ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား - အပိုင်း (၂)

မိုင်းလားမြို့ မြင်ကွင်းတခု (photo credit : Getty Images)
မောင်မောင်စိုး - အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား - အပိုင်း (၂)
(မိုးမခ) မတ် ၁၅၊ ၂၀၁၆

● ၈၁၅ ဒေသတိုက်ပွဲများ
၁၉၇၁ မှ ၁၉၈၉ ထိ ၈၁၅ စစ်ဒေသအတွင်း တိုက်ပွဲကြီးငယ်များစွာဖြစ်ခဲ့သည်။ တိုက်ပွဲကြီးများတွင် အရှေ့မြောက်စစ်ဒေသတပ်များနှင့်တွဲ၍ တိုက်ခဲ့ကြသည်။ ၁၉၈၀ ခုနှစ် မိုင်းယောင်းတိုက်ပွဲ ၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲတို့တွင် အရှေ့မြောက် စစ်ဒေသတပ်များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ကြသည်။

၁၉၈၁ နှစ်ကုန်ပိုင်းကဖြစ်ပွားသော ဟို့ယန် တိုက်ပွဲအပါ မိုင်းယောင်းကွင်းအတွင်းရှိ မန်ဟိုခိုတိုက်ပွဲ မိုင်းယုအနီးရှိ ကော်ဟို လွယ်တိုက်ပွဲတို့သည် ထင်ရှားသည်။ တိုက်ပွဲတပွဲချင်းအရ နိုင်သည့်ပွဲလည်းရှိ ရှုံးသည့်ပွဲလည်းရှိဟု ဆိုရမည်။ တိုက်ပွဲစဉ်များ တလျောက် နှစ်ဖက်အကျအဆုံးမနဲလှခဲ့ပေ။

၁၉၈၀ မိုင်းယောင်းတိုက်ပွဲတွင် CPB အရှေ့မြောက်စစ်ဒေသမှ တပ်မဟာ ၅ နှင့် ၈၁၅ စစ်ဒေသမှ တပ်များပါဝင်သည်။ ထိုတိုက်ပွဲတွင် မိုင်းယောင်းကိုသိမ်းမိပြီး ချင်းသနက ၃ အထိနာခဲ့သည်။ ထိုစဉ်မြန်မာစစ်ဖက်မှ တိုင်းမှူး သို့မဟုတ် ကစထ မှူးမှာ ဗိုလ်ချုပ်လှဦးဖြစ်သည်။

၁၉၈၈ မိုင်းယန်းတိုက်ပွဲကတော့ တဝက်တပျက်သာ သိမ်းနိုင်ပြီး မြန်မာစစ်ဖက်၏ လေကြောင်းပစ်ကူ ခြေလျင်စစ်ကူများ ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထိုတိုက်ပွဲတွင် မြန်မာစစ်ဖက်မှ တပ်ရင်းမှူးများအဖြစ် ဗိုလ်မှူး သီဟသူရ တင်အောင် မြင့်ဦး (နောင် ဒုသမတဖြစ်လာသူ) ဗိုလ်မှူး သီဟသူရ သူရစစ်မောင် (ရဟတ်ယာဉ်ပျက်ကျကွယ်လွန်) တို့ ပါဝင်ခဲ့ကြသည်။

CPB ၈၁၅ စစ်ဒေသအနေနှင့် မိုင်းယောင်းနှင့် မိုင်းယန်းမြို့များအား အထူးခြိမ်းခြောက်နိုင်သည်ဟု ဆိုရပါမည်။

● စိုင်းလင်း ခေါ် လီမေရှင့်
၈၁၅ စစ်ဒေသတွင် မူလ CPB မှ မဟုတ်ဘဲ ဒေသခံထဲမှ ထင်ရှား၍ သြဇာရှိလာသူဖြစ်သည်။ စိုင်းလင်းသည် ဒေသခံဆို သော်လည်း မိုင်းလားဒေသခံမဟုတ်ပေ။ ရှမ်းမြောက် ကြူကုတ် ပန်ဆိုင်းဇာတိ ရှမ်းတရုတ်ဖြစ်သည်။ လားရှိုးတွင် အထက် တန်းထိ ကျောင်းနေခဲ့သည်ဟုဆိုသည်။ ကျောင်းသားဘဝက ကျောင်းသားအားကစားပွဲတော်၌ ရှမ်းပြည်နယ် ဘတ်စ်ကက် ဘောလက်ရွေးစင် ဖြစ်ခဲ့သည်။

၁၉၆၈ ရှမ်းမြောက်သို့ CPB ဝင်ရောက်လာသောအခါ CPB တပ်တွင်းသို့ဝင်ရောက်ခဲ့သည်။ CPB ၃၀၃ စစ်ဒေသ ရင်း ၃၀၃၁ တွင် တပ်ခွဲနိုင်ငံရေးမှူးအဆင့်အထိ တာဝန်ယူခဲ့သည်။ ၈၁၅ စစ်ဒေသဖွင့်ရန် ဒေသခံများထဲ ရွေးထုတ်ဖွဲ့စည်းရာတွင် ရှမ်း တရုတ် မြန်မာ ဘာသာ ၃ မျိုး ကောင်းစွာတတ်ကျွမ်းသူ စိုင်းလင်းလည်းပါသွားခဲ့သည်။ အခါဒေသရောက်ပြီးနောက်လည်း အခါစကားအား ကျွမ်းကျင်စွာပြောဆိုလာနိုင်ခဲ့သည်။ စိုင်းလင်းသည် ၈၁၅ စစ်ဒေသ စတင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့သကဲ့သို့ အစဉ်အလာတပ်မှူးတစ်ဦးဖြစ်ရာ ဒေသတွင်း၌ သြဇာရှိသကဲ့သို့ တပ်ကိုလည်း ကိုင်ထားနိုင်သူဖြစ်လာသည်။ ၁၉၈၀ ဝန်း ကျင်မှစ၍ ၈၁၅ စစ်ဒေသ၏ ဒုတပ်မှူးဖြစ်လာခဲ့သည်။

စိုင်းလင်း၏ ပထမအိမ်ထောင်မှာ ပင်လယ်ရပ်ခြားတရုတ် (oversea chinese) ဖြစ်သူ သန်းသန်းဝင်းဖြစ်သည်။ သူမမှာ ၁၉၈၃ ဒီဇင်ဘာလထဲတွင် ဦးဏှောက်ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဒုတိယအိမ်ထောင်ကို ၁၉၈၅ တွင်ထပ်မံ ထူထောင်ခဲ့သည်။ ဒုတိယအကြိမ် ထပ်မံလက်ထပ်ခဲ့သူမှာ ကိုးကန့်ဒေသမှ ဖုန်ကျားစင်း၏သမီးဖြစ်သူ ဖုန်စူးချင်ဖြစ်သည်။

၂၀၀၀ ဝန်းကျင်ခန့်က အမေရိကန် DEA မှ စိုငိးလင်းအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နံမည်ပျက်စာရင်းထည့်သွင်းထားခဲ့သည်။ သို့သော်ယခုနောက်ပိုင်း၌ ထပ်မံပြောဆိုမှုမျိုးမတွေ့ရပေ။

● မိုင်းလား
၁၉၈၉ ခုနှစ် ဝ နယ် CPB မှ ပုန်ကန်ခွဲထွက်ပြီး မကြာခင်တွင် စိုင်းလင်းဦးစီး၍ CPB မှ ပုန်ကန်ခွဲထွက်ခဲ့သည်။ မန်ဖိုင်ဌာနချုပ်ရှိ CPB ခေါင်းဆောင်များအား တရုတ်ပြည်တွင်းသို့ပို့လိုက်သည်။ ဤတွင် CPB ၈၁၅ စစ်ဒေသတခန်းရပ်သွားပြီး NDAA သော အမည်ဖြင့် ရှမ်းအထူးဒေသ ၄ ဖြစ်သွားတော့သည်။ မန်ဖိုင်ဌာနချုပ်လည်း ဖျက်သိမ်းလိုက်ပြီး ဌာနချုပ်အား မိုင်းလားသို့ ပြောင်းရွှေ့အခြေစိုက်လိုက်သည်။ ထိုမှစ၍ မိုင်းလားဟု လူသိများလာတော့သည်။

၁၉၈၉ ခုနှစ် ရှုတ်ထွေးသောအခြေအနေအောက်တွင် စိုင်းလင်းသည် နောက်ထပ်နယ်မြေတခု တပ်မဟာ ၁ ခုကို သူ၏ ဒေသတွင်းသို့ ထပ်မံဆွဲသွင်းနိုင်ခဲ့သည်။ ထိုဒေသမှာ ဆစ်လွေ့ ခေါ် ဆီလူးဒေသနှင့် တပ်မဟာ ၇၆၈ ဖြစ်သည်။

အဆိုပါဆစ်လွေ့ဒေသသည် မိုင်းလားနှင့် ဝ နယ် မိုင်းပေါက်ကြားရှိဒေသဖြစ်သည်။ မူလက စဝ်ခွင်းမင် ခေါ်အိုက်မြင့် ဦးစီး သည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တခုစိုးမိုးသည့်ဒေသဖြစ်သည်။ CPB သည် ထိုရှမ်းလက်နက်ကိုင်တပ်ဖွဲ့အား မဟာ မိတ်ပြုရာမှ နောက်ပိုင်းတွင် စည်းရုံးသိမ်းသွင်းကာ CPB ၏ တပ်မဟာ ၇၆၈ ဟူ၍ ၁၉၇၆ တွင်ဖွဲ့စည်းပေးခဲ့သည်။

CPB တပ်မဟာ ၇၆၈ အဖြစ်ပြောင်းလဲပြီးသောအခါ စဝ်ခွင်မင်သည် ဒေသအုပ်ချုပ်ရေး၌ ပြောင်းလဲတာဝန်ယူသည်။ CPB မှ စေလွှတ်သည့်ရဲဘော်သာနုက တပ်မဟာ နိုင်ငံရေးမှူးအဖြစ်လည်းကောင်း၊ တပ်မဟာမှူးအဖြစ် စိုင်းနော်ပန်းက တာဝန်ယူခဲ့ သည်။

၁၉၈၉ CPB ပြိုကွဲသည့်အချိန်၌ ၇၆၈ တပ်မဟာ၏ နိုင်ငံရေးမှူးမှာ စိုင်းနော်ပန်းဖြစ်ပြီး တပ်မဟာမှူးမှာ ခွန်ဆာဖြစ်သည်။ CPB ပြိုကွဲပြီး၍ ရှုတ်ထွေးနေစဉ်ကာလအတွင်း ခွန်ဆာရော စိုင်းနော်ပန်းပါ ရှေ့ဆင့် နောက်ဆင့် လုပ်ကြံခံရပြီး သေဆုံး သွားကြသည်။ အချင်းချင်းအာဏာလုကြရာမှ ဖြစ်ပွားသည်ဟု အများကယူဆကြသည်။

ထို့နောက်တွင်တော့ တပ်မဟာ ၇၆၈ အင်အားစုများသည် မိုင်းလားအဖွဲ့နှင့်ပူးပေါင်းခဲ့ကြ၏။ ဆစ်လွေ့ဒေသသည် ရှမ်း ဒေသဖြစ်ပြီး တပ်မဟာ ၇၆၈ မှာလည်း ရှမ်းလက်နက်ကိုင်အဖွဲ့ကို အခြေခံထားသည်ဖြစ်ရာ UWSA နှင့်မပေါင်းဘဲ ရှမ်းဒေသ ပါဝင်သည့် မိုင်းလားနှင့်ပေါင်းရန် ဆုံးဖြတ်လိုက်ပုံရသည်။ သို့နှင့် မူလ ၈၁၅ စစ်ဒေသကာလက အုပ်ချုပ်ရေး ခရိုင် ၂ ခု တပ် မဟာ ၂ ခုရှိရာမှ ဆစ်လွေ့ဒေသနှင့် တပ်မဟာ ၇၆၈ ပါ ထပ်ပေါင်းပြီး ခရိုင် ၃ ခုနှင့် တပ်မဟာ ၃ ခုဖြစ်လာခဲ့သည်။

● ယနေ့မိုင်းလား
လက်ရှိမိုင်းလားဒေသမှာ ၁၉၈၉ မှစ၍ ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် အစိုးရနှင့်ဆက်ဆံရေးကောင်းခဲ့သည်ဟုဆိုရမည်။ လက် ရှိ မိုင်းလားဒေသမှာ အကျယ်အဝန်း စတုရန်းကီလိုမိုင် ၅၀၀၀ ခန့်ရှိပြီး ဒေသခံတိုင်းရင်းသား ၁ သိန်း ၂ သောင်းခန့်ရှိသည် ဟုဆိုပါသည်။ ထိုဒေသခံတိုင်းတွင် အဓိကအများစုကြီးမှာ အခါနှင့်ရှမ်းတို့ဖြစ်ကြသည်။

၂၀၀၉ နောက်ပိုင်း ကိုးကန့်မှဖုန်ကြားစင်းတို့ ထွက်ခွာရပြီးနောက် ကိုးကန့်ဒေသသား ထောင်နှင့်ချီ၍ လာရောက်အခြေချကြ သည်ဟုဆိုပါသည်။ အဆိုပါပြောင်းရွှေ့အခြေချလာသော ကိုးကန့်များအပြင် တရုတ်ပြည်ဖက်မှ နိုင်ငံခြားသားအနေနှင့် လာရောက်၍ စီးပွားရေးလုပ်ကိုင်နေသူများမှာ ၁ သိန်းနီးပါးခန့်ရှိသည်ဟုဆိုပါသည်။

ယခင် CPB ၈၁၅ ဌာနချုပ်ရှိရာ မန်ဖိုင်တောင်ကြောကတော့ သတ္တုတွင်းဖြစ်သွားသည်။မန်ဖိုင် ပလောင်ရွာကို ကျင်းခန်း ကွင်းအတွင်းသို့ ပြောင်းရွှေ့နေရာချခဲ့သည်။ မန်ဖိုင်တောင်ကြောတွင်တော့ ဒေသအခေါ် မုန် ဟုခေါ်သော မဂ္ဂနီစ်ဒိုင်အောက် ဆိုဒ် သတ္ထုထုတ်လုပ်နေကြသည်ဟု ဆိုသည်။

မိုင်းလားမြို့ပေါ်တွင် တွေ့ရသည့် လောင်းကစားဝိုင်းတခု (Photo credit : Getty Images)

မိုင်းလားဒေသ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများမှာ ခရီးသွားလုပ်ငန်း လောင်ကစား ကာ စီနိုရုံများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဖြစ်ကြသည်။

မိုင်းလားဒေသသည် တရုတ်နယ်နှင့်ထိစပ်နေ သကဲ့သို့ နမ့်လွေနှင့် မဲခေါင်မြစ်ဆုံသည့်နေရာတွင် လာအိုနှင့် ထိစပ်နေသည်။ ထိုနေရာ ဆွတ်လွေဂိတ်ဟူ၍ ဂိတ်တခုဖွင့်ထားသည်။ ထိုနေရာမှ မဲခေါင်မြစ်အားဖြတ်၍ လာအိုသို့ကုန်သွယ်ကြ သည်။ မဲခေါင်မြစ်တဖက်ကမ်းတွင် လာအိုနိုင်ငံဖြစ်သည်။ ကုန်သွယ်မှုစည်ကားသဖြင့် ထိုနေရာသည် ယခုတော့ မြို့ငယ်ကလေးကဲ့ သို့ ဖြစ်နေပြီ ဖြစ်သည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးသည် မိုင်းလားအတွက်သာမက ဝ တို့အတွက်ပါ အရေးပါပုံရသည်။ ဆက်သွယ်ရေးအတွက် ဝ နယ်အထိ ကားလမ်းကောင်းစွာဖောက်လုပ်ထားသည်။ လာအိုတဖက်ကမ်း မဲခေါင်မြစ်ကမ်းပါး ဆွတ်လွေဂိတ်မှ တောင် ကြောပေါ်တက်၍ နယ်စပ်အတိုင်း မိုင်းလားသို့လည်းကောင်း၊ မိုင်းလားမှ မြောက်ဖက်တောင်ကြောပေါ်မှတဆင့် ဆစ်လွေ့ ခေါ်ဆီလူးသို့လည်းကောင်း၊ ထို့နောက် ဆီလူးမှ နယ်စပ်တောင်ပေါ်အတိုင်း ဝ နယ် မိုင်းပေါက်သို့လည်းကောင်း၊ ကားလမ်းများဖောက်လုပ်ထားရာရာသီမရွေးသွားလာနိုင်သည်ဟု ဆိုပါသည်။

၎င်းကားလမ်းမဖေါက်မှီက ဝ နယ်မိုင်းပေါက်နှင့် မိုင်းလားနယ် ဆီလူးသို့သွားရာတွင် အစိုးရတပ်များထိမ်းချုပ်ရာ မိုင်းယန်း ကွင်းအတွင်းသို့ ဖြတ်သွားရသည်။ ယခုလမ်းသစ်ဖေါက်လုပ်ပြီးနောက် ဝ နှင့် မိုင်းလားတို့ ကူးသန်းသွားလာရာတွင် အစိုးရတပ်များထိမ်းချုပ်ရာဒေသသို့ ဖြတ်သန်းသွားရန်မလိုတော့ပေ။ အဆိုပါ ကားလမ်းသည် ဝ နယ်မြောက်ပိုင်းနှင့် ကိုးကန့် ချင်း ရွှေဟော်ကြားရှိ နန့်တိန်ချောင်းမှနေ၍ ရှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနယ်စပ်အထိပေါက်သည်ဖြစ်ရာ စီးပွားရေးအရရော စစ်ရေးအရပါ အရေးပါသော ကားလမ်းဟုဆိုရပေမည်။

သို့ဖြစ်ရာ တရုတ် မြန်မာ လာအိုနယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်လျှင် မိုင်းလားအဖွဲ့NDAA စိုးမိုးရာဒေသသည် မိုင်းလား အဖွဲ့အတွက်သာမကUWSA အတွက်ပါ အရေးပါသည်ဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်။