ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - ခွေးသားအုပ်မကြီးနှင့် စကား စမြည်

ဖိုးထက် - ခွေးသားအုပ်မကြီးနှင့် စကား စမြည်    
(မိုးမခ) မတ် ၁၈၊ ၂၀၁၆

“ထမင်းနည်းနည်းပိုထည့်၊ ကြက်သား အာလူးဟင်းထည့်၊ ဟင်းရည်နည်းနည်းပိုဆမ်းပေး။ ထမင်းနဲ့ဟင်း ရောသာထည့် လိုက်ရတယ်။ နောက် ကြွပ်ကြွပ်အိတ် တစ်အိတ် အပိုပေးပါအုံး။ သြော်.. နှစ်အိပ်ထပ်ထည့်ခိုင်းတာ မဟုတ်ပါဘူး။ ပေးပါ။ ကျွန်တော့်ကို ပေးလိုက်ပါ။ ဘယ်လောက်ကျသလဲ”

ကျသင့်ငွေ ကိုးရာကျပ် ပေးပြီး ကျွန်တော် လှည့်ထွက်ခဲ့သည်။ ထို့နောက် နို့စားနွားမကြီးတွေ၏ နို့ပျင်းတွဲတွဲကြီးတွေလိုမျိုး တွဲကျနေသာ နို့အုံကြီးတွေနှင့် ခွေးသားအုပ်မကြီးကို လိုက်ရှာသည်။ အခုနက တွေ့သမျှလူ အကုန်လုံးအား သူ့ကို အစာ ကျွေးမလားဆိုသည့် ခပ်ရို့ရို့အမူအရာဖြင့် တောင်းပန်ခယ၊ ပရောပရီလုပ်ချင်နေသည့် ခွေးသအုပ်မကြီး။ ဘယ်ရောက် သွားပါလိမ့်။ ဟော..တွေ့ပြီ။ အရှေ့ခပ်လှမ်းလှမ်းမှာ ယောင်လည်လည် ခွေးမကြီး။

ရွှီ..ရွှီ..ရွှီ.. လှည့်မကြည့်

အို့..အို့..အို့ ဒါလဲ လှည့်မကြည့်..

သမီး..သမီး…ရော့…ရော့..ဆိုမှ ဖြတ်ခနဲ့လှည့်ကြည့်သည်။ ဗျာမများသောပုံစံဖြင့် တစ်ဖက်သို့လှည့်ထွက်သွားပြီး ကျွန်တော့် ဆီသို့မလာ။ ခွေးတွေ၏ ဗီဇစိတ်သည် သူတို့ကို ဒုက္ခပေးမည့်သူလား၊ မယုံကြည်ရမည့်သူလား ကောင်းစွာ ကြေညက် နား လည်ကြသည်ဟု ဆိုသည်မဟုတ်ပါလား။   ဒီတော့ ကျွန်တော်ကဘဲ သူ့ဆီသို့ လက်ထဲကထမင်းထုပ်ဖြင့် လိုက်သွားရသည်။

သူ့အနားရောက်တော့ လက်ထဲက ထမင်းထုပ်ကို သူမြင်သည်။ အနားကပ်လာရင်း အနံ့ခံကြည့်သည်။ လူသွားလမ်းမ ပလက်ဖောင်းပေါ်ကနေ လမ်းသွား လမ်းလာများ အနှောင့်အယှက်မဖြစ်စေဖို့ သူ့ကို ထမင်းထုပ်ဖြင့် မျှားခေါ်ထုတ်သည်။ ကျွန်တော် ခေါ်ရာမလိုက်။ ဗျာများ၊ စိတ်များသည့် ခွေးသအုပ်မကြီးနောက်သို့ ကျွန်တော်ဘဲ ကောက်ကောက်ပါအောင် လိုက်ရသည်။ ငါးထပ်တိုက်ကြီးရဲ့ ထောင့်တစ်ခု။ ချောင်ကျကျ နေရာရောက်မှ ကျွန်တော့်ကို ရပ်စောင့်သည်။ သြော်..သူ့ သား၊ သမီးတွေ ရှိတဲ့ နေရာကို ခေါ်လာတာပါလား။ သူ့ဘေးမှာ ခွေးပိစိကွေးလေးတွေ တရုံးရုံးနှင့် ပျော်စရာ မိသားစုကြီးပါပေ။

ထမင်းထုပ်ကို ဖြေရင်း လက်မှာ အပိုတောင်းလာသည့် ကြွပ်ကြွပ်အိတ်စွပ်ကာ ပါယ်ပါယ်နှယ်နှယ် နယ်လိုက်သည်။ ထမင်း က အတော်ပူပါ့ရော။ ဒီခွေးမကြီး စားနိုင်ပါ့မလား။ အေးတော့ စားမှာပေါ့လေ။ နယ်ပြီး ထားခဲ့တော့မယ်ဟု တွေးမိကာ လှည့် ထွက်မည်ဆိုကာမှ..

“ရှင်ဝယ်လာတဲ့ ထမင်းကလဲ ပူလိုက်တာ”

သေချာအောင် အရပ်ရှစ်မျက်နှာသို့ လှည့်ကြည့်လိုက်သည်။ သေချာသည်။ ခွေးသအုပ်မကြီး လူစကားပြောနေသည်။ ကျွန် တော်လန့်သွားသည်။ လူစကားပြောတဲ့ ခွေး။

“ဟာ ..ခင်ဗျား လူစကား ပြောတဲ့ ခွေးဘဲဗျ။ လန့်တာဗျာ”

“မလန့်ပါနဲ့။ လူတွေ ဒီလောက်ရှုပ်တဲ့ နေရာမှာနေ။ ဒီကလေးတွေနဲ့ရှာဖွေစားသောက်ဖို့ ရုန်းကန်ရတဲ့ ကျွန်မက လူစကား လည်း နားလည်တယ်။ လူတွေကိုလည်း သိတယ်။ လူစကားလည်း ပြောတတ်တယ်။ လူတွေ အကြောင်းလည်း ကောင်း ကောင်း သိတယ်”

“၀ိုး…အလာကြီးပါလား။ အေးဗျာ..ထားပါတော့။ ထမင်းတွေက ပူတယ်။ အားနာတယ်ဗျာ။ အဲဒါ ခင်ဗျား ကလေးတွေလား” သူ့ဘေးမှာ ၀ိုင်းပါတ်လည်ပြီး မြူးနေကြသည့် ခွေးပေါက်စနလေးတွေကို မေးငေါ့ပြရင်း မေးမိလိုက်သည်။

“ဟုတ်တယ်။ အကုန်လုံး ကျွန်မ ကလေးတွေ ချည်းဘဲ။ အားလုံးပေါင်း ခုနှစ်ကောင်ရှိတယ်။ ခေါင်းမှာ အကွက်ကြားနဲ့ကောင်က အကြီးဆုံး။ ကျွန်မခြေထောက်ကို လာခဲနေတဲ့အကောင်က အငယ်ဆုံးပေါ့။ ကလေးတွေကတော့ ရှင်မြင်တဲ့အတိုင်းဘဲ တစ် ယောက် တစ်ပေါက်။ အဲလေ..တစ်ကောင် တစ်မျိုးပေါ့”

“ဒါနဲ့ရှင်ခုနက ကျွန်မကို သမီးလို့ ခေါ်လိုက်တယ်မို့လား။ ရှင်ခေါ်တာ စိတ်မဆိုးပါဘူး။ ဒါပေမယ့် သက်တမ်းအရတွက်ရင် ကျွန်မက ခွေးသက်တမ်း တစ်ဝက်ကျိုးပြီ။ ရှင်က လူ့သက်တမ်း တစ်ဝက်မကျိုးသေးဘူးလေ။ သတ္တ၀ါတွေရဲ့ သက်တမ်းအရ သေရိုး သေစဉ်အတိုင်းသေရင် ပြောတာပေါ့လေ။ နောက်ပြီး ကျွန်မဘ၀က တစ်ချိန်လုံး ရုန်းကန်လှုပ်ရှားနေရတာ။ ရင့် ကျက်မှု ၀ါစဉ်အရသာဆိုရင် ရှင်က ကျွန်မကို သမီးလို့ မခေါ်သင့်ဘူး”

“ဟုတ်ကဲ့..ဒါနဲ့ခင်ဗျားတို့ မိသားစုက ဒီမှာနေတာကြာပြီလား”

“ကျွန်မကို ကျွန်မအမေက ဒီနေရာမှာဘဲမွေးခဲ့တာ။ ကြာလှပေါ့။ အမေကတော့ ပြီးခဲ့တဲ့တစ်နှစ်ကဘဲ ကားတိုက်လို့ သေသွား ပြီ”

“ခင်ဗျား အဖေကရော”

“ကျွန်မအဖေ ဘယ်သူဆိုတာ ကျွန်မ မသိဘူး။ ဒီ ကလေးတွေအဖေ ဘယ်သူတွေဆိုတာလလည်း ကျွန်မ သေချာ မမှတ်မိ ဘူး”

“ဟာ..ဒါတော့ ခင်ဗျားလွန်တာပေါ့။ သူတို့ အဖေကိုတောင် ခင်ဗျားက မမှတ်မိဘူးဆိုတာတော့ လွန်တာပေါ့”

“ဟိုးထား ဆရာလေး..ဟိုးထား.. ကျွန်မက ခွေးဆိုတာ မမေ့နဲ့။ ခွေးဟာ ခွေးဘဲဆိုတာ မမေ့နဲ့။ ကျွန်မ သူတို့ အဖေကို မသိ လို့ ကျွန်မကို အပြစ်တင်ဖို့ စိတ်မကူးနဲ့။ ခွေးဟာ ခွေးလိုနေလို့ ခွေးလိုဖြစ်လာတာ။ ရှင်တို့လူတွေသာ ကိုယ့်အဖေ ဘယ်သူ ဆိုတာလဲ သိတယ်။ ဘယ်မှာနေမှန်းလဲ သိရဲ့နဲ့အဖေလို့တောင် မခေါ်ရ၊ မတော်ရတဲ့ဘ၀တွေ ရှိတာမဟုတ်ဘူးလား။ နောက်ပြီး ရှင်တို့လူတွေဘဲ မွေးထားတဲ့ ကလေးကို အမှိုက်ပုံးမှာ လာပစ်လား  ပစ်ရဲ့ လုပ်ကြတာ မို့လား။ ဟိုတလောကတောင် မွေးကင်းစ ကလေးလေး လာပစ်လို့ ကျွန်မဘဲ အသံပြုပြီး ရှင်တို့လူတွေကို ကယ်ခိုင်းလိုက်ရသေးတယ်။ သိပ်ဆိုးတဲ့ လူတွေ ပါရှင်”

“ခင်ဗျားက အဆိုးမြင်တဲ့ ခွေးမကြီးပါလားဗျ။ ခင်ဗျားတို့ ခွေးမှာလည်း ခွေးဆိုး၊ ခွေးကောင်း ရှိသလို ကျွန်တော်တို့ လူတွေ မှာလည်း လူဆိုး လူကောင်းရှိတာ ထူးဆန်းသလား။ ဘာဖြစ်လို့ လူတွေကို တဆင့်နှိမ့် အပြစ်တင်ချင်နေရတာလဲ”

ကြက်သားဖတ်ကို ညက်အောင်ဝါး၊ ပါးစပ်မှ ပြန်ထွေးထုတ်ကာ အစားပုတ်ဟန်ရှိသည့် သူ့ကလေး ၀တုတ်တုတ်ကလေးကို ချကျွေးရင်း ကျွန်တော့်ဘက်သို့ လှည့်ကြည့်ပြီးမှ..

“ခွေးဆိုး ခွေးကောင်းဆိုတာ ရှင်က ဘယ်လို စံနှုန်းသတ်မှတ်ချက်တွေနဲ့တိုင်းတာလဲ။ လူတွေကို ရန်ပြုတဲ့ ခွေး၊ လူတွေကို ကိုက်တဲ့ ခွေးနဲ့တိုင်းတာတာလား။ ဒါမှမဟုတ် တော်သလင်းလမှာ နေချင်သလိုနေ၊ လူကြားထဲမှာ သံဝါသပြုကြတဲ့ ကိစ္စနဲ့ တိုင်းသလား။ တော်သလင်းမှာ ကျွန်မတို့ခွေးတွေ နေချင်သလိုနေကြတဲ့ကိစ္စကတော့ ရှင် ဝေဖန်ဖို့ မကြိုးစားနဲ့။ ခွေးဟာ ခွေးဘဲလို့ ကျွန်မ ပြောခဲ့တယ်လေ။ လူတွေကို ရန်ပြုချင်တဲ့ကိစ္စနဲ့တိုင်းတာတယ်ဆိုရင်လည်း ရှင် အမှားကြီး မှားတယ်။ ကျွန် မတို့ ခွေးတွေလောက် လူတွေအပေါ် သစ္စာရှိတဲ့သတ္တ၀ါ ကျွန်မတို့ ခွေးတွေဘဲရှိတယ်”

ခွေးပါးဝလွန်းသည့် ခွေးမကြီးပါတကား။ သူနဲ့စကား ပြိုင်ပြောရတာ မလွယ်။

“အေးလေဗျာ ..လူတွေကို ကိုက်ချင်၊ ခဲချင်တဲ့ခွေးဟာ ခွေးဆိုးမဟုတ်လို့ ခွေးကောင်းလားဗျ။ လုပ်စမ်းပါအုံး..ခင်ဗျားရဲ့ ခွေး အချင်းချင်း ရှေ့နေလိုက်သံလေး ကြားပါရစေ”

“ခွေးဟာ ဘယ်တော့မှ လူတစ်ယောက်ကို အသားလွတ် မကိုက်ဘူး။ ခွေးရူးရောဂါရတဲ့ခွေးကို မပြောဘူးနော်။ ဒါက အခြား ကိစ္စ။ ရောဂါရရင် လူတွေလည်း စိတ်ရှုပ်၊ စိတ်ပေါက်တတ်သလို ခွေးရူးရောဂါရတဲ့ ခွေးကိုက်တာ ဆိုးလို့မဟုတ်ဘူး။ ရောဂါ ရှိတဲ့ သူဟာ သူ့စိတ်ကို သူထိန်းသိမ်းဖို့ခက်တာက သတ္တ၀ါတွေအကုန်လုံးမှာ ရှိတယ်လေ။ ဒါကို ရှင်လက်ခံသလား”

“အင်း..လက်ခံပါတယ်။ ဆက်ပြောပါအုံး”

“အင်း..ခွေးတစ်ကောက်ဟာ လူတစ်ယောက်ကို ကိုက်ပြီဆိုကတည်းက သူ့ကို ရန်ပြုလို့ ၊ ဒါမှမဟုတ် သူ့သခင်ကို ရန်ပြုလို့၊ ရန်ပြုမယ့်သူမို့ဆိုတဲ့ သေချာမှုရှိမှ ကိုက်တာ။ ထားပါတော့ ကျွန်မတို့လို မြို့ခွေးက ထားပါတော့။ အိမ်ဝိုင်းမရှိ၊ ခြံစည်းရိုး မရှိ။ ဒွေရော ယှက်တင်နေရတဲ့ မြို့ကြီး ပြကြီးနေရာကို ထားပါတော့။ တောဘက်မှာဆိုရင် သူ့အိမ်၊သူ့ဝိုင်း၊ သူ့ခြံနဲ့ နေကြတာ။ သူများ ခြံထဲကိုဝင်မယ်ဆိုရင် အိမ်ရှင်ကို ခွင့်တောင်းရတယ်။ ခွင့်မတောင်းဘဲနဲ့ဝင်လာရင် အဲဒီအိမ်ပိုင်ရှင်ရဲ့ခွေးဟာ ဘယ် သူ့ကိုမဆို ကိုက်ပိုင်ခွင့် အပြည့်ရှိတယ်။ ခွေးတွေရဲ့ မွေးရာပါ အခွင့်အရေးဘဲ”

“ဒါဖြင့် အခု ခင်ဗျားနေတဲ့ နေရာကို လူစိမ်းအဖြစ်ဝင်လာတဲ့ ကျွန်တော့်ကိုကျတော့ ဘာလို့ ခင်ဗျားကမကိုက်သလဲ။”

“ရှင်က ကျွန်မတို့ မိသားစုကို ထမင်းလာကျွေးတဲ့သူလေ။ ထမင်းကျွေးသောလက်ကို မကိုက်ရဆိုတဲ့ ရှင်တို့လူတွေရဲ့ စကား ပုံက တကယ်တော့ ကျွန်မတို့ ခွေးတွေကို သက်သက်မဲ့ စော်ကားအနိုင်ကျင့်တဲ့စကားရှင့်။ သိရဲ့လား။ ထမင်းကျွေးတဲ့ လက် ကို ပြန်ကိုက်၊ ပြန်ရန်ပြုတဲ့ ခွေး..ခွေးသက်တမ်း တစ်ဝက်ကျိုးလာတဲ့ ကျွန်မ တစ်ခါမှ မကြားဖူး ဘူး။ မမြင်ဖူး ဘူး။  ရှင်တို့ လူတွေသာ…အင်းပါ..ဆက်ပြောရင် ရှင်က လူဆိုတော့ လူတွေဘက်က နာမှာပေါ့”

ဒီခွေးမကြီးက စကားပြောတတ်ရုံသာ မက။ လူတွေရဲ့ အားနည်းချက်ကို နင်းခြေချင်သော ခွေးမကြီးပါလား။ လူတွေ သူတို့ ထက် သာတယ်ဆိုတဲ့ကိစ္စတစ်ခုကိုဖြင့် ကျွန်တော်ပြောမှဖြစ်မည်။

“ခင်ဗျားတို့ ခွေးတွေ ကျေးဇူးသိတတ်တာ၊ သစ္စာရှိတာကို လူတစ်ချို့က သိပါတယ်ဗျ။ ကျွန်တော်တို့ လူတွေထဲက စာရေး ဆရာကြီး မင်းသုဝဏ်က ဒီလိုတောင် ကဗျာစပ်သွားသေးတယ်…”

သူ့နို့ပိန်လေးများကို လာတွယ်နေသည့် ခွေးပေါက်စိကွေးလေး နှစ်ကောင်ကို လျှာဖြင့်သပ်ပေးရင်း..ဆိုစမ်းပါအုံး ဆိုသည့် မျက်လုံးဖြင့် ကျွန်တော့်ကို ကြည့်သည်။

“မှိုင်းညိုညရိပ်၊ လူခြေတိတ်တွင်
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျား ကျယ်လောင်
ဆီးကြိုဟောင်သော်

ဖိုးမောင်လာပြီ ဆိုကြသည်… ဆိုတဲ့ ကဗျာလေးကို ကြည့်စမ်းပါ။ ကုပ်ကျားဆိုတဲ့ ခွေးတစ်ကောင်ဟာ သူ့သခင်ကျေးဇူးကို ကောင်းကောင်းသိတတ်ကြောင်း ဆရာကြီး မင်းသုဝဏ်က ကဗျာတောင် စပ်သွားသေးတာဗျ..”

အငယ်ဆုံး ကောင်လေးခေါင်းကို မနာအောင် ငုံထားသည်ကို လွှတ်လိုက်ပြီးမှ..

“ရှင်ပြောတဲ့ စာရေးဆရာကြီးတွေ၊ ဘာတွေ ကျွန်မမသိဘူး။ ရှင်ပြောတဲ့ ..ဘာရယ်..သြော်..ကဗျာ. အဲဒီကဗျာထဲက ကို ကုပ်ကျားကိုလည်း ကျွန်မ မသိဘူး။ ရှင့်စာရေး ဆရာကြီးပြောတာမှန်တယ်။ ကျွန်မတို့ ခွေးတွေဟာ သူတို့ကို တစ်ခါ ကျေးဇူး ပြုဘူးရင် ဘယ်တော့မှ အဲဒီလူကို မမေ့ဘူး။ ဘယ်တော့မှလဲ အဲဒီလူကို ရန်ပြုမှာမဟုတ်ဘူး။ ရှင်ဆိုရင် အခုဆို ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင် စာရင်းထဲ ၀င်သွားပြီ။ ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်တွေထဲမှာ ဟိုအပေါ်ဆုံးထပ်က ဦးလေးကြီး တစ်ယောက်ရှိမယ်။ ဟိုဘက်လမ်းထိပ်က အသုပ်စုံရောင်းတဲ့ မိန်းမကြီးတစ်ယောက်ပါမယ်။ အို..အများကြီပါ။ ရှင်က လူ တွေကို မကောင်းဘူးပြောလို့ စိတ်ခုချင်နေတာ ထင်တယ်။ ကောင်းတဲ့လူတွေရှိတာ ကျွန်မသိပါတယ်။ ဒါပေမယ့် လူတွေမှာ အခက်ဆုံးက ကျွန်မလို ခွေးသားအုပ်မကြီး တစ်ကောင်အနေနဲ့ကောက်ချက်ချရရင် အတ္တသိပ်ကြီးကြတဲ့ကိစ္စဘဲ။ ကိုယ်လုပ် တာမှန်၊ ကိုယ်ပြောတာ အဟုတ်၊ ကိုယ်ပျော်ပြီးရော ကျန်တဲ့သူတွေ ဘာဖြစ်နေနေဆိုတဲ့ကိစ္စက အတော်ဆိုးတယ်ရှင့်”

“ဟာ..ခင်ဗျားက ဒါတော့ လွန်ပါတယ်ဗျာ။ လူတိုင်း အတ္တကြီးတာမှမဟုတ်တာ”

“ကျွန်မ ပြောခဲ့တယ်လေ။ လူတိုင်းမဟုတ်ပေမယ့် အတော်များများပါ။ ရှင်တို့လူတွေရဲ့ အတ္တကြီးမှုကို ကျွန်မက ဥပမာ တစ် ခု ပြောပြမယ်။ လူတစ်ချို့ ကျွန်မတို့မိသားစုကို ရှင့်လို ထမင်းဝယ်ကျွေး၊ ဟိုဟာလေး၊ ဒီဟာလေး ၀ယ်ကျွေးကြတယ်။ အဲဒီ ထဲက လူတစ်ချို့ဟာ သူတို့ ကျွေးမယ့် ထမင်းထုပ်ထဲကို သူတို့ တံတွေးတွေ ထွေးထည့်ကြသေးတာ။ သူတို့ ထင်တာကတော့ သူတို့ကို ကျွန်မတို့မိသားစုက မှတ်မိအောင်လို့တဲ့။ ရွံ့စရာကောင်းလိုက်တာရှင်။ ထမင်းလေး တစ်နပ်ဝယ်ကျွေးပြီး ကျွန်မတို့ မိသားစုက တစ်သက်လုံး ကျွန်ခံစေချင်တဲ့သဘောလား။ ဘာလုပ်လုပ် သူတို့ကို ပြန်မကိုက်ရတော့ဘူးလား။ ကျွန်မဖြင့် အဲဒီ လို ထမင်းတွေဆိုရင် ကလေးတွေလည်း မကျွေးဘူး။ ကျွန်မလည်း ဘယ်လောက်ဆာဆာ မစားဘူး။ ကိုင်း..ရှင်ဘာပြောမလဲ။ ကျေးဇူးကန်းကြသလောက် ကျေးဇူးသိပ်သိစေချင်ကြတဲ့လူတွေဟာ အတ္တကြီးတာမဟုတ်လို့ ဘာလဲ။ ရှင်တို့လူတွေသာ ကိုယ့်ကိုယ် ကိုယ်ချစ်လို့ မဆုံးဘူး။ ကိုယ့်အတ္တ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ လုပ်ရဖို့၊ ကိုယ်အနိုင်ရဖို့ ဘာမဆို လုပ် ကြတဲ့ လူတွေဟာ လူတွေရှင့် ..လူတွေ…ရှင်သိရဲ့လား..”

လူစကားပြောသည့် ထူးဆန်းသော ခွေးမကြီးနှင့် စကားဆက်ပြောနေရလျှင် အကျိုးများဖွယ် မရှိတော့။ ထို့ကြောင့်..

“အေးဗျာ..စကားပြောလို့တော့ ကောင်းပါရဲ့။ ပြန်တော့မယ်ဗျာ။ လမ်းလျှောက်ထွက်လာရင်း ခင်ဗျားတို့မိသားစုကို တွေ့ရ တာ ၀မ်းသာပါတယ်။ ကျွန်တော့် ထမင်းတစ်နပ်အတွက်ကတော့ ဘာကျေးဇူးမှ မရှိဘူးလို့ မှတ်ပါ။ ကလေးတွေလည်း ဂရု စိုက် ဗျို့။ ကားတွေ သိပ်ရှုပ်တယ်။ သွားအုံးမယ်ဗျာ။ နောက်လည်း ဒီဘက်ကို ကျွန်တော်ရောက်ရင် ခင်ဗျားကို ကျွန်တော် လာရှာပါ့မယ်။ ကျွန်တော်နဲ့ စကားပြောပါအုံး။ နောက်တစ်ခေါက်ဆိုရင် ခင်ဗျားဆီက လူတွေကို ဒီထက်ပိုပြီး အကောင်းမြင်တဲ့ စကားတွေ ကြားရဖို့ မျှော်လင့်ပါတယ်”

“လူတွေကို အကောင်းမြင်ဖို့.. ဟုတ်လား.. ဟင်း….. ဟင်း.. ကိုင်းပါ..ပြန်ပါတော့…ရှင့်ထမင်းတစ်နပ်အတွက် ကျေးဇူးတင် ကြောင်းတော့ ပြောပါရစေလေ..”

သူတို့ မိသားစုကို ကျောခိုင်းထွက်ရင်း ခပ်လှမ်းလှမ်း အရောက်မှာ ပြန်လှည့်ကြည့်မိတော့ ကလေးတွေနှင့် ဆော့ကစားနေ သည့် ခွေးသအုပ်မကြီးကို မြင်ရသည်။ ခွေးလေး ခုနှစ်ကောင်နှင့် ခွေးသအုပ်မကြီးကို လူသတ္တ၀ါတစ်ကောင်က သံယောဇဉ် အမျှင်တန်း စိတ်မချနိုင်စွာ ငေးကြည့်နေတာ သတိတောင် ထားမိကြဟန်မတူပါ။ ထိုလူသတ္တ၀ါသည်လည်း အတ္တကြီး၊ ဒေါ သကြီး၊ မောဟကြီး၊ မာန်မာနကြီးသော လူသတ္တ၀ါတစ်ကောင်ဖြစ်ကြောင်းကိုတော့ လူစကားပြောတတ်သော ခွေးမကြီးက ကောင်းစွာ သိရှိဟန်တူပါသည်။

ဖိုးထက်