ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ



ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ

မောင်စွမ်းရည် (အောက်တိုဘာ ၂၇၊ ၂၀၀၉) (မိုးမခပြန်လည်ဆန်းသစ်)


စာရေးဆရာ မောင်သာရရဲ့ အသက်ဟာ ၇၈ နှစ် ပြည့်မြောက်လို့ ၇၉ ထဲ ရောက်ခဲ့ပါပြီ။ ၈၀ တန်းပေါ့။ ဗမာလူမျိုး တယောက်အနေနဲ့ အသက် ၈၀ တန်းအထိ နေရတယ် ဆိုတာ တော်တော့ကို ကုသိုလ်ထူးလို့ပါ။ ဒီကြားထဲကကိုပဲ ကဗျာဆရာကြီးမင်းသုဝဏ်၊ ၀တ္ထုရေးဆရာကြီး မောင်ထင်နဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာတို့ဟာ အသက် ၉၀ ကျော် ၁၀၀ နီးနီး နေသွားကြရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ကြပါတယ်။

ကျနော်တို့ ကိုကြီးသာရကတော့ မနှစ်က တော်တော်ချူချာတယ်။ နှလုံးလည်း ခွဲစိတ်ကုသ ခဲ့ရတယ်။ ကြေးမုံဦးသောင်းလည်း နှလုံးခွဲစိတ်ကုလသရသလို သူလည်း ခွဲရတာ ဆိုတော့ ဒီတောင်ကို ကျော်မှ ကျော်ပါ့မလားလို့ စိတ်ထင့်ခဲ့ရပါတယ်။ ခုတော့ နှလုံးကလည်း ကျန်းမာသွားပြီ လို့ ဆိုရမယ့်အပြင် တခြား ရှိတတ်သမျှ ရောဂါပေါင်းစုံကိုလည်း “ဘာ စကိုပီ”၊ “ညာ စကိုပီ” လုပ်ကြည့်ပြီး ရင်အနာလည်း မရှိရုံမက ကင်ဆာလည်း မရှိဘူး ဆိုတော့ ဆက်လက်ပြီး အသက် ၁၀၀ တန်းအထိ နေရမှာ ဖြစ်ပါတယ်။ အနေအထိုင် ဆင်ခြင်ရင်ပေါ့လေ။

ကိုကြီးသာရ ဆေးပြင်းလိပ်ကြီးခဲနေတဲ့ပုံဟာ အရင်က သူ့ရဲ့သင်္ကေတပါပဲ။ အမေရိကားကို ထွက်မလာခင်ကပဲ ဆေးလိပ်ဖြတ်ထားခဲ့ပါပြီ။ အရက်သေစာလည်း မသောက် မစားဆိုတော့ မှောက်မှားစရာ မရှိတော့ပါဘူး။ အဲ … သူ့နှုတ်ကတော့ ချစ်စရာကောင်းအောင် မပြောတတ်ရှာပါဘူး။ ဘယ်လိုလုပ်ပြီး အချောဆုံး ရွှေမန်းသူတဦးနဲ့ အချောဆုံး ရွှေကုန်သူတဦးကို ပြောဆို ဆွဲဆောင်ခဲ့သလဲ ဆိုတာကတော့ စဉ်းစားကြည့်စရာပါပဲ။ စာနဲ့ ရေးပြီး သွေးဆောင်ခဲ့သလား ဆိုတာ မမေးမကြည့်မိလို့ မသိရသေးပါဘူး။ ဒါလဲ ဖြစ်တော့ မဖြစ်နိုင်ဘူး။ “ငါက ပိုက်ဆံမရရင် စာ မရေးဘူး” လို့ ပြောဖူးတာကိုး။ “အချောဆုံးတွေ” ဆိုတာကလည်း သူကပဲ ပြောတာ ထင်ပါရဲ့။

နှုတ်က ချစ်အောင် မပြောတတ်ဖူး ဆိုပေမယ့် အသက်အန္တရာယ် ဖြစ်လောက်အောင်တော့ နှုတ်ဗွေ မဆိုးရှာပါဘူး။ ဒါပေမယ့် တခါတုန်းက ၁၉၅၃ ကတော့ အစိုးရ မကြိုက်အောင် ပြောခဲ့ ဆိုခဲ့ဖူးလို့ အဖမ်းဆီးခံခဲ့ရဖူးပါတယ်။ ကျနော်တို့ရဲ့ “ဒေါက်တာနိုး” ခေါ် မောင်သာနိုးလည်း ကိုကြီးသာရနဲ့ အတူ အဖမ်းခံခဲ့ကြရပါတယ်။ လူကြီးထဲက လူထုဦးလှလည်း မောင်သာနိုးနဲ့ မောင်သာရတို့ကို မြှောက်စားလို့ တဲ့၊ အဖမ်းခံခဲ့ရရှာပါတယ်။ မောင်သာနိုးကတော့ သူတို့ဆန္ဒပြကြတဲ့ အောက်တိုဘာ ကျောင်းတလပိတ်ရေး ကိစ္စမှာ ဦးလေးလှ လုံးဝမပတ်သက်ခဲ့ရှာပါဘူးဗျာ လို့ ကျနော်တို့ကို ပြောပြခဲ့ဖူးပါတယ်။ စာနဲ့လည်း ရေးခဲ့ဖူးပါပြီ။

ကိုကြီးသာရ ထောင်ကျတုန်းက “မောင်သာရ” ဘွဲ့ မခံရသေးပါဘူး။ ထောင်သက် ၃ နှစ် ကြာလို့ ထောင်က လွတ်မှ ကျောင်းကို ပြန်မတက်တော့ဘဲ စာပေလောကထဲ ၀င်သွားခဲ့ပါတော့တယ်။ မောင်သာနိုးကတော့ ထောင်ကလွတ်တာနဲ့ မန်းတက္ကသိုလ်ကို ပြန်တက်ခဲ့ပါတယ်။ ၁၉၅၇ ပေါ့။ သူပဲ ကံဆိုးချင်လို့လား၊ ကျနော်တို့ပဲ ကံဆိုးချင်လို့လား မသိ။ ကျနော်တို့ တက္ကသိုလ်ရောက်တာနဲ့ သွားဆုံကြပါတယ်။ ဒါကြောင့် မောင်သာနိုးကတော့ ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။

၂၀၀၉ အောက်တိုဘာ ၂၃ မှာ ကိုကြီးသာရ ၇၈ နှစ်ပြည့်လို့ ၇၉ နှစ်ထဲ ၀င်မယ်။ ဒါကြောင့် သူတို့က ကျနော်တို့ထက် အသက် ၅ - ၆ နှစ် လောက် ကြီးကြပါတယ်။ ၁၉၅၆ မှာ တက္ကသိုလ်ရောက်ကြတဲ့ ကျနော်တို့ တစုက တနှစ်တည်း (၁၉၇၃) မွေးဖွားသူတွေ ဖြစ်ကြသလို သူတို့ကလည်း တနှစ်တည်း မွေးကြဟန် ရှိပါတယ်။

ကျနော်တို့ စာပေလောကထဲ ခြေချမိတဲ့ကာလလောက်ကျတော့ “မောင်သာရ” ဆိုတဲ့ ရွှေမန်းသားစစ်စစ် စာရေးဆရာဟာ ရန်ကုန်က ပြန်လာခဲ့ပါတယ်။ မောင်သာရက သူဟာ ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးတဲ့ မန္တလေးသား စစ်စစ် ပါတဲ့။ မောင်မိုးသူက သူဟာ နာရီစင်ကြီးကို ဖက်မွေးတဲ့ မန္တလေးသား စစ်စစ် ပါ တဲ့။ နောက် နှစ်ယောက်စလုံး မန္တလေးကို ကျောခိုင်းခဲ့ကြပါတယ်။ ကျနော်တို့ အုပ်စုထဲက မောင်မိုးသူနဲ့ တင်မိုးက စာအုပ်ထုတ်ဝေရေးတွေ လုပ်ပါတယ်။ “မိုးဦးပန်း” နဲ့ “ဖန်မီးအိမ်” တဲ့။ မိုးဦးပန်းစာပေတိုက်က စတင်တုန်းက မောင်သာရနဲ့ မောင်မိုးသူတို့ စခဲ့ကြပါတယ်။ ဗမာလူမျိုးပီပီ နှစ်ဦးတွဲရင် ကွဲကြမြဲ ထုံးစံအတိုင်း “မည်သို့ဖြစ်ကြသည် မသိ” သူတို့နှစ်ဦးလည်း ကွဲသွားကြပါတယ်။ အဲသလို သူတို့နှစ်ဦး ကွဲကြမှပဲ “မောင်သာရ” ဆိုသူကို စတင်တွေ့ရဖူးပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းတော်ထွက် စာရေးဆရာကြီးအဖြစ်နဲ့ လေးစားခင်တွယ် ခဲ့ရပါတယ်။ “ကျဉ်တုတ်ခံဝံ့ မခံဝံ့” ဆိုတဲ့ ကျောင်းသားအရေးတော်ပုံ (၁၉၅၃) ကို ထင်ဟပ်တဲ့ဝတ္ထုတိုရေးသူ ကျောင်းသားခေါင်းဆောင် သူရဲကောင်းအဖြစ်နဲ့လည်း အထင်တကြီး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူက ကျောင်းသားဘ၀ကို စွန့်ခွာသွာခဲ့ပါပြီ။ မန္တလေးမှာ စာပေထုတ်ဝေရေးလုပ်တာ မအောင်မြင်တော့ ရန်ကုန်ကို ပြန်သွားခဲ့ပါတယ်။

မောင်သာရဆိုသူ စာရေးဆရာဟာ ရှုမ၀လို ထိပ်တန်းမဂ္ဂဇင်းကြီးမှာ ပင်တိုင်စာရေးဆရာ တဲ့။ အဲဒီမှာ အယ်ဒီတာ တဲ့။ ရှုမ၀ရုပ်ရှင်မှာလည်း ဒါရိုက်တာ တဲ့။ ဒါရိုက်တာ ဟုတ် မဟုတ် သေချာ မသိလိုက်ခင်မှာ ရုပ်ရှင်မီးသမီးလောင်းလျာ၊ ကျွမ်းဘားမယ် အလှတဦးနဲ့ “စွန်” သွား သတဲ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ငါတို့ ရွှေမန်းက စာရေးဆရာတယောက် ရန်ကုန်မှာ ဗိုလ်ကျနေတယ် ဆိုတော့ ၀မ်းသာရတာပေါ့။

မောင်သာရဆိုတာ မူလက အချစ်ဝတ္ထုရေးဆရာပါ။ ရေးဟန်ကလည်း ထူးခြားလှပါတယ်။ စာဟောင်း ပေဟောင်းတွေထဲက ကဗျာလင်္ကာတွေကြားညှပ်ပြီး ရေးသွားတာဟာ တုပသူတွေ ရှိခဲ့ပေမယ့် ဘယ်သူမှ တုလို့ မရပါဘူး။ ဒီလိုနဲ့ အချစ်ဝတ္ထုရေးဆရာတယောက်အဖြစ် လျှမ်းလျှမ်းတောက် ဖြစ်လာပေမယ့် မကြာခင်မှာ ကျော်ကြားတဲ့ ၀တ္ထုရေးဆရာဘ၀ကို စွန့်လွှတ်ပြီး ဘ၀သရုပ်ဖော်စာရေးဆရာ (သရုပ်မှန်စာရေးဆရာ) အဖြစ် ပြောင်းလဲ ခံယူလိုက်ပါတယ်။ ဒါဟာ စာပေလောကမှာ ကြုံရခဲတဲ့ ဖြစ်ရပ်ပါ။ ပြည်သူ့စာပေသမား တော်တော်များများဟာ ဘ၀သရုပ်ဖော်စာပေ ရေးသားဖို့ ရှေ့ဆောင် ကြွေးကြော်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာ များပါတယ်။ မောင်သာရကတော့ ဘ၀သရုပ်ဖော်ဝတ္ထုတွေနဲ့ ကိုပဲ ရှေ့ဆုံးကို ရောက်လာပြီး လူသစ်တွေကိုလည်း တွဲခေါ်ခဲ့ပါတယ်။ ဘ၀ကို ကွင်းဆင်းလေ့လာပြီး ရေးသားခဲ့တာကိုလည်း ရှေ့တန်းတင်ခဲ့ပါတယ်။ မောင်သာရကြောင့် ဘ၀သရုပ်ဖော်စာပေဟာ တခေတ်ဆန်းခဲ့တယ်လို့ ဆိုချင်ပါတယ်။ သူဟာ ၀တ္ထုနဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ သူ့လမ်းကြောင်းကို လိုက်သူတချို့လည်း သူ့လို ဆုရကြပါတယ်။

မောင်သာရဟာ ဘ၀သရုပ်ဖော်စာပေလောကမှာ “ဂေါ့ဒ်ဖားသား” ကြီးသဖွယ် ဖြစ်နေချိန်မှာ ထုတ်ဝေသူတွေက သူ့နောက်ကို အပြေးအလွှား အလုအယက် လိုက်ကြပါတယ်။ ထုတ်ဝေသူတချို့ကိုလည်း သူကပဲ “အမဲဖျက်တယ်” လို့ ကြားရပေမယ့် ဘယ်လို အမဲဖျက်တယ် မမေးမိပါဘူး။ ထုတ်ဝေသူဆိုတာ စီးပွားရေးသမားပဲ ဆိုတော့ ကျနော်တို့ စာပေသမားတွေကပဲ အနာခံရ တတ်ပါတယ်။ မောင်သာရက “လှသည်၊ လွယ်သည် သို့သော် လွယ်သည်” လို့ ၀တ္ထုတပုဒ် ရေးတယ်။ ကာတွန်းဆရာတဦးက “၀သည်၊ အယ်သည်၊ သို့သော် လည်သည်” လို့ ကာတွန်းနဲ့ ကလိခဲ့ဖူးတာကို မှတ်မိပါတယ်။ မောင်သာရဆိုသူကတော့ ဘယ်တော့မှ “ခံရသူ” ဖြစ်မှာ မဟုတ်ပါ။

မောင်သာရဟာ ဘ၀သရုပ်ဖော်စာရေးဆရာ တဖြစ်လဲနဲ့ လျှမ်းလျှမ်းတောက် ဖြစ်လာတော့ သူရဲ့ ရန်ကုန်သူ ဇနီးချောအသစ်စက်စက်နဲ့ သမ္မတဟော်တယ်မှာ တက်နေပါတယ်။ ဘိုက်ကျတဲ့ အခါလည်း ရှိပါရဲ့။ အဲဒီအခါမျိုးမှာ လမ်းဘေးက ဗန်ဒါပင်အောက်ခြေက ကွပ်ပျစ်ကလေးပေါ်မှာ အနှိပ်ခံနေရှာကိုလည်း တွေ့ရဖူးပါရဲ့။ ၀တ္ထုရေးဆရာတော်တော်များများက သူ့ကို အောက်လိအာ တော်တော်ပြောကြပါတယ်။ ကျနော်ကတော့ စာပေဝေဖန်ရေးကဏ္ဍတခုကနေ ပြောလိုက်ပါတယ်။ “ကိုယ့်လူတို့ သူလို မရေးနိုင်ကြပါဘူး။ သူ့ကို တုပဖို့မပြောနဲ့၊ သူ့ဝတ္ထုနံမယ်တွေကိုတောင် မတုပနိုင်ကြပါဘူး” လို့ ရေးလိုက်ပါတယ်။ “မတ်တတ်ရပ်လို့ လမ်းမှာငို”၊ “ထမီကျွတ်၍ လွှတ်လိုက်သည်”၊ “ယုံနှင့်အတူ ပြေး၊ ခွေးနှင့် အတူလိုက်” စတဲ့ ၀တ္ထုနံမယ်တွေကို ကျနော်ထောက်ပြခဲ့ဖူးပါတယ်။

သူနဲ့အတူ အထူးတွဲဖြစ်တာက ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းက ဗမာဝတ္ထုတို - ရှည်တွေကို မိတ်ဆွေဖြစ် ဘာသာပြန်ထုတ်ချင်လို့ တဲ့။ ကျနော်တို့က ရွေးချယ်ပေးရပါတယ်။ မောင်သာရ၊ မောင်စွမ်းရည်၊ မောင်သာနိုးနဲ့ မိုးမိုး(အင်းလျား) တို့ ပါဝင်တဲ့ အဖွဲ့ပါ။ ဂျပန်မကတော့ “လေးဦးဂိုဏ်း” လို့ သမုတ်ပါတယ်။ တရုပ်ပြည်မှာ လေးဦးဂိုဏ်း ခေတ်စားနေတဲ့ကာလ မို့ပါ။ ကျနော်က “စာပေဝေဖန်ရေးဆရာတယောက် ပါရမယ်” ဆိုတဲ့ မူနဲ့ အဖွဲ့ဝင် ဖြစ်လာတာပါ။ ကဗျာစာအုပ် မတောင်းလို့ ကျနော့်စာတွေ ဂျပန်လို မထုတ်ခဲ့ရပါဘူး။ တချို့က “သူတို့နဲ့ နီးစပ်တဲ့ မန္တလေးစာရေးဆရာတွေရဲ့ စာအုပ်တွေပဲ များများ ထုတ်တယ်” လို့ အောက်ကလိအာ ပြောကြပါတယ်။

ဘယ်သူမှ ဘာစာအုပ်တွေ ထုတ်မှန်း အတိအကျ မသိဘဲ “ဆွမ်းကြီးလောင်းကြတာ” ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအခါက ဗမာဝတ္ထုရေးဆရာတွေ အတော်မျက်နှာပွင့်ခဲ့ပါတယ်။ အဲဒီကာလဟာ သူနဲ့ ကျနော် အတွဲဆုံးကာလပါ။ တချို့က “ဒီလူကြီးဆီက ဘာများ အခွင့်အရေးရလို့ ဒီလောက်သည်းခံပေါင်းရသလဲ” လို့ မေးပါတယ်။ “ငါကတော့ ဘာမှ သည်းခံရတယ် မထင်ပေါင်။ ခင်လို့ ပေါင်းတာပဲ” လို့ ဖြေခဲ့ပါတယ်။ ကျနော်က သူရဲ့ မန္တလေးရှိ တဆွေမျိုးလုံးနဲ့ ရင်းနှီးသူပါ။ ရန်ကုန်အိမ်ထောင်သစ်နဲ့လည်း ရင်းနှီးပါဗျာ။ (ဘာမှတော့ မစားခဲ့ရပါဘူး)

ဟော … ခုတော့ သူ့ဇနီး နှစ်ယောက်စလုံးလည်း အမေရိကားကို ရောက်နေကြပြီဆိုရင် မိတ်ဆွေတို့ အံ့သြကြမှာပဲ။ ဟုတ်ကဲ့ … ရောက်နေကြပါတယ်။ မောင်သာရနဲ့တော့ မပတ်သက်ပါ။ ဒါပေမယ့် မောင်သာရ မသိသေးတာက သူရဲ့ ရန်ကုန်သူဇနီးဟာ ခုအထိလည်း ချောတုန်း ဆိုပဲ။ သူကသာ လက်ခံရင် ဆိုတဲ့ လူတွေတောင် ရှိပါသတဲ့။ တကယ် ပြောတာပါ။

အခု စစ်အာဏာရှင်အစိုးရ တက်လာတဲ့အခါ စာရေးဆရာတွေကို စာပေစိစစ်ရေးက ပို ပိုပြီး ကျပ် လာပါတယ်။ ဒီနောက် သူများထက် လျင်တဲ့ မောင်သာရက ထိုင်းနယ်စပ်ကနေ အမေရိကားကို ထွက်လာခဲ့ပါတယ်။ သူ့သားသမီး၊ မြေးတချို့တောင် ပါလာပါသေးတယ်။ တိုက်ခန်းနဲ့ သူနာပြုနဲ့ ထမင်းချက်နဲ့ပါ။ တခါက ဂျပန်က ဗမာလူငယ်တချို့က မောင်သာရနဲ့ တင်မိုးကို ဖိတ်ပါတယ်။ တချို့လူငယ်များက ထိုင်းနယ်စပ်မှာ မောင်သာရဟာ လူငယ်တချို့နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ဖူးလို့ ကြားဖူးတယ်၊ သူ့ကို မဖိတ်ချင်ဘူး လို့ ပြောကြသတဲ့။ (ကျနော်ကတော့ ခရီးသွားလက်မှတ် မရှိသေးဘူး) တင်မိုးက “သူ့ ဆက်ဆံရေးကို ထည့်မပြောနဲ့။ သူ့ခေတ်မှာ သူဟာ ထိပ်တန်းစာရေးဆရာကြီး ဖြစ်တယ်။ မဖြစ်မနေ ဖိတ်ရမယ်” လို့ ဆုံးမပါတယ်။ ဒါကြောင့် လူငယ်တွေက သူ့ကို ခြွင်းချက်မရှိ ဖိတ်ကြပ်တယ်။ အဲဒီတုန်းက စာရိတ်ခံမယ် ဆိုရင် လူဖြူ သူနာပြုမကလေးတယောက်တောင် သူ့ကို ပြုစုဖို့ ခေါ်မယ်လို့ စီစဉ်သေးသတဲ့။ အဆင်မပြေခဲ့ပါဘူး။

အဲဒီတုန်းက “ကျွဲမြို့တော်” ခေါ်တဲ့ “ဘတ်ဖဲလိုး” မှာ နေတယ်။ အခုတော့ “လာ့စ်ဗေးဂတ်စ်” ခေါ် လောင်းကစားမြို့တော်မှာ နေတယ်။ ကျုပ်တို့ရဲဘော်ကြီးက လောင်းကစားလည်း ၀ါသနာပါသဗျ။ အဲဒီမြို့မှာလည်း လူဖြူသူနာပြုနဲ့ လူဖြူထမင်းချက်နဲ့၊ လူဖြူသန့်ရှင်းရေးသမားနဲ့ နေပါတယ်။ အမေရိကန် လူနေမှုစနစ်က အသက် ၆၅ နှစ် ကျော်ရင် သူအို သူနာတွေကို ပစ်မထားပါဘူး။ ဒီလိုပြုစုမှုမျိုးနဲ့ ဆိုရင် ကျုပ်တို့ကိုကြီးသာရဟာ အသက် ၁၂၀ တောင် ရှည်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရှည်ပါစေသော်ဝ်။ ။


အောက်တိုဘာ ၂၂၊ ၂၀၀၉ (မောင်သာရမွေးနေ့က ၂၃ အောက်တိုဘာ …တဲ့)

(ဆရာမောင်စွမ်းရည် မှတဆင့် ဘားမားတူဒေး အင်တာနက်စာမျက်နှာက ကူးယူဖော်ပြပါတယ်။ ဓာတ်ပုံ - မောင်စွမ်းရည်နဲ့ မောင်သာရ၊ အယ်လ်အေ ၂၀၀၈ စာပေဟောပြောပွဲတွင် အတူတွေ့ရစဉ်)