မောင်ဥက္ကလာ - သမ္မတ၊ သူပုန်မ နဲ့ အယုတ်တမာကောင် (ကိန်းဂဏန်းများ)

မောင်ဥက္ကလာ - သမ္မတ၊ သူပုန်မ နဲ့ အယုတ်တမာကောင် (ကိန်းဂဏန်းများ)
(မိုးမခ) မတ် ၁၊ ၂၀၁၆
 
ပြောမဆုံးပေါင် တောသုံးတောင် အဘတွေအကြောင်း ချီးမွမ်းခန်း ဖွင့်နေတာနဲ့ မိုးမခစာချစ်သူတွေ အလုအယက် ဖတ်ခဲ့တဲ့ ထွေထွေရာရာ ဤကမ္ဘာကဏ္ဍကို မတင်ပြနိုင်ဖြစ်ခဲ့တယ်။ အခုမှ ဒီရက်ပိုင်းအတွင်း ဖတ်မိသမျှ မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစတချို့ ကို မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် ဖွဘုတ်သတင်းမဟုတ်၊ တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

● ရှစ်ပူးဖြစ်မယ့် သမ္မတ
မနေ့ည ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှာ ဟော်လီဝုဒ်ရဲ့ (၈၈) ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပခဲ့တယ်။ အဲဒီ ရှစ်ပူးအကြောင်းပြောဖို့ မဟုတ်ဘူး။ ပြောချင်တဲ့ ရှစ်ပူးက အမေရိကန်သမ္မတကြီး ဘာရက် အိုဘားမားရဲ့  နောက်ဆုံးလုပ်ရပ်။ အမေရိကန်နိုင်ငံနဲ့ နှစ်ပေါင်းများစွာ ရန်စောင်နေတဲ့ မြန်မာတွေအခေါ် ကျူဘားနိုင်ငံ (သူတို့အခေါ် ကူဗား - Cuba) ကို မတ်လထဲမှာ နှစ်နိုင်ငံ ပြန်လည်ချစ်ကြည်ရေးအတွက် သွားရောက်လည်ပတ်မယ်တဲ့။ အဲဒီ့ မလောက်လေး မလောက်စား၊ မလိမ်မိုး မလိမ္မာ ကျွန်းနိုင်ငံလေး (ဧရီယာအကျယ်အဝန်း ၄၂၄၂၆ စတုရန်းမိုင်) က အမေရိကန် ပုလိပ်မင်းကြီးကို ကမ္ဘာ ကျော် တော်လှန်ရေးသမားကြီး ဖီဒလ် ကတ်စ်ထရို (Fidel Castro) က အာဏာရှင်လုပ် အန်တု အာခံခဲ့တာ ၁၉၆၀ ကနေ ဒီနေ့အထိပေါ့။ အမေရိကန် စီအိုင်အေ ဦးဆောင်ပြီး အကြိမ်ပေါင်းများစွာ တန်ပြန်တော်လှန်ရေးတွေ၊ ပုန်ကန်မှုတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေနဲ့ ကတ်စ်ထရို အစိုးရကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် အခု အသက် (၉၀) အရွယ်အထိ သူက ငါမသေဘူး ရေကူးတတ်တယ်နဲ့ အန်ကယ်ဆမ် (Uncle Sam) ကို အာခံနိုင်ခဲ့တယ်။ ၂၀၀၈ မှာ သမ္မတရာထူးကို သူနဲ့ ကူဗားတော်လှန်ရေး လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ညီဖြစ်သူ ရာရူး ကတ်စ်ထရို (Raul Castro) ကို လွှဲပြောင်းပေးခဲ့ပေမယ့်၊ ရွှေပြည်က ဘဝရှင်မင်း တရားကြီးလို နောက်ကွယ်က ကြိုးကိုင်နေဆဲ။ ဒါပေမဲ့ ကတ်စ်ထရိုက ဂန္တဝင် တော်လှန်ရေးသမားကြီး၊ မန်ဒဲလ်လားလို ခေါင်း ဆောင်ကြီးတွေရဲ့ဂုဏ်ပြုချီးကျူးခံရတဲ့ ပုဂ္ဂိုလ်ကြီး။ ကန့်လန့်ကာနောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက် ကြောင်သူတော် လုပ်နေ အကျင့်ပျက်၊ အရည်အချင်းမဲ့လာတဲ့ တပ်ကိုချုပ်ကိုင်၊ နိုင်ငံတော် အာဏာကို ထိန်းချုပ်နေတဲ့ တပ်ချုပ်ကြီးနဲ့ လေး စားစရာ တကွက်မရှိ၊ သမိုင်းမရှိတဲ့ ဗိုလ်ရှုပ်တွေထက် အဆပေါင်းများစွာသာတယ်။


မနှိုင်းယှဉ်သင့်တာကို နှိုင်းပြောမိတာကို ခွင့်လွတ်ပါ။ မိုးတွေလည်း ခြိမ်း၊ လျှပ်စီးတွေလက်နေတော့ ဒီလောက်ပါပဲ။

နှစ် (၆၀) ကျော် အမေရိကန်ပုလိပ်မင်းကြီးက သူတို့ရဲ့  ရုပ်သေအစိုးရ အာဏာရှင် ဘတီစ္စထာ (Batista) ကို ဖြုတ်ချလိုက်တဲ့ မစ္စတာကတ်စထရို သူပုန်-ကွန်မြူနစ်-ဆိုရှယ်လစ်အစိုးရကို နိုင်ငံရေး၊ သံတမန်၊ စီးပွားရေး ဖြတ်တောက်ခဲ့ပြီးမှ အခုတော့ အမေရိကန် အကျိုးစီးပွားတစုံတရာကြောင့် မချစ်သော်လဲ အောင့်ကာနမ်း၊ ရန်သူဆန့်ကျင်သူတွေနဲ့ ပြန်လည်ဆက်ဆံရေး လုပ်ဖို့ကြိုးစားခဲ့တဲ့ သမ္မတအိုဘားမား က ရွှေပြည်က ဗိုလ်ရှုပ်တွေကို အခွင့်အခါပေး ပြန်ဆက်သွယ်ခဲ့သလို ကူဗားကိုလည်း ပြန်လည်အပေါင်းအသင်းလုပ်ဖို့ မနှစ်က ဆုံးဖြတ်ခဲ့တယ်။ အခု မတ်လမှာ ကူဗာကျွန်းနိုင်ငံကို တရားဝင် သွားရောက်လည်ပတ် မယ့်ဆိုတော့ နှစ်ပေါင်း (၈၈) နှစ်အတွင်းမှာ တရားဝင်သွားရောက်လည်ပတ်မယ့် အမေရိကန်သမ္မတပေါ့ (နောက်ဆုံး သွား ရောက်ခဲ့တဲ့ အမေရိကန်သမ္မတက ကဲလ်ဗင် ကူးလိဂ်ျ (Calvin Coolidge) - ၁၉၂၈ ခုနှစ်တုန်းက)။ အခု သမ္မတအိုဘားမားရဲ့ ကူဗားနိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးကို ရီပတ်ဘလင်ကန်ပါတီ (အထူးသဖြင့် သမ္မတလောင်းတွေ)၊ ကူဗားအစိုးရ ဆန့်ကျင် ရေးသမားတွေက ကန့်ကွက်ရှုတ်ချကြပြီး ဒီနှစ်ကုန် မစ္စတာအိုဘားမား သမ္မတရာထူးစွန့်လွှတ်ပြီး၊ ၂၀၁၆ နိုဝင်ဘာ ရွေး ကောက်ပွဲမှာ ရီပတ်ဘလင်ကန်တို့ အနိုင်ခဲ့ရင်တော့  သမ္မတအိုဘားမား ပေါ်လစီတွေကို ပြင်ဆင်ပြောင်းလဲပစ်မယ်လို့ ကြိမ်းဝါးထားကြတယ်။ ရွှေပြည်က ဗိုလ်ရှုပ်တွေကိုလည်း သတိထားပေါ့။ ကွန်ဆာဗေးတစ်တွေ အမြတ်တော်ရှပြီး ပြစ်ဒဏ် ပြန်ခတ်နေအုံးမယ်။ ကဲ အချိန်ရှိတုန်း လုပ်နေကြ ယတြာချေ၊ အောက်လမ်းအထက်လမ်း၊ ဗေဒင်ဘာညာ တွက်ချက်ထားကြ ပေါ့။ (သတင်း - AP)

● ငြိမ်းချမ်းရေး သူပုန်မကြီး
အမေရိကန် သမ္မတအဆက်ဆက်ကို သူတို့ စံအိမ် အိမ်ဖြူတော် အရှေ့ ဘက်ခြမ်း၊ လက်ဖီရက်ပန်းခြံ (Lafayette Park) လူသွားလမ်း မြက်ခင်းပြင်ပေါ်မှာ သပိတ်စခန်းချ တဲထိုးပြီး ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူပုန်မကြီး ကွန်စပ်စီအွန် ပီစ္စရာတို (Concepcion Picciotto) ခေါ် ကော်နီ (Connie) တစ်ယောက် နေ့ညဆက် ၁၉၈၁ ခုနှစ်ကနေ ၂၀၁၆ အထိ နှစ်ပေါင်း (၃၀) ကျော် ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ စစ်လက်နက်တွေ၊ နျူကလီးရားလက်နက်တွေ ဖျက်သိမ်းဖို့ အမေရိကန်အစိုးရကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်။ ဒါပေမဲ့ အတော်မသတ် သတ်လို့ဖျက်လို့ မဝသေးတဲ့ လူသားတွေကို နောက်ဆုံးတော့ စိတ်ကုန် လက်လျှော့ကာ အသက် (၈၀) မှာ ဘဝတပါးသို့ ထွက်ခွါသွားလေပြီ။ ဗုဒ္ဓတရား ထွန်းကားတယ်ဆိုပြီး ရန်စွယ်နှင့်ငေါငေါ ဘီလူးတွေ သောင်းကျန်း၊ ရောင်စုံလက်နက်ကိုင်တွေ မင်းမူနေတဲ့ ရွှေပြည်မှာမွေးခဲ့ရင် ဒီလောက်ကြာကြာတောင် နေမှာ မဟုတ်ဘူး။ ပြီးတော့ ဒီလို နိုင်ငံတကာ စောင့်ကြည့်၊ လည်ပတ်သူတွေ သန်းချီ လာရောက်တဲ့ အိမ်ဖြူတော်ရှေ့ (သမ္မတ အိမ်နား) မှာ အနှောင့်အယှက်ကင်း၊ ဆန္ဒပြတာမျိုး ရွှေပြည်မှာဆို အင်းစိန်ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူး။


မောင်ဥက္ကလာတို့ အိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေး သွားရောက်ဆန္ဒပြတိုင်း၊ အလည်အပတ်ရောက်တိုင်း မစ္စကော်နီကို နှုတ်ဆက်၊ စကားပြောဖူးတယ်။ သူ့တဲဖြူလေးရှေ့မှာ စစ်ပွဲအနိဌာရုံ ဓါတ်ပုံတွေချိတ်၊ စာတန်းတွေနဲ့ လာသမျှသူတွေကို သူ့အသံသေးသေးလေးနဲ့ စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြကြဖို့ တိုက်တွန်းတယ်။ အိမ်ဖြူတော် လာရောက်လည်ပတ်သူတွေက သူ့တဲတဝိုက်မှာ မစ္စကော်နီနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်တတ်ကြတယ်။ နှစ် (၃၀) ကျော်အတွင်းမှာ သုံးလေးငါးကြိမ် သူ့တဲနန်းကို လုံခြုံရေး နဲ့ တခြားအကြောင်းပြချက်တွေနဲ့ ခေတ္တဖယ်ရှားမှုတွေ ရှိခဲ့ပေမယ့် ရွှေမြန်မာရဲတွေလို တရုတ်ဝမ်ပေါင်၊ ဦးပိုင်၊ ခရိုနီတွေအတွက် သက်စွန့်လက်စွမ်းပြ ရှင်းလင်းနှိပ်ကွပ်မှုတွေ မရှိခဲ့ဘူး။ သိန်းသန်းချီ နိုင်ငံတကာ၊ ပြည်တွင်း ခရီးသည်၊ လည်ပတ်သူတွေနဲ့ စည်းကားနေတဲ့ အထင်ကရ၊ အလွန်လှပတဲ့ အိမ်ဖြူတော် ရှေ့ မှာ လူသားတဦးရဲ့  ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်နိုင်တယ်။

ဘာပဲဖြစ်ဖြစ် မစ္စကော်နီ က သူ့ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာ ပေးဆပ်သွားခဲ့တယ်။ သူကို ငြိမ်းချမ်းရေးအတွက် အချိန်ပြည့်တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းလို့ တချို့က ချီးကျူးပြောဆိုကြသလို၊ တချို့ကတော့ စိတ် ပိုင်းဆိုင်ရာ ချို့ယွင်းနေသူလို့ ပြစ်တင်ပြောဆိုကြတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ဝါရှင်တန်ပိုစ် သတင်းစာကြီးကတော့ အမေရိကန်သမိုင်းမှာ နှစ်အရှည်ဆုံး သမိုင်းဝင် အစိုးရဆန့်ကျင်ဆန္ဒပြသူအဖြစ် မှတ်တမ်းပြုတယ် (မစ္စကော်နီထက် လအနည်းငယ်စော၊ နောက် လက်တွဲဆန္ဒပြခဲ့သူ ဝီလီယံ သောမတ်စ် (William Thomas) က ၂၀၀၉ မှာ သေဆုံးခဲ့တယ်)။ အခုတော့ သူတို့အမွေကို ဆက်ခံပြီး နာရီပိုင်း၊ နေ့အလိုက် အလှည့်ကျ ဆန္ဒပြကြမယ့်သူတွေ စာရင်းပေး တန်းစီးနေကြတယ်။ ရွှေပြည်က စစ်အစိုးရ အချစ်တော် ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်တို့ကို လက်တို့ပြောလိုက်ပါ -  ဒီမှာစာရင်းလာပေး အိမ်ဖြူ တော်ရှေ့မှာ အေးအေးဆေးဆေး၊ အနှောင့်အယှက်ကင်း ပြောချင်တာ ကမ္ဘာကြီးကို ပြောပြနိုင်တယ်လို့။ ရွှေပြည်သားတွေ တရားဥပဒေဘောင်အတွင်းမှာ အနှောင့်အယှက်ကင်းမဲ့၊ လွတ်လပ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ကြပါစေ။ (သတင်း - Washington Post)

● မှတ်ကရော အယုတ်တမာကောင်
ထောင်ဒဏ် (၂၃၆) နှစ် ကျခံစေလို့ တရားသူကြီးက အမှုကြားနာစစ်ဆေးပြီး စီရင်ဆုံးဖြတ် အမိန့်ချလိုက်တော့ နှလုံးသွေးရပ်၊ နှပ်ချေးထွက်သေးထွက် တရှုပ်ရှုပ် ငိုချင်းချတဲ့ အမောင်ရဲမင်းကို သူ့ဆွေမျိုးတချို့ကလွဲ ကြားရမြင်ရသူအပေါင်း ဝမ်းနည်း စိတ်မကောင်းမဖြစ်၊ ကောင်းလေစွလို့ ထောပနာ ပြုကြတယ်။ ဖြစ်ပုံက အမိန့်အာဏာ လုပ်ပိုင်ခွင့်ကို အလွှဲသုံးစားလုပ်ကာ မိမိ ကာကွယ်စောင့်ရှောက် ကူညီရမယ့် ပြည်သူများကို ခြိမ်းခြောက်စော်ကား၊ အဓမ္မပြုကျင့်မှုစတဲ့ ရာဇဝတ်အမှုပေါင်း (၃၆) မှုနဲ့ ဖမ်းဆီးခံခဲ့ရသူက အသက် (၂၉) နှစ် ဒန်နီရယ် ဟော့ဇ်ကလော (Daniel Holtzclaw) ဆိုသူဖြစ်ပြီး၊ အမေရိကန် အ နောက်အလယ်ပိုင်း အိုကလားဟိုမား (Okalahoma) ပြည်နယ်၊ အိုကလားဟိုမားမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည် သူ့ရဲအရာရှိ။


ဆရာသမားက သူတာဝန်ထမ်းဆောင်နေချိန် ၂၀၁၃ - ၂၀၁၄ နှစ်ကာလအတွင်း ဆင်းရဲနွှမ်းပါးပြီး၊ တုံ့ပြန်မပြောရဲ၊  အနိုင် ကျင့်လို့ရတဲ့ အာဖရိကန်နွယ်ဖွား အမေရိကန် လူမည်းအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး သူတို့တွေကို တားဆီးဖမ်းဆီး၊ သေနတ်ပြ ခြိမ်းခြောက်ပြီး လိင်ဆက်ဆံဖို့ အဓမ္မတောင်းဆို၊ မုဒိမ်းကျင့် ကျူးလွန်ခဲ့တယ်။ အဲ့ဂလို အာဏာကို အလွှဲသုံးစား လုပ်၊ ရာဇဝတ်မှု ကျူးလွန်နေတဲ့ မောင်မင်းကြီးသားကို နောက်ဆုံးတော့ ဖွင့်ပြောရဲတဲ့ အမျိုးငယ်တဦးရဲ့  တိုင်းချက်ကြောင့် ဖမ်းဆီးစစ်ဆေးလိုက်တော့ ဆရာသမားရဲ့လုပ်ရပ်က အော့နှလုံးနာ မယုံနိုင်စရာ။

သူ အဓမ္မပြုကျင့် စော်ကားခဲ့တဲ့ မိန်းမတွေက အများကြီး။ တရားစီရင်တော့ ဓမ္မအတွက် အရှက်ကိုဖွင့်ချ၊ စော်ကားမှုခံရတဲ့ အမျိုးသမီး (၁၃) ယောက်ရဲ့ရင်ဖွင့်ထွက်ဆိုချက်၊ သက်သေသာဓကတွေကြောင့် တရားဥပဒေအထက် ဘယ်အကောင်မှ မရှိဘူးလို့ လက်ကိုင်စွဲထား၊ ဘယ်ရဲ-ဘယ်တပ်မှ ကြောက်စရာ၊ နာခံစရာမလိုတဲ့ တရားသူကြီးက ကူညီပါရစေ ပြည်သူ့ရဲကို မှတ်လောက်သားလောက် တသက်စာ အပြစ်ချမှတ်လိုက်တယ်။

ဒီလို အာဏာအလွှဲသုံးစားလုပ်၊ ကူညီစောင့်ရှောက်ရမယ့် ကိုယ့်နိုင်ငံသူနိုင်ငံသားတွေကို လက်နက်အားကိုး၊ တရားမဲ့ ကျူး လွန်နေသူတွေကို အပြစ်ပေးရမယ်ဆိုရင်တော့ မောင်ဥက္ကလာတို့ ရွှေပြည်မှာ ရသမျှ အခွင့်အရေးကို အလွဲသုံးစား၊ ဖောက် ဖျက်နေတဲ့ တပ်ချုပ်တပ်မှူးကနေ အောက်ခြေကျေးလက်က ရဲတပ်သား၊ စစ်သားတွေ တယောက်မှ အပြစ်လွတ်မှာ မဟုတ် ဘူးနော်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားဥပဒေ စိုးမိုးရေးကို တဖွဖွပြောရှာတယ်။ ဒါပေမဲ့ လောလောဆယ် တော့ ဗိုလ်ရှုပ်တွေ ဆက်လက်ထိန်းချုပ်နေတဲ့ ရွှေပြည်ကြီးမှာ တရားဥပဒေ စိုးမိုးရေးမရှိလို့ သူလည်း အစိုးရသစ်ကို သမ္မတမကြီး လုပ် အုပ်ချုပ်ဖို့ အခွင့်မသာ ဖြစ်နေရတယ်။ (သတင်း - Reuters)