီးခွင့် ရခဲ့တယ်။

ကျုပ်က မန္တလေးကျုံးရဲ့အရှေ့ဘက်မှာ ရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်က စားပွဲထိုးလေးပါ။ ယဉ်ကျေးအောင် ပြောရရင် ဝိတ်တာ ပေါ့ဗျာ။ မြန်မာစကား စားပွဲထိုးဆိုတဲ့ အခေါ်အဝေါ်က မလှလို့ဆိုပြီး၊ လူတွေက ကျုပ်တို့ကို ဝိတ်တာလို့ ခေါ်ကြတယ်။ အင်္ဂလိပ်စကား ဝိတ်တာက ဘယ်လောက် ယဉ်ကျေး တယ်တော့ ကျုပ်မသိဘူး။ စားသုံးသူတွေက ကျုပ်ကို ဝိတ်တာလို့ပဲ ခေါ်ခေါ်။ “ရွှတ်… ရွှတ်”လို့ပဲ ခေါ်ခေါ်။ ဖန်ခွက်ကလေးကို ဇွန်းလေးနဲ့ ခေါက်ပြီးတော့ပဲ ခေါ်ခေါ်။ ကျုပ်နားလည်ထားတာက ဒါဟာ… ကျုပ်တို့ စားပွဲထိုးတွေကို ခေါ်တာပဲ။

တရားစခန်းမှာ ကျုပ် စိတ်ချမ်းသာတာ တစ်ခုက ကျုပ်ရဲ့ ကော်ဖီဆိုင် စားပွဲထိုးဆိုတဲ့ ဘဝကို မေ့ထားလို့ ရတာပဲ။ တရား စခန်းမှာ ဘာကောင်ကြီးပဲလာလာ ကျုပ်နဲ့အတူတူပဲ။ အဝတ်အစား၊ အနေအထိုင်၊ အစားအသောက် ဘာတစ်ခုမှ ကျုပ်ထက် မသာဘူး။

မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် အဝတ်အစားက အထက်အောက် ရောဂီရောင်။ စားတာသောက်တာက စခန်းက ချက် ကြွေးတဲ့ သတ်သတ်လွတ် ထမင်းဟင်း။ အိပ်ရနေရတာက ကုတင်တစ်လုံး၊ ခေါင်းဦးတစ်လုံး၊ စောင်တစ်ထည်။ အရောင်က လည်း အဖြူရောင်တွေ။ အားလုံး တစ်ရောင်ထဲ…။ တရားစခန်းကို တရားပြပေးတဲ့ ဆရာတော်ကြီးကလည်း ပြတ်တယ်။

“မိဘပဲဖြစ်ဖြစ်၊ သားသမီးပဲ ဖြစ်ဖြစ်၊ ဇနီးခင်ပွန်းသည်ပဲ ဖြစ်ဖြစ်။ တရားစခန်းဝင်နေစဉ်မှာ အနေအထိုင်၊ အစားအသောက် ဆင်းရဲတယ်လို့ထင်ပြီး အိမ်မှာ ကျန်ခဲ့တဲ့ အိမ်မြှောင်တွေက ကျောင်းလာပြီး ဇာမချဲ့ကြနဲ့။ ဒီမှာနေတဲ့ ရောဂီတွေကလည်း မလော်မာနဲ့။ မနေနိုင်ရင် အချိန်မရွေး ပြန်။ စည်းစိမ်ခံဖို့လာတာ မဟုတ်ဘူး။ တရားရှာဖို့ လာတာ။ ဒီလောက်မှ အောင့်မခံ နိုင်ရင် အပါယ်ကျမှ မချိမဆန့် ခံနေရလိမ့်မဗျား…”တဲ့…။
***    ***    ***

ဒီလို အုပ်ချုပ်မှုကောင်းတဲ့ ဆရာတော်ရဲ့ ကျောင်းမှာ တရားစခန်းဝင်ရတော့ ရောဂီတွေ အားလုံးဟာ တရားအားထုတ်ဖို့က လွဲရင် တစ်ခြား ဘာမှ တွေးစရာ မလိုတော့ဘူး။ ဖုန်းမရှိ။ ကားမရှိ။ လက်စွပ်၊ ဆွဲကြိုး အဖိုးတန်လက်ဝတ်ရတနာ ဘာမှမရှိ။ နောက်ဆုံး နာရီတောင် မပါတ်ရဘူး။ ခြောက်ယောက် တစ်ခန်းနေရတဲ့ ပေနှစ်ဆယ်ပါတ်လည် ကျောင်းဆောင်လေးတွေထဲမှာ အချိန်သိဖို့ နာရီတစ်လုံး ထားပေးတယ်။ ဒါပဲ…။

ဒီတော့ ရောဂီအချင်းချင်း ကိုယ်တိုင်ကသာ မပြောရင် ဘယ်သူက ဘာကောင်ဆိုတာ မသိကြဘူး။ ကျုပ်ကိုလည်း ကော်ဖီ ဆိုင်တစ်ခုရဲ့ စားပွဲထိုးလို့ ဘယ်သူမှ မသိကြဘူး။ တစ်ခါတစ်လေ ကျုပ်ဟာကျုပ် တောင် မေ့သွားတယ်။ ဒါပေမယ့် ကျုပ်က မလိမ်ပါဘူး။ သူတို့ မေးတော့ အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။ ကျုပ်ကို ကော်ဖီဆိုင်တစ်ခုက စားပွဲထိုးလို့ သိသွားတော့ မင်းသားကိုဇော်က…

“မင်းတို့ဆိုင်က ဟန်ဘာကာ အတော်နာမည်ကြီးတယ်။ တရားစခန်းပြီးရင်တော့ လာစားဦးမယ် ကွာ။ ငါက ဟန်ဘာကာဆို သိပ်ကြိုက်တာကွ…”လို့ စိတ်ပါလက်ပါ ပြောပါတယ်။ မင်းသားရဲ့စကားကို ကြားတော့ ကျန်တဲ့ လူတွေကလည်း အားတက် သရော ထောက်ခံကြပြီး သူတို့ရော ဟန်ဘာကာ ကြိုက်တဲ့အကြောင်း ပြောကြပါတယ်။ နောက်တော့ တရားစခန်းပြီးရင် ကျုပ်တို့ဆိုင်မှာ ဟန်ဘာကာ အတူတူ သွားစားကြဖို့ တစ်ယောက်နဲ့တစ်ယောက် ချိန်းကြ ပြန်ရော…။

ကျုပ်ကတော့ သူတို့ကို ဟန်ဘာကာ ကြိုက်သူတွေလို့ပဲ မှတ်ယူလိုက်ပါတယ်။
***    ***    ***

တရားစခန်းမှာ ကျုပ်ရယ်၊ ဟန်ဘာကာ ကြိုက်သူ အထက်က ပုဂ္ဂိုလ်ငါးဦးရယ်။ ခြောက်ယောက် တစ်ခန်းထဲနေရတယ်။ ကျုပ်တို့ ဝင်တဲ့ တရားစခန်းက မိဘဆွေမျိုးသားချင်း၊ မိတ်ဆွေအချင်းချင်း အတူတူ တရားစခန်းဝင်လို့လည်း အတူနေချင်လို့ မရဘူး။ တရားစခန်းတာဝန်ရှိသူတွေက သိတာနဲ့ ခွဲထားလိုက်တာပဲ။ အဲဒါနဲ့ ပါတ်သက်လို့ ဆရာတော်ကြီးက မိန့်တယ်။

“အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ တရားစခန်းမှာ အတူတူ တစ်ခန်းထဲ မနေကြပါနဲ့။ ခင်ဗျားတို့က အပြင်လောကမှာ ခင်မင်ရင်းနှီးခဲ့ကြတော့ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပြီ။ အားတဲ့ အချိန်စကား စပ်မိလို့ပြောကြရင် အိမ်ကိစ္စတွေ ကျောင်းပါလာမယ်။ ဒါဆို တရားအားထုတ်တဲ့အခါ အိမ်ကိစ္စတွေက သေချာ ပေါက် ယောဂီကို အနှောက်အယှက်ပေးတော့မယ်။ ဘုန်းကြီးကတော့ တရားရှာဖို့လာရင် တရားရသွားတာပဲ ဖြစ်စေ ချင် တယ်။ အိမ်လို နေချင်ရင် အိမ်မှာနေကြပေါ့။ ဒီမှာတော့ အတွင်းသိတွေ ခွဲနေကြပါဗျာ…”တဲ့။

ကျုပ်ကတော့ ဆရာတော်ကြီးရဲ့ စိတ်ကူးကို ကြိုက်တယ်။ သိပြီးသား လူချင်း အတူနေရင် မိတ်ဆွေ မတိုးဘူး။ အခု မသိတဲ့ လူချင်း အတူနေကြတော့ ရက်ကြာလာတာနဲ့အမျှ ရင်းနှီးပြီး မိတ်ဆွေတွေ ဖြစ်သွားကြတယ်။ ကျုပ်နဲ့ တစ်ခန်းတည်း နေသူတွေကလည်း ကျုပ်ထက် ဘဝအဆင့်အတန်း မြင့်မားကြ ပေမယ့် ကျုပ်ကို ခွဲခြားပြီး မဆက်ဆံကြဘူး။ တန်းတူပဲ ဆက်ဆံကြပါတယ်။ တရားစခန်းမှာမို့လားတော့ မသိဘူးဗျာ…။
***    ***    ***

ဒီလိုနဲ့ တရားစခန်းဝင်တဲ့ ရက်ကလေးကြာလာတော့ ဟန်ဘာကာ ကြိုက်သူတွေနဲ့ ကျုပ်နဲ့လည်း တစ်ယောက်နဲ့ တစ်ယောက် ပြောမနာ ဆိုမနာ မိတ်ဆွေ ရင်းချာတွေလို ဖြစ်လာကြတယ်။ သူတို့ချင်းသာ မိတ်ဆွေရင်းတွေလို ဆက်ဆံကြပေမယ့် ကျုပ် ကတော့ ဟန်ဘာကာကြိုက်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သတိထားပါတယ်။ ဘာလို့ဆို ကိုယ်က ကော်ဖီဆိုင်က စားပွဲထိုး လေ။ မျက်နှာသာပေး ရွှေရေး ပန်းကန်တက်တယ် ထင်သွားရင် မကောင်းဘူး။

နောက်ပြီး သူတို့လို အဆင့်အတန်းလည်းရှိ ဗဟုသုတနဲ့လည်း ပြည့်စုံတဲ့ သူတွေနဲ့ အတူနေရတာ ကျုပ်အတွက် ပညာရပါ တယ်။ သူတို့ ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောဆိုဆွေးနွေးကြတဲ့ တရားစကားတွေကလည်း အခုမှ ပထမဆုံးအကြိမ် တရားစခန်းဝင်ဖူးတဲ့ ကျုပ်အတွက်တော့ မှတ်သားစရာ တွေ ချည်းပါပဲ။

တစ်နေ့သားဆို သူတို့အမြင် သူတို့အတွေးနဲ့ ဘဝဟာ ဘာလဲလို့ အဓိပ္ပါယ်ဖွင့်ကြတာ ကောင်းလွန်းလို့ ကျုပ်ဖြင့် ဒီနေ့ထိ မမေ့ဘူး။ ကျုပ်ရဲ့ မှတ်စုစာအုပ်လေးထဲမှာတောင် သူတို့ ပြောတဲ့ စကားတွေကို ပြောသူရဲ့ အမည်နဲ့တွဲပြီး မှတ်ထားမိတဲ့ အထိပဲ။

ခင်ဗျားလည်း စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ…
***    ***    ***

“ဘဝဆိုတာ တကယ်တော့ ကံတရားဆိုတဲ့ အာဏာရှင်လက်အောက်က ပြည်သူပဲ။ တစ်ခြားမကြည့် နဲ့ ဦးကိုပဲ ကြည့်။ အစိုးရ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးတဲ့ နယ်မြို့လေးတစ်မြို့မှာ မယကဥက္ကဋ္ဌ လုပ်ခဲ့ဖူးတယ်။ အဲဒီ မြို့လေးမှာ မယကဥက္ကဋ္ဌဖြစ်တဲ့ ဦးက ဘုရင်ပဲ။ သွားလေရာမှာ တွေ့တဲ့လူတွေက ဦးကို အဘ… အဘနဲ့ တစ်ဖွဖွ ခေါ်ကြတာပေါ့။ အဲ… ဦးထက်မြင့်တဲ့ ခယကတို့၊ တယကတို့ လာတဲ့အခါကြတော့လည်း ဦးကပြန်ပြီး သူတို့ကို အဘ… အဘနဲ့ ခေါ်ရပြန်ရော…။ တစ်ခါတစ်ခါ ဦး စဉ်းစားမိတယ်။ အော်… ငါ့ဘဝက အဘထက်ကြီးတဲ့ အဘမရှိသမျှ အဘဖြစ်ရတဲ့ အဘပါ့လားလို့…။

ကိုယ့်လက်အောက်က လူတွေက ကိုယ့်ကို အဘခေါ်။ ကိုယ့်အထက်က လူလာရင် ကိုယ်က အဘခေါ်နဲ့ နောက်ဆုံးတော့ ဦးဘဝဟာ အဘသံသရာထဲမှာ မရုန်းနိုင်ပဲ လည်နေရသလိုပဲ။ အောက်က ပို့ပေးတဲ့ အဘကို နားထဲကတစ်ဆင့် ခေါင်းထဲ ထည့်သိမ်းထားလိုက်။ ပြီးရင် အထက်ကလူတွေလာတဲ့အခါ ပါးစပ်ကတစ်ဆင့် သူတို့နားထဲ ပြန်ထည့်ပေးလိုက်နဲ့။ ကြာ တော့ လူနဲ့တောင် မတူတော့ဘူး။ အဘဆိုတဲ့ နာမ်စားကို ထရမ်စဖာ လုပ်ပေးရတဲ့ စက်ကြီးကြနေတာပဲ…။

အင်း… အဘဆိုတာလည်း တရားသဘောနဲ့ ကြည့်ရင် ပျက်ချိန်တန်တော့ ပျက်ရတာပဲ။ ကံအရှိန်ကုန်လို့ ပျက်ပဟေ့ဆိုရင် ဘယ်သူမှ တားလို့မရဘူးနော်။ ဒီနေရာမှာ ကံကအခရာပဲ။ အပြစ်ရှိရှိ၊ မရှိရှိ ပျက်မှာပဲ။

တကယ်ဆို ဦး အငြိမ်းစားယူခဲ့ရတာ ဦးရဲ့အပြစ် လုံးဝမဟုတ်ဘူး။ ကိုယ့်သားသမီး ကိုယ်နိုင်အောင် မထိမ်းနိုင်တာ မိဘမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ရင်တော့ ဒါဟာ ဦး အပြစ်လို့ ပြောလို့ ရတာပေါ့လေ…။”
***    ***    ***

“ဒီလိုကွဲ့ ဦးတို့ မြို့မှာ နိုက်ကလပ်တစ်ခုရှိတယ်။ တရားမဝင် ဖွင့်တာပေါ့။ ဦးလက်အောက်က လူတွေကို ပေးကမ်းပြီး နား လည်မှုနဲ့ ဖွင့်တယ်ဆိုပါတော့။ ဦးမသိတော့ ဦးအထက်က လူတွေကလည်း မသိကြဘူး။ ဖြစ်ချင်တော့ အဲဒီ နိုက်ကလပ်မှာ လူငယ်တွေ ရန်ဖြစ်ကြရောဟေ့။ လူတောင်သေတယ်။ ဦးလည်း သိသိချင်း နိုက်ကလပ်ကို သွားတာပေါ့။ ဟိုလည်းရောက်ရော ပိုင်ရှင် ဘယ်မလဲ၊ ပိုင်ရှင်ခေါ်ပေးလို့ ပြောလိုက်တယ်။ ပိုင်ရှင်လည်း ရောက်လာတယ်။ ဦးလည်း ပိုင်ရှင်ကို တွေ့တော့ ဒေါသဖြစ်ဖြစ်နဲ့ လိမ့်ဟောက်တာပေါ့။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီနိုက်ကလပ်ကို ဖွင့်ရတာလဲပေါ့။ အဲဒီတော့ ပိုင်ရှင်က ပြန်ပြောတယ်။ အဘ မိန်းမရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်တာပါတဲ့။ ဦးလည်း ဆိုင်ရှင်ကို ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ အမယ် သူက ဆက်ပြောသေးတယ်။ အဘသားလည်း ရှယ်ရာပါပါတယ်တဲ့။ ကဲ… ကောင်းရော…။

မိန်းမဆိုတဲ့ အထက်မီးနဲ့ သားသမီးဆိုတဲ့ အောက်မီး ညှပ်ပူး၊ ညှပ်ပိတ် လောင်လိုက်တာ ဦးလည်း မယကဥက္ကဋ္ဌ ရာထူးက ပြုတ်ကရော…။ ဒါ့ကြောင့်ပြောတာ ကံကြမ္မာဆိုတာ လူတွေအပေါ်မှာ အာဏာရှင်ပဲ။ သူက သေဆိုသေ။ သူက ရှင်ဆိုရှင်ရမှာ။ ဘဝဆိုတာ တကယ်တော့ ကံတရားဆိုတဲ့ အာဏာရှင်လက်အောက်က ပြည်သူတစ်ယောက်ပါပဲလေ…။”

(မယက ဥက္ကဋ္ဌဟောင်း ဦးပြည့်စုံ)
***    ***    ***

 “အဘ ပြောတာ…. အဲလေ… ဦးပြောတာ မှန်ပါတယ်။ ဦးပြည့်စုံက သူအတွေ့အကြုံနဲ့ ဖြတ်သန်းခဲ့ ရတဲ့ ဘဝအနေအထားအရ ပြောသွားတာ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် ဆရာကြတော့ တစ်မျိုး…။ ဘဝက ရိုးစင်းလွန်းတယ်။

ပြောရမယ်ဆိုရင် ဆရာ့ဘဝက သင်ယူရင်းနဲ့ အချိန်ကုန်နေသလိုပဲ။ မွေးကင်းစအရွယ် ငယ်ငယ်လေးကတည်းက ငုတ်တုတ် ထိုင်ဖို့ သင်ရတယ်။ လေးဘက်သွားဖို့ သင်ရတယ်။ မတ်တတ်ရပ်ဖို့ သင်ရတယ်။ ငယ်ငယ်ကစပြီး သင်နေရတာ အခုထိကို မဆုံးနိုင်ဘူး။ နောက်ပြီး အရွယ်ရောက်လာတော့ ဆရာက သူများတွေ သင်ရတာထက်ကို ပိုသင်ခဲ့ရတယ်။ သူများတွေက ကျောင်းနေရင် ကျောင်းစာပဲ သင်ရမှာ။ ဆရာ့ကြတော့ ကျောင်းနေရင်းတစ်ဖက်နဲ့ ဈေးရောင်းတဲ့ ပညာပါ သင်ခဲ့ရတာ။

ဆရာ့မိဘတွေက ဟိုအရင် ညဈေးတန်းမှာ အထည်ရောင်းတာလေ။ ဒီတော့ ဆရာက ကျောင်းအားတဲ့ အချိန်တွေမှာ မိဘ တွေရဲ့ ဆိုင်ကို ကူရောင်းပေးရတယ်။ ကျောင်းစာအပြင် ဈေးရောင်းတဲ့ ပညာပါ ရခဲ့တာပေါ့။
***    ***    ***

အဲဒီအချိန်က ညဈေးတန်းမှာ ဈေးရောင်းရတာ မလွယ်ဘူး။ လူတွေက ညဈေးတန်းမှာ ဈေးဝယ်ရင် ထက်ဝက်ဆစ်ရမယ်ချည့် စွဲနေကြတာ။ ပစ္စည်းအမျိုးအစားချင်း အတူတူကို ကုန်တိုက်မှာ လေဘယ်ကပ်ရောင်းရင် ကပ်ထားတဲ့ ဈေးနှုန်းအတိုင်း လူတွေက ဝယ်ကြတယ်။ အဲ ညဈေးတန်းမှာ ရောင်းရင်တော့ ခေါက်ချိုး ဆစ်ပြီသာမှတ်။ ဒီတော့ ညဈေးတန်းမှာ ရောင်းတဲ့ ပစ္စည်းတွေကို ဈေးသည်တွေက ထက်ဝက်အမြတ်တင်ပြီး ရောင်းကြရတယ်။ ဈေးသည်တွေက ခေါက်ချိုးတင်ထားလို့ ဝယ်သူက ဆစ်တာလား။ ဝယ်သူတွေက ခေါက်ချိုးဆစ်တတ်လို့ ဈေးသည်တွေက ဈေးတင်ရောင်းတာလား။ ဒီ ဂျာအေး သူ့ အမေရိုက်ဇာတ်လမ်း ဘယ်သူ့ကြောင့် စဖြစ်လာတယ်တော့ ဆရာလည်း မသိဘူး။ ဆရာ ဈေးစရောင်းတဲ့ အချိန်မှာ ညဈေး တန်း ဈေးရောင်းနည်း သင်ရိုးညွှန်းတမ်းက ခေါက်ရိုးကျိုးနေပြီ။

တစ်ခါကဆို ဈေးဝယ်တစ်ယောက်က လည်ပင်းမှာ သိုင်းကြိုးလေးနဲ့ ဗန်းလေးကိုင်ပြီး လမ်းလျှောက်ရောင်းတဲ့ တစ်ကျပ်ဖိုး ငါးမျိုး ဈေးသည်ကို ခေါက်ချိုးသွားဆစ်လို့ ရန်တွေဘာတွေတောင် ဖြစ်ကြသေး။

ဆရာကိုယ်တိုင်လည်း တစ်ခါကြုံခဲ့ဘူးတယ်။ ဒီလိုပဲ ဈေးဝယ်က ခေါက်ချိုးဆစ်တာ။ ဆရာကလည်း ဘာရမလဲ။ မဖြစ်ဘူး။ မရောင်းနိုင်ဘူးနဲ့ အိုက်တင်ခံတာပေါ့။ သူဆစ်တဲ့ ဈေးမရရင် မဝယ်ဘူးဆိုပြီး ဈေးဝယ်က လှည့်ထွက်သွားတော့မှ လာ… လာ… လာ… ဈေးဦးပေါက်မို့ ပေးလိုက်တာလို့ ပြောပြီး ဆစ်တဲ့ဈေးနဲ့ ရောင်းပေးလိုက်တယ်။

ဈေးဝယ်ထွက်သွားတော့မှ ကြည့်လိုက်တော့ လား…လား… ကျေးဇူးရှင်က တစ်ထည်တည်း ယူရမှာကို ဆရာမသိအောင် တစ်ထည်ပိုယူသွားတယ်လေ။ ဆရာလည်း နှစ်ထည်ကို တစ်ထည်ဈေးနဲ့ ရောင်းလိုက်သလို ဖြစ်သွားတာပေါ့။ သူ့နောက် လည်း ဆရာ လိုက်မနေတော့ပါဘူး။ ဘာလို့ဆို ဆရာရောင်းလိုက်တဲ့ ဈေးက တစ်ထည်ပိုပါသွားတာတောင် ငါးကျပ် မြတ် သေးတယ်… ဟား… ဟား… ဟား… ။

ဆရာ့အတွက်ကတော့ ဘဝဆိုတာ သင်ယူခြင်းပါပဲ။ ကျောင်းပြီးတော့ တက္ကသိုလ်မှာ ကျူတာဝင် လုပ်။ ကျူတာဘဝကနေ ပညာတွေဆက်သင်။ ပါရဂူဘွဲ့ကို ဂျာမနီထိသွားယူ ကထိကဖြစ်။ ဒါနဲ့လည်း သင်လို့က မဆုံးသေးဘူး။ ကိုယ်က ဆရာဆိုပေ မယ့် တစ်ခါတစ်ရံ ကျောင်းသားတွေဆီက မသိမသာ ပညာယူရတာတွေလည်း ရှိသေးတယ်။ ဟော အခု တရားစခန်းကို လာ။ ခင်ဗျားတို့နဲ့ အတူတူ သံသရာပါမယ့်ပညာကို လာပြီးသင်နေရပြန်ပြီ။ ဆရာ့ဘဝမှာ သင်ယူခြင်းတွေဟာ သေမှပဲ ဆုံး တော့မယ် ထင်ပါရဲ့…။”

(တက္ကသိုလ်ကထိက ဆရာလှ)
***    ***    ***

 “ဝှာ့အတွက်တော့ ဘီဝဆိုတာ စီးပွားရေးလုပ်ငန်း တစ်ခုလိုပဲ။ အပြိုင်အဆိုင်ရှိမှ တိုးတက်နိုင်လယ်လို့ ထင်လယ်။

အရင်က ဝှာ့က ဈေးချိုမှာ ကက်ဆက်ပြင်ဆိုင်လေး ဖွင့်တာလေ။ ချောက်တိချောက်ချက်ပါပဲ။ ဘဝဟာ အပြိုင်အဆိုင်ရှိမှ တိုးတက်လယ်ဆိုတာလည်း သိပ်မှန်တာပဲ။ ဝှာ့ဟာ ဝှာ့မှ အလုပ်က ဖြစ်တစ်လှည့် မဖြစ်တစ်လှည့်ကို ဝှာ့ဆိုင်ဘေးမှာ လာ ပြီး နောက်ထပ် ကက်ဆက်ပြင်ဆိုင် လာဖွင့်တဲ့လူက ရှိသေး။ အခုတော့ သူ့ကို ဝှာ့က ကျေးဇူးတောင် တင်ရဦးမယ်။ သူလာ ဖွင့်လို့ သူ့ထက်သာအောင် ဘာလုပ်မလဲ စဉ်းစားမိရာကနေ ဝှာ့ အခုလို ချမ်းသာလာတာလေ။

ဖြစ်ပုံက ဒီလို…။ ဝှာ့ဆိုင်နဲ့ အပြိုင် ကက်ဆက်ပြင်ဆိုင် လာဖွင့်တော့ ဝှာ့လေ အားကီး စိတ်ညစ်တာပဲ။ ကိုယ့်နဲ့ စီးပွားပြိုင်ဖက် ပေါ်လာတာကိုး။ အဲဒါနဲ့ ဝှာ့စဉ်းစားလယ်။ သူ့ထက်သာအောင် ဘာလုပ်မလဲပေါ့။ အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ ဝှာ့တို့ ကက်ဆက်ပြင်ဆိုင်တွေဟာ ပြင်ရုံပဲ ပြင်ကြတာ။ လိုအပ်ရင် ကက်ဆက်နဲ့ ပါတ်သက်တဲ့ အပိုပစ္စည်းတွေကို အပိုပစ္စည်း ဆိုင်တွေမှာ တစ်ဆင့်သွားဝယ်ကြရလယ်။ ဒါနဲ့ ဝှာ့လည်း အပိုပစ္စည်းပါ တင်ရောင်းဖို့ စိတ်ကူးရသွားလယ်။ ဒီလောက်နဲ့လည်း ဝှာ့စိတ်ကူးက ရပ်မသွားဘူး။ ကက်ဆက်နဲ့ ပါတ်သက်တဲ့ အပိုပစ္စည်းတွေ ဘယ်ကလာလဲ ထပ်စဉ်းစားလယ်။ ဟုတ်လယ်လေ။ ကိုယ်က ပင်ရင်းကို လိုက်နိုင်မှ အမြတ်များများကျန်မှာကိုး။ မန္တလေးမှာတင်ဝယ် မန္တလေးမှာတင် ပြန်ရောင်းလို့က တော့ အကျိုးအမြတ် သိပ်မရှိနိုင်ဘူး။ ဒီတော့ စို့စ်ကို လိုက်ဖို့ ဝှာ့တွေးမိသွားလယ်။ တကယ်တော့ ကက်ဆက်နဲ့ ပါတ်သက်တာပဲ ဖြစ်ဖြစ်၊ တီဗွီနဲ့ ပါတ်သက်တာပဲ ဖြစ်ဖြစ် လျှပ်စစ်ပစ္စည်းမှန်ရင် ဝှာ့တို့ တရုတ်ပြည်က လာတာချည်းပဲ။ ဒါနဲ့ ဝှာ့လည်း တရုတ်ပြည် ရွှေလီကို သွားဖို့ ဆုံးဖြတ်လိုက်လယ်။ ဟိုမှာ ဝှာ့တို့ အမျိုးတွေလည်း ရှိလယ်လေ…။ ဝှာ့တို့ တရုတ်တွေရဲ့ အားသာချက်က မျိုးရိုးအမည်တူရင် သိသိမသိသိ အားတက်သရော ကူညီတတ်ကြလယ်။”
***     ***     ***

“တရုတ်ပြည် ရွှေလီမြို့ကို ရောက်သွားလယ်ဆိုရင်ပဲ ဝှာ့ ဘဝအတွက် ထူးထူးခြားခြား ပြောင်းလဲဖို့ လမ်းစပေါ် ခြေချမိပြီဆိုတာ တိတိကျကျ သိလိုက်ရလယ်။ ဝှာ့ရောက်သွားတဲ့ အချိန်က တရုတ်ပြည်ရဲ့ လျှပ်စစ်ဓါတ်အားပေးစနစ်ကို ဝမ်းတန်းကနေ တူးတွမ်တီးကို ပြောင်းခါစ။ ဝှာ့ အမျိုးတွေ အိမ်မှာရော၊ တစ်ခြားတရုတ်တွေရဲ့ အိမ်တွေမှာပါ ဝမ်းတန်းစနစ်သုံး လျှပ်စစ်ပစ္စည်း တွေက ဘာလုပ်ရမှန်းမသိပဲ ပိုလျှံနေတဲ့ အချိန်။ တီဗွီ၊ ကက်ဆက်၊ ရေခဲသေတ္တာ၊ အဲယားကွန်း အို… စုံလို့။

အဲဒါတွေကို ကြည့်ပြီး ဝှာ့လည်း စိတ်ကူးတစ်ခုရသွားလယ်။ တရုတ်နိုင်ငံမှာ သုံးမရတော့တဲ့ လျှပ်စစ်ပစ္စည်းတွေကို မြန်မာ ပြည်ကို သယ်၊ ဟိုရောက်တဲ့အခါ ဈေးချိုချိုနဲ့သာ ချရောင်းရင် လူတွေ အလုအယက်ဝယ်ကြမှာပဲလို့ တွေးမိလိုက်လယ်။ ဒါနဲ့ အမျိုးတွေ အိမ်ရော၊ အမျိုးတွေရဲ့ အသိမိတ်ဆွေတွေအိမ်ရော အကုန် အိမ်ပေါက်စေ့လိုက်သွားပြီး ဝမ်းတန်း လျှပ်စစ်ပစ္စည်း တွေမှန်သမျှ လိုက်ကောက်လယ်။ တရုတ်တွေဆိုတာ ဝှာ့ကို သူတို့အိမ်က အမှိုက်ပုံကို ပိုက်ဆံပေးပြီး လာသိမ်းပေးတဲ့ ကျေးဇူးရှင်ကြီးလိုကို ထင်သွားကြတာ။ လူတိုင်းက ဝှာ့ကို သူတို့ အိမ်မှာရှိတဲ့ အသုံးမဝင်တော့တဲ့ လျှပ်စစ်ပစ္စည်းတိုင်းကို အလကားနီးပါးကို ပေးတာ။

တခုတော့ရှိတာပေါ့…။ ဝှာ့က တီဗွီတွေကိုသာ များများကောက်ပေမယ့် ကျန်တဲ့ပစ္စည်းတွေကိုတော့ ဈေးရော ပစ္စည်းပါ လျှော့ကောက်လယ်။ ရေခဲသေတ္တာ၊ အဲယားကွန်းဆိုတာ သူဋ္ဌေးတွေမှ သုံးနိုင်တာလေ။ သူဋ္ဌေးတွေကလည်း သူများသုံးပြီး သားအဟောင်းတော့ ဘယ်ဝယ်မလဲ။ တရုတ်နိုင်ငံက ပစ္စည်းတွေက အဟောင်းဖြစ်တဲ့အပြင် ဝမ်းတန်းဆိုတော့ ရေခဲသေတ္တာ တို့ အဲယားကွန်းတို့က အရောင်းမသွက်နိုင်ဘူးဆိုတာ ဝှာ့က သိတာပေါ့။ ဒါ့ကြောင့် ဝှာ့က တီဗွီတွေကိုပဲ ဈေးပိုပေးပြီး များများဝယ်လယ်။ ကက်ဆက်လည်း နဲနဲပဲ ယူလယ်။ ကက်ဆက်ကလည်း နောက်ကျရင် ခေတ်ကုန်တော့မှာလေ။

ဝှာ့ အဓိကပြစ်မှတ်ထားတာ မြန်မာပြည်က ဆင်းရဲသားတွေ…။ ဒီတော့ ဆင်းရဲသားတွေ ဝယ်နိုင်မယ့်ဈေးနဲ့ ပစ္စည်း အမျိုး အစား အများကြီး ရအောင် ဦးနှောက်သုံးရလယ်။ အဲဒီလို ဝယ်လာပြီး ပြန်ရောင်းတော့မှ ဝှာ့သိလိုက်ရတာက မြန်မာပြည်မှာ တီဗွီတစ်လုံးလောက်ကိုတောင် အဆင့်မှီမှီ အသစ်ဝယ်မသုံးနိုင်တဲ့ ဆင်းရဲသားတွေ အများကြီး ရှိပါ့လားဆိုတာပဲ။ ‘သိတာနဲ့ အသိအတိုင်းကျင့်သုံးရင် ချမ်းသာအစစ်ကို ရလယ်’ဆိုတဲ့ ဆရာတော်ကြီးရဲ့ စကားလိုပေါ့။ ဝှာ့လည်း အသိအတိုင်း တရုတ် ပြည်ကို ခေါက်တုံ့ခေါက်ပြန်သွားပြီး ဝမ်းတန်း တီဗွီတွေ သယ်လိုက်တာ မြန်မာပြည်မှာ အိမ်တိုင်းနီးပါး တီဗွီ ကြည့်နိုင်သွား တဲ့အပြင် ဝှာ့ကိုယ်တိုင်လည်း သိပ်မကြာခင် ချမ်းသာလာတော့တာပေါ့။

အခုဆို ဝှာ့ရဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေဟာ မန္တလေးမှာတင် ဆိုင်ခွဲတွေ အများကြီး ရှိနေပြီလေ။ ဒါကြောင့် ဝှာ့ အယူအဆက တော့ ဘီဝဆိုတာ ဇီးကွက်စီးပွားရေးလိုပဲ။ အပြိုင်အဆိုင်ရှိမှ တိုးတက်နိုင်လယ်။”

(စီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေးဦးဟုတ်စိန်)
***    ***    ***

“ကျွန်တော်က အရင်က ဇာတ်ဆရာမင်းသားဗျ။ ဇာတ်ဆရာလည်း ဇာတ်ဆရာ မင်းသားလည်း မင်းသားဆိုတော့ ကျွန်တော့ အဖွဲ့လေးထဲမှာတော့ ကျွန်တော့ကို ဘုရင်လို သဘောထားကြတာပေါ့ဗျာ။ မင်းသားဆိုတာ အဖွဲ့ရဲ့ ထမင်းအိုးလို့လည်း ဇာတ်သမားတွေက တင်စားတတ်ကြတယ်။ သူတို့ တင်စားတာလည်း မလွန်ဘူးဗျ။

ဇာတ်အဖွဲ့တစ်ခု အောင်မြင်ပြီဆိုရင် အဲဒီအဖွဲ့က ခေါင်းဆောင်မင်းသားရဲ့ ကံကြမ္မာက အဓိကပဲ။ အများနားလည်အောင် ပြောရရင် စန်းပေါ့ဗျာ။ အနုပညာဆိုတဲ့ အရာကလည်း ခက်တယ်ဗျ။ ဘယ်လောက် တော်တော် စန်းမရှိရင် မအောင်မြင်ဘူးဗျ။ ဇာတ်သဘင်လောကဆို ပိုဆိုးသေး…။ နောက်က ဘယ်လောက်ပဲ မိုးပျံအောင်တော်တဲ့ ပညာရှင်တွေနဲ့ ပံ့ပိုးပံ့ပိုး၊ ခေါင်း ဆောင်မင်းသား ကိုယ်တိုင်က စန်းမရှိရင် အဖွဲ့က လုံးဝ မအောင်မြင်တတ်ဘူး။ ဒီတော့ ဇာတ်သမားတွေက သူတို့ရဲ့ သက် ဆိုင်ရာအဖွဲ့က မင်းသားကို အဖွဲ့ရဲ့ ထမင်းအိုးလို့ ပြောတာ မလွန်ပါဘူး။

ဇာတ်အဖွဲ့တစ်ခုမှာ အပြင်မှာပဲ ဖြစ်ဖြစ်၊ ဇာတ်ခုံပေါ်မှာပဲ ဖြစ်ဖြစ် မင်းသားရဲ့ အရိပ်အကဲကို ကြည့်ပြီး အလုပ်လုပ်ကြရတယ်။ ဇာတ်ခုံပေါ်မှာဆို မင်းသား ပြောတာဆိုတာ၊ သရုပ်ဆောင်တာ၊ ကတာတွေကို ကြည့်ပြီး နောက်က လူရွှင်တော်တွေ၊ မင်းသမီးတွေ၊ အဖွဲ့သားတွေက လိုအပ်သလို ပံ့ပိုးပေးရတယ်။ နောက်ပြီး အချင်းချင်းလည်း ဟာကွက်တွေ၊ မှားယွင်းတာတွေ ရှိရင် ဖာထေးပေးရသေး တယ်။ ဒါမှလည်း အောင်မြင်တဲ့ အဖွဲ့တစ်ခု ဖြစ်မှာလေ။ သဘင်ရဲ့ သဘောမှာ ညီညွတ်ခြင်းမပါလို့ကို မရဘူးပြောပါတော့။ မင်းသားက စန်းတော့ ရှိပါရဲ့ နောက်က အဖွဲ့အစည်းက မကောင်းရင်လည်း ဇာတ်အဖွဲ့က ရေရှည် မအောင်မြင်နိုင်ဘူး။

မင်းသားရဲ့ စန်းက ဇာတ်အဖွဲ့ကို လူသိအောင် လုပ်ပေးတယ်။ နောက်က အဖွဲ့ရဲ့ ပံ့ပိုးမှုက သဘင်အဖွဲ့တစ်ခုကို သက်တမ်း ရှည်အောင် လုပ်ပေးတယ်။ ဒီလိုပြောရင် ရမလားပဲ။ ဒါပေမယ့် ပရိတ်သတ်နဲ့ ပွဲငှားတွေ သိတာကတော့ မင်းသားပေါ့ဗျာ။

အဖွဲ့ထဲမှာ မင်းသမီးတစ်ယောက် နေထိုင်မကောင်းလို့ လူစားထိုးကရင် ပရိတ်သတ်က နားလည် လက်ခံကြပေမယ့်၊ ခေါင်းဆောင် မင်းသားနေမကောင်းလို့ မထွက်နိုင်ရင်တော့ ခဲထုခံရမယ်သာမှတ်။ တစ်ခါတစ်ရံမှာ မင်းသားက နေမကောင်း ရက်နဲ့ ထွက်ကရလို့ ဆိုတာကတာတွေ အဆင်မပြေရင်လည်း အပြစ်တင် မလွတ်ဘူး။ သူတို့သိတာ ခေါင်းဆောင် နဖူးစီး မင်းသားလေ။ သူတို့ ကြည့်ချင်တာ ခေါင်းဆောင်ရဲ့ အနုပညာပဲ။

ဒီတော့ ခေါင်းဆောင်မင်းသားကို ဇာတ်ခုံပေါ်မှာတင်မက အပြင်မှာလည်း သူနဲ့ သက်ဆိုင်ရာ မိဘဆွေမျိုးသားချင်းတွေက ဂရုစိုက်ကြရတယ်။ တစ်ချို့ သဘာရင့်ပြီး ဇာတ်သဘောကို နောကြေနေတဲ့ ဇာတ်သမားတွေကလည်း မင်းသားဆိုရင် တလေးတစား ဆက်ဆံကြတယ်။

မင်းသား အိပ်နေတယ် စကားတိုးတိုး ပြောကြ… ဆိုတာမျိုး…။ ကုတင်အောက်မှာ ခြင်ဆေးခွေလေး လာထွန်းပေးတာတို့။ မင်းသား ထမင်းစားနေရင် ဘေးက ယပ်ခပ်ပေးတာတို့။ မင်းသားနဲ့ ပါတ်သက်လာရင် မတော်တဆ ဖျားမှာ နာမှာကအစ တယုတယနဲ့ ဂရုစိုက်ကြတာပေါ့။ ကျွန်တော်လည်း မင်းသားက တုန်းကတော့ အဲဒီလို မေတ္တာနဲ့ စောင့်ရှောက်မှုမျိုးတွေ ခံစားခဲ့ရဘူးတယ်။ ဒါပေမယ့် ခက်တာက မင်းသားဆိုတာ မေတ္တာတရားကို မလိုချင်အောင် ဖောခြင်းသောခြင်းရနေတော့ ဒါတွေကို တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။
***    ***    ***

အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ကျွန်တော် လုံးဝ ဇာတ်မကတော့ဘူး။ ဂိမ်းဆိုင်လေး တစ်ဆိုင်ဖွင့်တယ်။ အဲဒီမှာ စတွေ့ တာပဲ။

ဂိမ်းဆိုင်ဆိုတော့ သိတဲ့အတိုင်း ဝန်ဆောင်မှု လုပ်ငန်းလေ။ ကျွန်တော်က သူများဝန်ဆောင်ဖို့ နေနေသာသာ ကိုယ့်ဝန်ကိုယ် တောင် မဆောင်နိုင်လို့ ပီအေ (ဇာတ်မင်းသားများ၏ ပစ္စည်းထိမ်း) နဲ့ နေခဲ့တဲ့ မင်းသား။ အလုပ်က ဘယ်လိုမှ မအပ်စပ်ဘူး။ ခက်တာက ကျွန်တော့မှာကလည်း အရင်းအနှီးက များများစားစား မတတ်နိုင်တော့ ဂိမ်းဆိုင် ဖြစ်ရုံသာ ထောင်နိုင်တာ၊ အ လုပ်သမားတွေ၊ ဝန်ထမ်းတွေက မငှားနိုင်ဘူး။ ဒီတော့ ဂိမ်းလာနှိပ်တဲ့ ကလေးတွေရဲ့ ဝန်ဆောင်မှုကို ကိုယ့်ဟာကိုယ်ပဲ လုပ်ရတော့တာပေါ့။

တစ်နေ့ တစ်နေ့ ဂိမ်းလာနှိပ်တဲ့ ကလေးတွေကို ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးခွေ ထွန်းပေးရတာနဲ့။ သူတို့ အိုက်မှာစိုးလို့ (ယပ်တော့ ခပ်မပေးရဘူး) ပန်ကာဖွင့်ပေးရတာနဲ့။ သူတို့ထိုင်နေတဲ့ အကြိုအကြားဝင်ပြီး ခလုတ်တပ်ပေး၊ စက်ဖွင့်ပေးနဲ့ တစ်ခါတစ်ခါ ကိုယ့်ဘဝကိုယ် အရမ်းစိတ်ညစ်မိတယ်။ ညပိုင်း ဆိုင်သိမ်းတော့လည်း ထိုင်ခုံတွေကို ကိုယ်တစ်ယောက်တည်း သိမ်း၊ တံမြက်စည်းလှဲ၊ အားလုံးပဲ။ ပြီးသွားတော့ သူတို့ တစ်နေ့လုံး ထွေးသွားခဲ့တဲ့ ကွမ်းသွေးခွက်တွေကိုပါ ဆေးရသေးတယ်။ ‘အော်… မင်းသား ဘဝတုန်းက ကိုယ်စားတဲ့ ပန်းကန်တောင် ကိုယ်မဆေးခဲ့တဲ့ကောင် ဝဋ်လည်ပဟ…’လို့ ကိုယ့်ကိုယ် ကိုယ်တောင် လှောင်ပြောင်မိတယ်။ အိပ်ယာဝင်တိုင်းလည်း စဉ်းစားမိတယ်။ ‘ငါ… ကိုယ့်အသက်မွေးဝမ်းကြောင်း လုပ်ငန်း အပေါ် စိတ်ပျက်နေသလား။ ဒီလိုသာ စိတ်ပျက်နေရင် ငါ… ဒီအလုပ်နဲ့ ဘယ်လိုလုပ်ပြီး ရေရှည် ရပ်တည်မလဲ’ပေါ့။

အဲဒီလို တွေးပါများတော့ ကျွန်တော့ ခေါင်းထဲမှာ ဒဿနလိုလို အတွေးတစ်ခု ဝင်လာတယ်။ အဲဒါ ဘာလဲ ဆိုတော့ ‘ဘဝ ဆိုတာ ဇာတ်ခုံကြီးတစ်ခုလိုပါ့လား။ လူတွေ အားလုံးဟာ ကိုယ်ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင် နေကြရ တာပဲ’လို့ ကျွန်တော် တွေးမိလိုက်တယ်။ အဲဒီအတွေးဝင်လာတဲ့ နေ့ကစပြီး ဂိမ်းဆိုင်အလုပ်ဟာ ကျွန်တော့အတွက် သိပ်မ ပင်ပန်းတော့ဘူး။ တစ်ခါတစ်လေ လူ့သဘာဝအရ ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စိတ်ပျက်လာတဲ့အခါ… “ဟိတ်ကောင်… မောင် ဇော်။ မင်းအခု အလှည့်ကျ သရုပ်ဆောင်နေရတာ ဂိမ်းဆိုင်ပိုင်ရှင်နော်။ မင်းသား မဟုတ်ဘူး။ ပီပြင်အောင် သရုပ်ဆောင်”လို့ ကိုယ့်ကိုယ် ကိုယ် အားပေးလိုက်တယ်။

အဲဒီလို လုပ်နေရင်းကပဲ တစ်ခါတစ်ရံ ကျွန်တော့ကို မင်းသားအဖြစ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို သတိရမိတယ်။ အင်း… တကယ်တော့ မေတ္တာတရားဆိုတာ အလကားပေးပေမယ့် အဖိုးနဲ အိုးကွဲနဲ့တော့ မရနိုင်ဘူးလေ…။ အခုတော့ ကျွန် တော်လည်း ဘဝဇာတ်ခုံပေါ်မှာ ဇာတ်ရုပ်တစ်ခု ထပ်ပြောင်းပြီး မြေပွဲစားအဖြစ် သရုပ်ဆောင် နေရပြန်ပြီ…။”

 (ဇာတ်မင်းသား၊ မြေပွဲစား ကိုဇော်)
***    ***    ***

“ဘဝသံသရာ… ရှည်လျားထွေပြား…. မနေမနား…. တစ်သွားတည်း သွားကြတာ… ခရီးပန်းတိုင်… မရောက်မချင်း… တစ် ယောက်ဆင်း…. တစ်ယောက်တက်…. ဆက်လက်ထွက်ခွာလာ….

အဲဒီ သီချင်းလိုပေါ့ဗျာ…။ ဘဝဆိုတာ ကျွန်တော့အတွက်တော့ အငှားကားတစ်စီးနဲ့ ပိုတူနေတယ်။ နေ့စဉ် လူတွေဟာ ကျွန်တော့ကားကို ငှားငှားစီးကြတယ်။ ငှားစီးကြတဲ့ ခရီးသည်တိုင်းကလည်း သိတယ်။ ဒီကားကို သူတို့ တကယ်မပိုင်ဘူး။ ခဏတာ လိုရာရောက်ဖို့ ငှားစီးကြရတယ်ဆိုတာကို။

ဒါပေမယ့် လူတွေက ခက်တယ်။ သိသိကြီးနဲ့ကို ငှားစီးရတဲ့ကားကို ဂျေးများချင်ကြသေးတယ်။ ကူရှင်တွေက ပေါက်လို့တို့။ အဲယားကွန်းက မအေးဘူးတို့။ မောင်းတာက နှေးလိုက်တာတို့။ အို… စုံနေတာပဲ။ သူတို့ ကျွန်တော့ကားကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အချိန်တန်တော့လည်း ဆင်းသွားကြရတာပါပဲ။ ဘယ်သူမှ အပိုင် မရပါဘူး။ တစ်ယောက်ဆင်းသွားရင် နောက်တစ်ယောက် တက်လာတာပဲ။ သူတို့ တတ်နိုင်တဲ့ ငွေကြေးနဲ့ ကျွန်တော့အတွက် တွက်ခြေကိုက်ရင် လိုက်ပို့ လိုက်တာပဲ။

တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားမိတယ်။ ကားငှားစီးတဲ့ လူတွေကို လိုရာပို့ပေးနေရတဲ့ ကျွန်တော် ဟာ ကားမောင်းနေတဲ့ အခိုက်အတန့်မှာ သူတို့ရဲ့ ကံကြမ္မာ ဖြစ်နေတာပဲ။ သူတို့ ကျွန်တော့ကိုပေးတဲ့ ကားခဟာ သူတို့ လုပ်ခဲ့တဲ့ ကုသိုလ်၊ အကု သိုလ်ပဲ။ သူတို့ ပိုက်ဆံ အနဲအများပေါ် မူတည်ပြီး ခရီး အကွာအဝေးက မတူနိုင်ဘူးလေ။ ဒါကို ကားငှားစီးသူတွေ သိကြ ရဲ့လားတော့ မသိဘူး။ ကျွန်တော်ကတော့ တွေးမိတယ်။

တစ်ချို့ဆို သူတို့ သွားချင်တဲ့နေရာကို ကျွန်တော်က ပို့ပေးခဲ့တာကို ခရီးမဆုံးသေးသလို ရပ်တန့် ငေးမောနေတဲ့ ခရီးသည် မျိုးလည်း ကြုံခဲ့ဘူးတယ်။ တစ်ချို့ကြတော့လည်း တစ်နေရာဝင် တစ်နေရာထွက်နဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ ခရီးကို သွား နေသလို အပြတ်ငှားစီးတဲ့ ခရီးသည်မျိုးလည်း ကြုံရတယ်။ ဘယ်လိုပဲ စီးစီး၊ အငှားကားဟာ အငှားကားပါပဲ။ ကိုယ်ပေး ထားတဲ့ငွေ အရှိန်ကုန်ရင် ဆင်းသွား ကြရတာပါပဲ။ အငှားကားရဲ့ သဘာဝကို ဘယ်သူ လွန်ဆန်နိုင်မှာလဲ။
***    ***    ***

ကျွန်တော့ ဘဝဆိုလည်း ဒီလိုပဲ။ တစ်ယောက်ဆင်း တစ်ယောက်တက် အငှားကားလိုပဲ။ ရန်ကုန် မှာ ပထမ အိမ်ထောင် ကျခဲ့တယ်။ ကျွန်တော် ရတဲ့ မိန်းမက သိပ်တော်တာ။ ကျွန်တော် သူနဲ့ရတော့ ဘာစီး ပွားမှ ရှာစရာမလိုဘူး။ သူပဲ ဦးဆောင်ပြီး စီးပွားရှာတယ်။ ကျွန်တော်က အေးဆေးပဲ။ အချိန်တန် မိန်းမပေး တဲ့ လ္ဘက်ရည်ဖိုးလေး အိပ်ထဲထည့် အပေါင်းအသင်းတွေနဲ့ လေပေါလိုက်။ စာဖတ်လိုက်။ အိပ်လိုက်၊ စားလိုက်နဲ့ ဇိမ်ကိုကျလို့။ ဒီလို ပြောလို့ ကျွန်တော့ဘဝဟာ သိပ်ကို အေးချမ်းတာ ပဲလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော့ရဲ့ အိမ်ထောင်ရေးဟာ စည်းစိမ်အပြည့်နဲ့ ငရဲကျနေရသလိုပါပဲဗျာ။

ကျွန်တော့ မိန်းမဟာ အားလုံးတော်တယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ဗျစ်တောက်၊ ဗျစ်တောက်နဲ့ အရမ်း နားပူတာပဲ။ အပြင်မှာ စီးပွားရေး၊ လူမှုရေး တစ်ခုခု အဆင်မပြေလို့ အိမ်ကို ဒေါသနဲ့ ပြန်လာတဲ့အခါမျိုးဆို ပိုဆိုးသေး။ အိမ်မှာ တစ် ယောက်တည်းရှိတဲ့ ကျွန်တော့အပေါ် ပုံကျပြီသာမှတ်တော့။ လင်ကိုယ်မယား နှစ်ယောက်တည်းဆိုတော့ ခိုင်းတဲ့လူလည်း မထားဘူး။ အိမ်ရဲ့ ဝေယျာဝစ္စ ကျွန်တော်ပဲ လုပ်ရတယ်။ သူအပြင်မှာ စီးပွားထွက်ရှာသလို၊ ကျွန်တော်လည်း အိမ်အလုပ်တွေ အားလုံး လုပ်ရတာပဲ။ တစ်ခါတစ်လေ အိမ်အလုပ်တွေနဲ့ ပင်ပန်းလို့ တီဗွီကြည့်ရင် ကြည့်ပြန်ပြီ၊ စာဖတ်ရင် ဖတ်ပြန်ပြီနဲ့။ အပြစ်ကို မလွတ်ဘူး။ သူ့မျက်စေ့ထဲမှာ ကျွန်တော်ဟာ ယောက်ျားတစ်ယောက်ဆိုတာထက် ရသေ့စိတ်ဖြေ အပြစ်တင်ဖို့ ဝယ်ထားတဲ့ အရုပ်တစ်ရုပ်လိုပဲ။ ကြာတော့ ကျွန်တော် သည်းမခံနိုင်တော့ဘူး။ ငါဟာ ဘာမှ သုံးမရတဲ့ ယောက်ျားတစ် ယောက်ပါ့လားလို့လည်း ကိုယ့်ကိုယ်ကိုယ် မြင်လာတယ်။

ဒါနဲ့ ဒီမိန်းမတော့ ငါ ဆက်ပေါင်းလို့ မဖြစ်တော့ဘူး။ ကြာရင် သူ အပြစ်တင်တာနဲ့တင် ကိုယ့်ကိုယ် ကိုယ် သတ်သေမိတော့ မယ်လို့ တွေးမိပြီး၊ အဲဒီ မိန်းမကို အပြီးအပြတ် ကွာရှင်းပြစ်လိုက်တယ်။ နောက် တော့ ရန်ကုန်မှာလည်း မနေချင်တော့တာနဲ့ မန္တလေးကို ပြောင်းလာခဲ့တာ။

မန္တလေးရောက်တော့ အခုလက်ရှိ ပေါင်းနေတဲ့ မိန်းမနဲ့တွေ့ပြီး အိမ်ထောင်သစ် ထူလိုက်တယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနား လည်ဆိုသလို အရင် မိန်းမနဲ့တုန်းက စီးပွားရေးမှာ ကိုယ်က ဦးမဆောင်နိုင်လို့ မိန်းမနိုင်စားတာ ခံရတယ်လို့လည်း စိတ်က စွဲနေတယ်။ ဒါနဲ့ပဲ ကားလေးတစ်စီးဝယ်။ စီးပွားရေးကို ယောက်ျားဖြစ်တဲ့ ကိုယ်ကပဲ ဦးဆောင် ရှာကျွေးနေရတာပေါ့။

အင်း… အခုတော့ နားပူတာအပြင် ကားမောင်းရလို့ ပင်ပန်းတာပဲ ပိုလာပါသဗျာ။ မိန်းမတွေက ဒီတိုင်းချည်းပါပဲ…။”

(တက္ကစီအုံနာ အငှားကားဆရာ ကိုသက်)
***    ***    ***

အဲဒါ ဟန်ဘာကာ ကြိုက်သူ ပညာရှိ ငါးဦးပြောသွားတဲ့ သူတို့ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဒဿနတွေပဲ။ မှားတာ၊ မှန်တာ တော့ ကျုပ်လည်း မသိဘူး။ သူတို့ ပြောတာတွေကို ကျုပ်ကတော့ သဘောကျလို့ မှတ်စုလေးနဲ့ ရေးမှတ်ထားတယ်။

အဲဒီနေ့က သူတို့လည်း ပြောပြီးရော ကျုပ်ကိုလည်း သူတို့က မေးပါတယ်။ ဘဝကို ဘယ်လို မြင်သလဲတဲ့။ ကျုပ်က တော သား။ မိဘများကလည်း လယ်အပိုင်မရှိလို့ သူများလယ်မှာ အခစား ဝင်လုပ်ရတဲ့ လယ်ကူလီ။ ကျုပ်ကိုယ်တိုင်ကလည်း ဆယ်တန်းလောက်ပဲ ရောက်ခဲ့တဲ့ ကော်ဖီဆိုင် စားပွဲထိုး။ သူတို့နဲ့ ယှဉ်ပြီး ကျုပ် ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ပြောရင်လည်း ဆင်းရဲတာတွေ၊ အဆင်မပြေတာတွေပဲ ကြားရမှာပေါ့။ ဒါ့ကြောင့် ကျုပ်က တိုတိုပဲ။ “သိပါဘူးဗျာ…”လို့ ပြန်ဖြေခဲ့တယ်။

ဟန်ဘာကာ ကြိုက်တဲ့ အဲဒီလူတွေက သူတို့ လုပ်မယ်ဆိုတဲ့ အလုပ်တစ်ခုကိုတော့ ဖြစ်အောင် လုပ်တတ်ပုံရတယ်။ တရားစခန်းပြီးသွားတော့ တစ်နေ့မှာ သူတို့ ငါးယောက်စလုံး ဆုံပြီး ကျုပ်တို့ဆိုင်ကို ဟန်ဘာကာ လာစားကြတယ်လေ။
***     ***     ***

တရားစခန်းပြီးကတည်းက မတွေ့တာ ကြာပြီဖြစ်တဲ့ သူတို့ ငါးယောက်ရဲ့ မျက်နှာကိုလည်း မြင်လိုက်ရော ကျုပ်လေ လွှတ်ကို ဝမ်းသာသွားမိတာ။ အချိန်အတော်ကြာ ကွဲကွာနေရတဲ့ ဆွေမျိုးတွေကို တွေ့လိုက်ရသလိုပဲ။ အဲဒီနေ့က ဧည့်ကြိုတာဝန်က ကျုပ်တာဝန် မဟုတ်တာတောင်မှ ဆိုင်ရှေ့မှာ ရပ်လိုက်တဲ့ သူတို့ ကားနားထိရောက်အောင်ကို သွား ကြိုမိတယ်။ အကို နေကောင်းလား။ ဦး နေကောင်းလားနဲ့ ပဋိသန္တာရစကားတွေလည်း ဆိုလားဆိုရဲ့။

ကျုပ်ကသာ ဝမ်းသာအဲလဲနဲ့ နုတ်ခွန်းဆက်သနေတာပါ။ သူတို့ကတော့ ကျုပ်ကို ဝတ်ကြေတန်းကြေ “အေး” “အေး”လို့ပဲ တစ်ယောက်တစ်ခွန်းဆီ ပြောသွားကြပါတယ်။ ဒါကိုက ကျုပ်ကို သူတို့က အမြင့်ဆုံးချီး မြှင့်တာ ထင်ပါရဲ့။ မျှော်လင့်သလို တုန့်ပြန်မှု မရလို့ ကြောင်ငေးနေတဲ့ ကျုပ်ကို မယကဥက္ကဋ္ဌဟောင်း ဦးပြည့်စုံကတော့ ကားသော့ ပြစ်ပေးရင်း စကားတစ်ခွန်း ပြောသွားပါသေးတယ်။

“မောင်သူရ ဦး ကားကို ဝန်းထဲသွင်းလိုက်စမ်းပါကွာ”တဲ့။
***     ***     ***

ကျုပ် နားလည်လိုက်ပါတယ်။ ဒါဟာ ယူနီဖောင်းတွေရဲ့ တန်ခိုးပဲလေ။ အရှိန်လို့ ခေတ်မှီအောင် ပြောရင်လည်း ရတာပေါ့။ သူတို့ ကျုပ်ကို တရင်းတနှီး ဆက်ဆံတုန်းက ကျုပ်က တရားရှာသူ ရောဂီကလေးပေါ့။ သူတို့ ကိုယ်တိုင်ကလည်း ရောဂီရောင် ယူနီဖောင်းနဲ့။ ကျုပ်နဲ့ တန်းတူ။ ဘာမှ မကွာဘူး။

အခု ကျုပ်က ပြာတာတာ စားပွဲထိုး ယူနီဖောင်းကို ဝတ်ထားပြီး၊ သူတို့ကလည်း ချက်တို့၊ ဟစိတို့ အကောင်းစားဘရမ်း ယူနီဖောင်းတွေနဲ့ ဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့။ အော်… လူတွေ… လူတွေ… ယူနီဖောင်းကို ကြည့်ပြီး ရင်ထဲက ခင်မင်မှုတွေ၊ မေတ္တာတရားတွေ၊ စိတ်သဘောထားတွေ ပြောင်းတတ်ကြပါ့လားလို့ပဲ တွေးမိလိုက်ပါတယ်။

ကျုပ်လည်း ဆိုင်ထဲရောက်တော့ သူတို့ လိုအပ်တာတွေ ချပေးရင်း ခတ်မဆိတ်ပဲ နေလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကို လေးစားရင်း စွဲကလည်း ရှိ။ သူတို့ ပြောတာတွေကို စိတ်ကလည်း ကြားချင်မိတော့ ခပ်လှမ်းလှမ်းကနေ သူတို့ ဘာတွေ ပြောမလဲ နားစွင့်နေမိတယ်။ ကျုပ်ရဲ့ အချစ်တော် ဟန်ဘာကာ ကြိုက်သူတွေဟာ သူတို့မှာထားတဲ့ ဟန်ဘာကာတွေကို စားရင်း၊ ဟန်ဘာကာ အကြောင်းကို ရေးကြီးခွင် ကျယ် လုပ်ပြီး ဆွေးနွေးကြပြန်ပါတယ်။

မင်းသား ။        ။(ပါးစပ်ပေါက်အကျယ်ကြီးထဲ ဟန်ဘာကာကို ပလုတ်ပလောင်းသွတ်ပြီး) တကယ်တော့       ဟန်ဘာကာဆိုတာ ဆလပ်ရွက်တို့၊ ခရမ်းချဉ်သီးတို့၊ ကြက်သွန်နီတို့ဆိုတဲ့ အသီး အရွက်တွေပါလို့ စားကောင်းတာဗျ။

လုပ်ငန်းရှင်သူဋ္ဌေး ။ ။(လက်ထဲက ဟန်ဘာကာကို ပါးစပ်ထဲ မသွင်းသေးပဲ၊ အသားပြားလေးရဲ့ နုတ်ခမ်းသားကို အသာ ပွတ်ရင်း) ဘယ်ဟုတ်မလဲ ကိုဇော်ရဲ့။ အီသားမပါရင် ကြားဟာသွားမှာပေါ့။ ဝှာ့ကတော့ ဟန်ဘာကာမှာ အီသားထည့် ထား တာကို သဘောအကျဆုံး။

တက္ကသိုလ် ကထိက ။ ။(ဟန်ဘာကာကို အနှစ်တွေ လျှံထွက်လာအောင် လက်နဲ့ ဖြစ်ညှစ်ကိုင်ရင်း) ဘာပြောပြော အနှစ်က အဓိကပါဗျာ။ ဟန်ဘာကာမှာ ချိစ်တို့၊ မရိုးနိစ် တို့ဆိုတဲ့ အနှစ်မပါရင် အရသာ ပေါ့သွားမှာပေါ့။

မယကဥက္ကဋ္ဌဟောင်း ။ ။( ပေါင်မုန့်သား နှစ်ခုကို အိစိအိစိနဲ့ နှိပ်ရင်းက) ဘယ်အရာ ဖြစ်ဖြစ် အထိမ်း အကွပ်ဆိုတာ လိုတယ် ကွ။ အထက်အောက် ညှပ်ထားတဲ့ ပေါင်မုန့်နှစ်ချပ်မပါရင် ဟန်ဘာကာရဲ့ အရသာ ဟာ ဘေးကို လျှံထွက်ပြီး ပျက်သွားမှာပဲ။

တက္ကစီအုံနာ ကားဆရာ ။ ။(ဟန်ဘာကာကို အချဉ်ရည် နဲနဲတို့၊ ငရုတ်ကောင်းအလောတော် ဖြူး၊ ဆားနဲနဲထည့်ပြီး) ကျွန် တော်ကတော့ ဟန်ဘာကာစားရင် ဒီလိုအပိုစာဒါးလေးတွေ ထည့်မှ ကောင်းတယ် ထင်မိတယ်။ ဆိုင်ကလည်း မလိုအပ်ပဲ တော့ ချပေးလိမ့်မယ် မထင်ဘူး။

အဲဒီလို ဟန်ဘာကာကြိုက်သူ ပညာရှိတွေ ပြောနေကြတဲ့ ဟန်ဘာကာအကြောင်း သိကောင်းစရာတွေကို နားထောင်ပြီး သဘောကျလို့ ကျုပ်ကတော့ ခပ်လှမ်းလှမ်းကနေ ကြိတ်ပြုံးမိတယ်။ သူတို့ ပြောတာတွေက ဟုတ်သယောင်နဲ့ မဟုတ်ဘူး။ သူတို့ ပြန်သွားကြတော့မှ သူတို့ စားသောက်သွားတဲ့ စားပွဲကိုရှင်းရင်း “အော်… ဒီလူတွေ ဟန်ဘာကာရဲ့ အရသာ အစစ် အမှန်ကို သိမသွားကြပါ့လား” လို့ ကျုပ် တစ်ယောက်တည်း တွေးမိတယ်။