ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သွင် - ၀ါတွင်း

အောင်သွင် - ၀ါတွင်း
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

အဝေးတစ်နေရာမှ လွင့်မျောလာသော သံစဉ်သဲ့သဲ့ကြောင့် အာရုံအသိ ဆတ်ကနဲနိုးလာသည်။ တိုးလျလွန်းသောဂီတသံသည် နားထဲတွင်မပီဝိုးတ၀ါး။ မကြားတချက်ကြားတချက်။ မျက်လုံးမဖွင့်နိုင်သော်လည်း ဘယ်ညာလွန့်လူးရင်း ခေါင်းအုန်းကို ပါးနှင့်ကပ်ကာ နားစွင့်ထားလိုက်သည်။ ပကတိ တိတ်ဆိတ်နေသောရှစ်ခွင်တွင် ဂီတသံတခုတည်းရှိနေခြင်းသည် ထူးကဲ သော သန္တရသကို ပေးစွမ်းလေသည်။ အောက်လင်းဓါတ်မီးရောင်အောက်တွင် ယိမ်းထိုးနေသော မှော်ဝင်နေသည့် ဂီတပျော် တစုကို မြင်ယောင်လာသည်။

“…လေးပါး...သူအို၊ သူနာ၊ သူသေ…မြင်ပြန်လေ…စွဲစိမ့်သံဝေ…လူ့တိုင်းရပ်မြေ…ကြာရှည်…”

တေးသွားသံ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော်လည်း ယသော်ဓယာကြိုးမှန်းသိသည်။ ဗုဒ၀င်ထဲမှ သိဒတ္ထမင်းသား ထီးနန်းစွန့်ခွာ တောထွက်ခန်းကို ဖွဲ့နွဲ့သီကျူးထားခြင်းဖြစ်သည်။ သူ အလွန်ကြိုက်သောသီချင်းဖြစ်သည်။ သံစဉ်၏ နောက်မှ လည်းကောင်း၊ ရှေ့မှကြို၍လည်းကောင်း စီးမျောရင်း နှစ်ခြိုက်စွာခံစားနေလိုက်သည်။ ၀ါတွင်းကာလဥပုသ်နေ့ဟူသော အသိက စိတ်ကို ညွှတ်နူးစေသည်။ ညက သဲသဲမဲမဲရွာထားသောမိုးကြောင့် မြေသင်းနံ့က သင်းပျံ့ပျံ့၊ ဂီတသံက ညှင်းညံ့ညံ့။ အရုဏ်ကျင်းတော့မည်။

ကုန်းဘောင်ခေတ်နှောင်းတွင် အမည်မည်းဖြင့် ထင်ရှားသော သူ၏ဇာတိမြို့ကလေးတွင် စည်တော်အဖွဲ့တစ်ဖွဲ့ရှိလေသည်။ ၀ါသနာပါရာ တူရိယာကို လေ့လာဆည်းပူးပြီး အချင်းချင်း သွန်သင်တည့်မတ်ကာ သီဆိုတီးမှုတ်ကြသော အပျော်တမ်း အဖွဲ့ကလေးဖြစ်သည်။ ရပ်ရေးရွာရေးအလှူအတန်းများတွင် သီဆိုတီးမှုတ်ကြသော်လည်း အဓိကမှာ ၀ါတွင်းသုံးလ ဆွမ်း တော်ကြီးခံ လှည့်လည်ရန်ဖြစ်သည်။ အဖိတ်နေ့ညနေတွင် ဆွမ်းတော်ကြီးခံလှည့်လည်ပြီး ဥပုသ်နေ့မနက်စောစောတွင်တော့ အရုဏ်ဆွမ်းခံလှည့်ကာ မြို့ကလေးရှိ စေတီပုထိုးများတွင် အလှည့်ကျ အရုဏ်ဆွမ်း ဆက်ကပ်ပူဇော်လေ့ရှိသည်။

ဟိုး…တချိန်တုန်းကတော့ မြို့ကလေးသည် စည်ပင်ဝပြောခဲ့ဟန်ရှိသည်။ ဘာသာ၊ သာသနာလည်း  အကြီးအကျယ် ထွန်း ကားခဲ့ပုံရသည်။ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များနှင့် သာသနိကအဆောက်အဦများမှ မြို့ကလေးနှင့် မလိုက်ဖက်အောင်ပင် များပြားစွာကျန်ရှိနေခဲ့သည်။ သူ့အိမ်နှင့်မလှမ်းမကမ်းရှိ ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်ထဲတွင် ရှေးဘုန်းတော်ကြီးကျောင်း၏ ကြွင်းကျန်ရစ်သော လှေကားအုတ်ခုံကြီးတခုရှိသည်။ ထုထည်ကြီးမားလှသည်။ သူငယ်စဉ်က တက်ဆော့ဖူးသဖြင့် အဖျားကော့အင်္ဂတေ ကနုတ်ပန်းအပြောက်အမွှန်းများပါသည်ကို သတိရသည်။ စစ်အတွင်းမီးခကာ ပျက်စီးခဲ့ရသည်ဟု  လူကြီးသူမများ ပြောပြကြသည်။ ဘုံပြသာဒ်အဆင့်ဆင့်၊ စုလစ်မွန်းချွန်များနှင့် ကြီးကျယ်ခန်းနားနေမည့် ရေနံဝနေသော ကျောင်းတော်ကြီးကို မြင်ယောင်မိသည်။ ယခုတော့ လှေကားအုတ်ခုံပင် မရှိတော့ပြီ။

မြို့အုပ်မင်းရုံးစိုက်ရာမြို့ကလေးဖြစ်သဖြင့် အစိုးရဋ္ဌာနများဖြစ်သော ဂါတ်တဲ၊ နှစ်ထပ်အချုပ်ထောင်၊ ငွေတိုက်၊ ဗိုလ်တဲ၊ စာတိုက်တို့သည် ရှေးကတည်ရှိခဲ့သော်လည်း ယခုတော့ အခေါ်အဝေါ်အဖြစ်သာ ကျန်ရှိတော့ပြီး ပါးစပ်ရာဇ၀င်ဖြစ်ခဲ့လေပြီ။ မြန်မာနိုင်ငံတွင် အကြီးဆုံးဟုဆိုသော ဖဆပလခေတ်က ၀ါကြိတ်စက်ကြီးသည်လည်း ယခုတော့ ဖောင်ဒေးရှင်းကျင်တွယ်နှင့် အုတ်ကန်အပျက်များသာ နဘူးခြုံနှင့်မြက်ရိုင်းပင်များကြားတွင် ထိုးထိုးထောင်ထောင်ကျန်ရစ်တော့သည်။ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် စက်ရုံမှဆွဲသော အလုပ်ဆင်း၊ အလုပ်တက် ဥသြသံကို သူငယ်စဉ်က ကြားခဲ့ရဖူးသည်။ ဥသြသံကို  ပဟိုရ်ပြု၍ ပြောဆိုလေ့ရှိသော ရပ်ရွာဓလေ့ကိုလည်း သတိရသည်။ မြန်မာဆန်ဆန် ယဉ်ကျေးမှုပြယုဂ်အဖြစ် မြို့ကလေး၏ အရှေ့တောင်အစွန်းရှိ လေသာကျောင်းအနီးတွင် ဗလီငယ်ကလေးတခုသည် ရှေးအတီတေ နှဆယ်ရာစုဆန်းစ ကတည်း ကပင် ရှိနှင့်နေခဲ့လေသည်။ မြို့ကလေး၏ မြောက်ဖက်နှင့် အနောက်ဖက်တို့မှ မြို့တခြမ်းခန့် ရစ်ခွေဝန်းရံထားသော ကြာ ပန်းများနှင့် တင့်တယ်ခဲ့သည့် ရေကန်ကြီးသည်လည်း ယခုတော့ တိမ်ကောနေလေပြီ။ အစဉ်အလာကြီးမားခဲ့သော ပွဲတော် ဓလေ့ထုံးစံများလည်း ကွယ်ပျောက်လုတည်းတည်း။ စေတီပုထိုးများလည်း ရွှေရောင်မ၀င်း၊ ထုံးဖြူမဖွေးတော့။ တောဈေးမြို့ ကလေးအဖြစ်သာ မှုန်ဝါးခဲ့ရလေသည်။

“ ….ယသော်မေခင်…ရွှေစင်အိရယ်…ကြာရင်သိမယ်…ရိပ်မိမယ်…”

ဂီတသံသည် တိုးလျရာမှ အနည်းငယ်ပီသလာသည်။ သံပတ္တလားနှင့် မောင်းဆိုင်းသံကြားမှ စည်းချက်ညီညီ၊ ဒိုးချက်သည် နားဝင်ပီယံဖြစ်လှသည်။ စည်တော်နှင့် မောင်းကြီးကိုတွဲလျှက် ၀ါးပေါ်နင်းဂျလိုက်သော တွဲဘက်အသံသည် ကျက်သရေရှိလှစွာမြည်းဟည်းသွားခဲ့သည်။ အဆိုပိုဒ်ဆုံးလျှင်တော့ စည်းပေါ်နင်းဂျတီးသော ယကွင်းသံသည် မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်လာပြန်သည်။ သီချင်းစာသားထဲမှ ကြာရင်သိမယ်၊ ရိပ်မိမယ် ဟူသော အရပ်သုံးစကားသည်လည်း နားထဲတွင် အမျိုးဆန်းကာ သီချင်းကြီး၊ သီချင်းခန့်များကို စိတ်ဝင်စားအောင် ဆွဲဆောင်နေပြန်သည်။

စည်တော်အဖွဲ့ကို ပတ္တလားဦးသန်းမောင်နှင့် ဒိုးကိုမူတူးတို့မှ ဦးဆောင်သည်။ နှဲကိုစိန်မောင်သည်လည်း ဦးဆောင်သူထဲ တွင်ပါသည်။ ဆွမ်းတော်ကြီးခံကို ရပ်ရေး၊ ရွာရေး၊ ကုသိုလ်ရေးစိတ်ပါဝင်စားသူများက ကိုယ့်အသိစိတ်ဖြင့်ကိုယ် ပါဝင်ကြ ခြင်းဖြစ်သည်။

ကြေးစည်မှအစ ဘောဇဉ်၊ဆန်တောင်းအလည် တူရိယာပစ္စည်းများအဆုံး ဆိုင်းထမ်းဖြင့် ထမ်းကြရသည်။ သံပတ္တလားနှင့် မောင်းဆိုင်းကို တဖက်တချက်စီခွပြီးဆိုင်းထမ်းလုပ်ထားသည်။ ရှေ့နှင့်နောက်လူနှစ်ယောက်ကထမ်းပြီး တီးသူများက တီးခတ်ရင်း ဘေးတိုက်လိုက်ကြရသည်။ မောင်းဆိုင်းသမားကိုတော့ နီးစပ်ရာက ငှားကြရသည်။ နောင်တွင် သူ့သူငယ်ချင်း ကျော်သန်းက နှဲဆရာဖြစ်လာသည်။ ညနေပိုင်းများတွင်တော့ ပျော်ပျော်ရွှင်ရွှင်သီဆိုတီးမှုတ်လှည့်လည်ကြရင်း အရက်ပုန်း ရောင်းသည့်အိမ်ကလေးများ အနီးအနားရောက်လျှင် တဦးစ၊ နှဦးစ အလျှိုလျှို ပျောက်သွားတတ်ကြသည်။ တီးလက်စ တူ ရိယာကို နီးရာလူက စည်းဝါးမပြတ် ဆက်တီးပေးထားရသည်။ ခဏနေတော့ ပြန်ရောက်လာပြီး အိနြေ္ဒမပျက်သီဆိုတီးမှုတ်မြဲ။ စည်တော်၊ မောင်းကြီးနှင့် ၀ါးလက်ခုပ်တို့က သိပ်မခက်သဖြင့် လူတိုင်းလိုလို တီးနိုင်ကြသည်။ ယကွင်းကတော့ စည်းနရီ အတွင်း တီးရသည့်အပြင် အဖိ၊ အဖော့နှင့် မေးလွှဲပြီး အဖျားခက်သံပါအောင် တီးရသည်များလည်းရှိသဖြင့် အနည်းငယ် ခက်သည်။ သို့ရာတွင် သူ အပါအ၀င် တီးတတ်သူသုံးဦးရှိသည်။

“…ခန်းဆောင်လယ်…ခန်းဆောင်လယ်…ထွက်တော်မူနန်းကခွာတယ်…မောင်ဖုန်းပျောက်တယ်…ဆောင်အုန်းဗွေမြင့်လယ် …”

ရွေ့လျားဂီတသည် တဖြေးဖြေးဝေးရာမှ နီးလာခဲ့ပြီ။ တူရိယာတခုချင်းစီ၏အသံကို ခွဲခြားနားဆင်လာနိုင်ပြီ။ သံပတ္တလား အသံသည် တေးသွားအလိုက်တိုင်း ဝေစည်လျှက်ရှိ၏။ ပတ္တလားတီးသော ဦးသန်းမောင်သည် စစ်မှုထမ်းဟောင်းဖြစ်ပြီး စက်ချုပ်၍ အသက်မွေးဝမ်းကျောင်းသည်။ သားထောက်သမီးခံများရှိသော်လည်း အဖိုးကြီးအမယ်ကြီးသာ ရုန်းကန် နေကြသည်ကို တွေ့ရသည်။ ၀ဖိုင့်ဖိုင့် နဖူးပြောင်ပြောင်နှင့် အမြဲတမ်း လက်တုန်နေတတ်ပြီး အရက်စွဲနေသူအဖြစ် စတင် သိကျွမ်းခဲ့ရသည်။ စိတ်သဘောထားကောင်းမွန်ပြီး အေးဆေးစွာနေထိုင်တတ်သူဖြစ်သည်။ အသက်ကြီးဆုံးသူအဖြစ် သူ့ အား တဖွဲ့လုံးက ရိုသေဂါရ၀ထားကြသည်။

ဒိုးသမားကိုမူတူးကတော့ ပါရမီရှင်ဖြစ်သည်။ ခြောက်လုံးပတ်ကိုလည်း ပိုင်နိုင်စွာ တီးနိုင်သည်။ မည်သို့မည်ပုံ ဆည်းပူးခဲ့ သည်ကိုတော့ သူ မသိပါ။ သူ လူမှန်းသိတတ်သောအရွယ်တွင် ကိုမူတူးသည် ပရော်ဖက်ရှင်နယ်ဖြစ်နေပြီ။ အသားညိုညို၊ အရပ်မနိမ့်မမြင့်၊ ဆံပင်ဖြောင့်ဖြောင့်၊ မေးသွယ်သွယ်နှင့် ပါးတွင် အမာရွတ် ခပ်ကြီးကြီးတခုရှိ၏။ အရပ်ပြဇာတ်တခုတွင် မင်းကုသ လုပ်ရသည်ကို သတိရသည်။ သူ့ထက်ကြီးသူများက စိန်မူတူးဟု ခေါ်ကြသည်။ အရက်သောက်လေ့သောက်ထရှိပြီး တွံတေးသိန်းတန်၏ အဆိုနှင့်အပြောကို ပိုင်ပိုင်နိုင်နိုင် ဆိုတတ်၊ပြောတတ်သည်။ အချိန်ပြည့် ဟာသများနှင့် နေလေ့ရှိပြီး သူ၏ဟာသများမှာ လွန်စွာပြောင်မြောက်သည်။

“နာမည်က မူတူး၊ ယောက္ခမက ကုလားမ၊ ယောက္ဖက ချစ်တီး” ဟူသည်မှာ ကိုမူတူး၏ ပြောင်မြောက်သော ဘ၀ထဲက ဟာသဖြစ်သည်။ ဒါကိုပင် မော်ဒန်ကဗျာရွတ်သလို မကြာမကြာရွတ်နေလေ့ရှိသည်။ တခါတုန်းက ဒိုးသံဖြင့်ဆဲပြသည်ကို သတိရသည်။ စိတ်တိုစိတ်ဆိုးခဲသော်လည်း သီဆိုတီးမှုတ်ရင်း စည်းကျိုးဝါးကျိုးဖြစ်လျှင် သည်းမခံတတ်ပါ။ မိတဆိုး သမီးကလေးနှင့် ရုန်းကန်နေရသူဖြစ်သော်လည်း အလုပ်အကိုင် မည်မည်ရရမရှိပါ။ တခါတုန်းကတော့ ကွမ်းယာရောင်းနေ တာတွေ့ရဖူးသည်။ ကိုမူတူးသည် ဒိုးတီးရင်း ဂီတအပေါ်တွင် နက်နက်နဲနဲစီးမျောခံစားသူဖြစ်သည်။ တီးရင်းမှုတ်ရင်း တူရိ ယာတခုခု လွဲချော်လျှင် အလျင်ဆုံးသိသူမှာ သူပင်ဖြစ်သည်။ သီချင်းဆုံးလျှင်ဆုံးခြင်း သွန်သင် တည့်မတ်တတ်၏။

“…သန်းခေါင်လယ်…သန်းခေါင်လယ်…ထွက်တော်မူ နန်းကခွာတယ်…မောင်ဖုန်းပျောက်တယ်…ဆောင်အုန်းဗွေမြင့် လယ် …”

ဂီတသံသည် တဖြေးဖြေးနီးနီးလာရာမှ အကျယ်လောင်ဆုံး မြည်ဟည်းလာခဲ့သည်။ လူသံသူသံတွေလည်း ကြားလာရသည်။ သူ့အိမ်ခေါင်းရင်းတည့်တည့်သို့ ရောက်လာခဲ့ပြီ။ နောက်တော့ မြို့ကလေး၏ မြောက်ဖက်စွန်းဆီသို့ တရွေ့ရွေ့ ဝေးဝေး သွားပေဦးတော့မည်။ ဂီတသည် ဘယ်အရွယ်ကတည်းက သူ၏ခန္ဒာကိုယ်တွင် ပူးဝင်ကပ်ငြိခဲ့သည်မသိ၊ ဂီတသံကြား ရရုံဖြင့် မတင်းတိမ်မရောင့်ရဲနိုင်၊ ဂီတသံကိုဖန်တီးချင်သည့် စိတ်ဆန္ဒသည် သူ၏စိတ်အစဉ်ကို လှုံ့ဆွလျှက်ရှိနေခဲ့သည်။ သူသည် ဒိုးသံကို အလွန်ကြိုက်သည်။ တချိန်က ဒိုးတီးသင်ခဲ့ဖူးသည်။ သားရေမျက်နှာပြင်ဘေးပတ်လည်ရှိ ပန်းကုံးနှင့် လက်ဖ၀ါး ရိုက်မိသည့်ဒဏ်ကိုမခံနိုင်၊ စည်းချက်ဝါးချက်မလွတ်ရန် အံကြိတ်ကာတီးသောလည်း ကြာသော် နာကျင်လွန်း သဖြင့် အသံထွက်အောင် မရိုက်နိုင်တော့၊ တဘတ်ဘတ်နှင့် ဒိုးသံထွက်မလာတော့ပေ။ လက်ဖ၀ါးများ နီရဲနာကျင်နေခဲ့သည်။ သို့နှင့် ယကွင်းဘက်သို့ လှည့်ခဲ့ရသည်။

“…ဂျီ…ဒရယ်…ပျော်ဖွယ်ဖိုမ…မြူး…ကြတဲ့…စုံ…တော…မြိုင်….”

ဂီတသံသည် မြို့ကလေး၏ အရှေ့မြောက်စွန်းသို့ရောက်သွားပုံရသည်။ Volume ခလုတ်ကို ငြင်သာစွာလျော့ချလိုက်သလို တဖြေးဖြေးတိုးတိမ်သွားကာ“ပတပ်…ပုံ…ပုံ…ပုံ…”ဟူသော ဒိုးသံသာ နားထဲစွဲကျန်ခဲ့လေသည်။ ပြီးလျှင်တော့ သူ့အိမ် မြောက်ဖက် မလှမ်းမကမ်းမှဖြတ်ကာ မြို့ကလေး၏အနောက် ရေကန်ကြီးမှ ချိုးကွေ့ကာ တောင်ဖက်ဆီသို့ သွားပေဦးတော့ မည်။ သီချင်းလည်း ပြောင်းသွားခဲ့ပြီ။ အသံကိုခန့်မှန်းကာ ကိုလှမြင့်ပဲ ဖြစ်မည်ဟု ကောက်ချက်ချမိသည်။ သီချင်းကလည်း သူ၏ Favourite စုံတောမြိုင်”။

အဆိုသမား ပင်တိုင်သုံးယောက်ရှိသည်။ ကိုလှမြင့်၊ ကိုတက်တိုးနှင့် နှဲ ကိုစိန်မောင်တို့ ဖြစ်သည်။ ဆိုတတ်ပါက မည်သူမဆို ၀င်ဆိုနိုင်သည့်အပြင် စည်းဝါးတကျ ဆိုတတ်သူကိုပင် အားလုံးက မျှော်လင့်နေကြသည်။ ကိုလှမြင့်သည် အသံကောင်း၊ အဆိုကောင်းဖြစ်သည်။ အနေတော်အရပ်အမောင်းနှင့် ဗိုက်ရွှဲရွှဲ၊ ၀ဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းပြီး သပ်သပ်ရပ်ရပ် နေတတ်သည်။ သီချင်းဆိုရင်း စည်တော်အဖွဲ့နောက်က တလှိမ့်လှိမ့်လိုက်နေသည်ကို မြင်ယောင်မိသည်။ သူနှင့်လည်း ဆွေရိပ်မျိုးရိပ်မကင်း ပေ။ ၀န်ထမ်းဖြစ်သဖြင့် အမြဲတမ်းမလိုက်နိုင်။

ကိုတက်တိုးကို သူက “ဘိုတက်”ဟု ခေါ်လေ့ရှိသည်။ အောင်မြင်သော အသံဝါကြီးနှင့် စည်းဝါးကျအောင်ဆိုတတ်သဖြင့် အဆိုကောင်းဟု ဆိုရမည်ပင်။ အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း၊ တိုသောဆံပင်သည် အုန်းဆီအရွှဲသားဖြင့် ပိပြား ပြီး ခေါင်းတွင်ကပ်နေတတ်သည်။ မိုက်မပါဘဲ ဆိုလို့ရအောင် အသံအောင်၏။ အသံမြိုင်ပြီး ၀ါးလတ်၊ ၀ါးပြေးတို့နှင့် တီးသော သီချင်းများ သူနှင့်လိုက်ဖက်၏။ ကြုံရာကျဘမ်းအလုပ်သမားဖြစ်ပြီး ဆွမ်းတော်ကြီးခံအမြဲတမ်းလိုက်နိုင်သူဖြစ်သည်။ တင် အောင်နီ ရေးဆွဲလေ့ရှိသော လူကြမ်းပုံများသည် “ဘိုတက်”ကို ကြည့်ဆွဲသလား ထင်ရ၏။

“…တယောက်တည်း…အသည်းထိတ်စရာ…ဒီ…မြိုင်စမ်း…ရေအိုင်…ဘယ်ဆီ…မျှော်…မှန်း…”

နှဲသံသည် တေးသွားအလိုက်တိုင်း ပေါ်လာသည်။ နှဲသမားကျော်သန်းသည် သူနှင့်ကျောင်းနေဖက်ဖြစ်သည်။ ငယ်စဉ်က နွေကျောင်းပိတ်ရက်များတွင်သူသည် မိဘများအစီအမံဖြင့် အစ်ကိုကြီးနှင့်အတူ ငယ်ဆရာဘုန်းတော်ကြီးကျောင်းတွင် နေရသည်။ ထိုစဉ်ကတည်းက ကျော်သန်းနှင့်အတူ ဘုန်းကြီးကျောင်းသား။ အတန်းကျောင်းရောက်တော့လည်း တတန်း တည်း။ ဘာကြောင့်မှန်းမသိ အလယ်တန်းကျောင်းသားဘ၀တွင် ကျောင်းပရ၀ဏ်ပြင်ပသို့ရောက်ရှိသွားခဲ့သည်။ နောက် တော့ စောစီးစွာ အိမ်ထောင်ကျသွားခဲ့သည်။ ဘ၀ကိုဖြတ်သန်းနေချိန်တွင် တွေ့ဆုံချိန်နည်းပါးပြီး အနေစိမ်းသွားခဲ့သည်။ အိမ်ထောင်ရေးမသာယာကြောင်းနှင့် အရက်အလွန်အကျွံသောက်ကြောင်းလောက်သာ တဆင့်စကား ကြားရတော့သည်။ ကျော်သန်း သည် ထောင်ထောင်မောင်းမောင်းနှင့် ကြည့်ကောင်းသော ဥပဓိရှိသည်။ ငယ်စဉ်ကတော့ သပ်သပ်ရပ်ရပ် ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိသည်။ သူ့ဦးလေးမိန်းမ၏ တူတော်စပ်၏။

“…နန္ဒာ…နန္ဒာ…ရေ၀န်းရံခ…ပတ်လည်ကာ…ရွှေမန်း…တောင်…တော်…သာ…”

ဂီတသံက မြို့ကလေး၏ အနောက်ဘက်ဆီသို့ ရောက်သွားခဲ့ပြီ။ သီချင်းကလည်း မန်းတောင်လင်္ကျာ ဖြစ်သွားပြီ။ သီချင်း ကိုခံစားရင်း သစ်ပင်အုပ်အုပ်၊ ထန်းပင်ကလေးများနောက်ခံနှင့် ပစ္စင်၊ ပြအိုး၊ မြိုးရိုးနီကျင်ကျင်နှင့်အပြိုင် စိမ်းဖန့်ဖန့် ကျုံးရေပြင်၊ မန္တလေးတောင်တို့ကို မြင်ယောင်လာသည်။ အသံကတော့ နှဲကိုစိန်မောင်၏ အသံ။ ကိုစိန်မောင်သည် နှဲ၊ ဒိုး၊ ယကွင်းစသည်ဖြင့် သုံးမျိုးခန့်တီးမှုတ်နိုင်သည်။ လူလိုသောနေရာတွင် ၀င်တီးသည်။ သီချင်းလည်း ဆိုလိုက်သေးသည်။ အသံသိပ်မကောင်းသော်လည်း စည်းဝါးနားလည်သဖြင့် နားထောင်ကောင်းအောင် ဆိုနိုင်သည်။ အရက်သောက် လေ့သောက်ထရှိပြီး ကိုမူတူးနှင့်တွဲဖက်ဖြစ်သည်။ သူ့ဦးလေးတစ်ဦး၏ သူငယ်ချင်းဖြစ်ပြီး အလုပ်အကိုင် မည်မည်ရရမရှိ။

ဂီတသမားများသည် သူတို့၏ ၀ါသနာထဲတွင်စီးမျောရင်း လောကကို အလှဆင်သူများ (သို့မဟုတ်) တစုံတရာကို ပေးဆပ် နေသူများအဖြစ် ခံစားရပါသည်။ လိုနေတဲ့ကွက်လပ်ကို ဖြည့်ပေးနေသူများအဖြစ်လည်း ခံစားရပါသည်။ သူတို့တွင် စားဝတ် နေရေး ဘ၀အမောတွေနှင့် အတူ ညှိုးငယ်မှုန်မှိုင်းနေသော မျက်ဝန်းများလည်းရှိတတ်ပါသည်။ အချိန်အခါကို ကြည့်ပြီး ဂီတကို ရွေးချယ်တတ်သူတွေလည်း ဖြစ်ပါသည်။ ဒါနရှင်းတမ်း၊ နန်းဘုံသီဟာဘွေတို့ကို ၀ါးလတ်၊ ၀ါးပြေးနှင့် တီးရသော သီချင်းများကို ညနေစောင်း မှောင်ရီဖြိုးဖြ (အရှိန်လေးလည်းရနေ) အချိန်တွေမှာ မြိုင်မြိုင်ဆိုင်ဆိုင်ပျော်ရွှင်စွာ သီဆိုတီးမှုတ် တတ်ကြသလို နံနက်စောစော အရုဏ်ဆွမ်းခံချိန်မှာတော့ စည်းသုံးချက်နှင့်တီးရသော ယသော်ဓယာကြိုး၊ စုံတောမြိုင်၊ မန်းတောင်လင်္ကျာတို့ကို ခန့်ခန့်ညားညား သီဆိုတီးမှုတ်တတ်ကြသည်။ ဒီလိုရွေးချယ်တတ်မှုကြောင့် အချိန်အခါနှင့် ဆီ လျော်တဲ့ သာယာမှုဟာ ဖြစ်တည်ခဲ့ရပါသည်။

“ …အို…..မဝေးဘူး…ရောက်လုပါပြီ…”

မန်းတောင်လင်္ကျာ အချပိုဒ်ကို တီးနေချေပြီ။ အသံကိုမှန်းဆခြင်းအားဖြင့် မြို့ကလေး၏တောင်ဘက်ဖျား တွဲဖက်အထက် တန်းကျောင်းအနီးရှိ သိမ်ညံဘုရားတွင် အရုဏ်ဆွမ်းဆက်ကပ်လိမ့်မည်ဟု ယူဆရသည်။ အရုဏ်ကျင်းပြီ။ ရောင်နီသန်း လာပြီ။ ငှက်ကလေးတွေလည်း ကျီကျီကျာကျာ နိုးထသံကြားရပြီ။ စည်းနှင့်ဝါး ထိန်းကွပ်မှုအောက်တွင် ပူးပေါင်းလိုစိတ် ကိုယ်စီဖြင့် အားထုတ်မှုကြောင့် ဖြစ်တည်လာသော ဂီတသည် အမတဖြစ်ခဲ့ပြီ။ ကျေနပ်ကြည်နှူးမှုနှင့်အတူ နံနက်ခင်းသည် ပြည့်စုံမှုအတိပြီးခဲ့ပြီ။ သဘာဝကပေးသော လက်ဆောင်မဟုတ်။ ကံကြမ္မာ၊ အကြောင်းတရားနှင့် ခံယူတတ်မှုတို့၏ ဆုံစည်းမှုအခိုက်အတန့်တွင် ရရှိသော ချမ်းသာသုခဖြစ်သည်။ ရှေးဘ၀အဆက်ဆက် ကုသိုလ်ကောင်းမှု အထုံပါရမီကြောင့် (ပုဂံခေတ် ကျောက်စာတချက်ထဲကလို) ဂီတဖြင့် နိုးထသောသူ အဖြစ်ကို ဖြစ်ခွင့်ရခဲ့ပြီ။ ဥပုသ်နေ့ကို သာယာချမ်းမြေ့စွာ ဖြတ်သန်းရတော့မည်။ ကျေးဇူးတရားကြီးမားလေစွ။ အညတြ အနုပညာရှင်များကို အထူးလေးစား ဦးညွှတ်မိပါသည်။ ပြီးတော့ ဒီလိုနံနက်ခင်းပေါင်းများစွာ ….

အောင်သွင်
၂၉၊ နိုဝင်ဘာ၊၂၀၁၅