ဆောင်းယွန်းလ - အဝေးက ရွာအတွက် အဝေးက ရွာပေးနေရတဲ့မိုး

ဆောင်းယွန်းလ - အဝေးက ရွာအတွက် အဝေးက ရွာပေးနေရတဲ့မိုး
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

အဝေးက ရွာမှာ
အေးရိပ်နဲ့ချွေးသိပ်ပေးတဲ့ သစ်ပင်တွေက
မတောင်းပဲပြည့်တဲ့ ဆုတွေနဲ့အတူတူ
တခြားသူ အိမ်ခေါင်မိုးမှာ အလံထူသွားခဲ့တာ
နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့တယ်…

အဝေးက ရွာမှာ
တောင်းတဲ့ဆုမပြည့် ပေးတဲ့ဆုမရတဲ့အခါ
ဒီနွေ တနွေဟာ
အရင်နွေတွေထက် အဆများစွာ ပိုပြီးပူလာတယ်…

ဖြစ်နိုင်ရင်
ငါ့အိမ်ရှေ့တံခါးကို ခေါက်နေတဲ့
၄၀ ဒီဂရီ ဖာရင်ဟိုက်ကျော် နွေဦးပေါက်
အဝေးကရွာဆီအထိ အရောက်ပို့ပေးချင်တယ်…..

အဝေးက ရွာမှာ
ဘိုးဖွားအမွေစစ် သဘာဝမြေဆီ မြေနှစ်တွေက
မပေးပဲရတဲ့ ဆုတွေနဲ့အတူတူ
တပါးသူ မြေကမ္ဘာထဲ တလိမ့်လိမ့်စိမ့်ဆင်းသွားခဲ့တာ
နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့တယ်…

အဝေးက ရွာမှာ
တောင်းတဲ့ဆုမပြည့် ပေးတဲ့ဆုမရတဲ့အခါ
တဟုန်းဟုန်းလောင်နေတဲ့ မီးတောက်တွေအတွက်
ရေကုန်ရင် ရေပြန်ခပ်နေရတဲ့ ဘ၀က
လူ့ဘ၀ တဘ၀လုံးထက် ကြာမြင့်ချိန်နှုန်း ပိုကြာတယ်….

ဖြစ်နိုင်ရင်
ငါ့ အိမ်ရှေ့လမ်းရဲ့ နေရာအနှံ့က
မီးသတ်ပိုက်ခေါင်း
အဝေးကရွာဆီအထိ အရောက်ပြောင်းပေးချင်တယ်…..

ဒီလိုနဲ့ ငါ့မှာ
အဝေးက ရွာအတွက်
ဒီလို အကြောင်းအရာသက်သက်တွေနဲ့
စကားထာဝှက်နေရတာကို မချိုခဲ့တော့သလို
ဒဏ်ရာတွေကို ကဗျာစပ်နေရတဲ့ အားလပ်ရက်တွေအတွက်
ငါ့ကိုယ်ငါပဲ ခါးသက်လာခဲ့ပါတယ်….

ဒီလိုနဲ့ ငါ့မှာ
အဝေးက ရွာအတွက် အဝေးက မိုးတွေရွာပေးနေခဲ့ရတဲ့
ဘ၀သက်သက်…။

ဆောင်းယွန်းလ (မတ်လ ၂၄၊ ၂၀၁၆)