ကိုသန်းလွင် - ဗီယက်နမ်နိုင်ငံနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု



ကိုသန်းလွင် - ဗီယက်နမ်နိုင်ငံနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု

(မိုးမခ) မတ် ၃၀၊ ၂၀၁၆

(၁)

လွန်ခဲ့သောနှစ်ပေါင်း၃၀အတွင်း ဗီယက်နိုင်နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင်အဖြစ်မှ ကမ္ဘာတွင် တိုးတက် ဖွံ့ဖြိုးမှု အကောင်းဆုံးနိုင်ငံတခုအဖြစ်ပြောင်းလဲလာနိုင်ခဲ့ပါသည်၊ ဗီယက်နမ်နိုင်ငံတွင် ၁၉၈၀ ခုနှစ်များ ကစခဲ့သော ဒွိုင်မွိုင်(Doi Moi) တော်လှန်ရေးဟုခေါ်ခဲ့ကြသောပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက ဗဟိုဦးစီး စီမံ ခန့်ခွဲသော စီးပွားရေး စနစ်ကို သိသိသာသာ ဖယ်ရှားနိုင်ခဲ့ကြပါသည်၊ ပြည်သူအပေါင်းနှင့် ကမ္ဘာကလက်ခံ သော ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်နိုင်ခဲ့ကြပါသည်။

၁၉၉၁ မှ ၂၀၁၀ ခုနှစ်အထိ တလျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဂျီဒီပီ (Growth Rate) ကို ၇% ရှိသည်ဟု ဆိုခဲ့ကြပါသည်၊ သို့ပါသော်လည်း ယခုတကမ္ဘာလုံး စီးပွားရေးကျဆင်းနေချိန်တွင်မူ ဗီယက်နမ်စီးပွားရေးမှာ ကြံ့ကြံ့ခိုင် နေသည်ဟု မယူဆ နိုင်သေးပါ၊ လူဦးရေ၏ သုံးပုံတပုံဖြစ်သော သန်း ၃၀ မျှသောလူထုမှာ ဆင်းရဲသော အဆင့်သို့လျော့ကျသွားဘွယ်ရှိသည်၊ ကမ္ဘာ့ဘဏ်ဥက္ကဌနှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့ ပူပေါင်းထုတ်ပြန်သော Vietnam 2035 ရီပို့မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရမည်၊ ဤလမ်းကြောင်း အတိုင်းဆက်လက် လုပ်နိုင်ခဲ့လျင် ဗီယက်နမ် နိုင်ငံအဖို့ လာမည့်အနှစ်၂၀အတွင်း ခေတ်မှီ ပဌမ ကမ္ဘာ့အဆင့်မှီ နိုင်ငံတော် ဖြစ်ရ မည်ဟုဆိုသည်။

ပဌမဆုံး တိုးတက်ဖွံ့ဖြိုးမှုနှုန်းကို ၇%၌ ထိမ်းထားနိုင်ရမည်၊ သို့မှသာ အနှစ် ၂၀ အတွင်းတွင် အလယ် အလတ် တန်းစားလူထုသည် လူချမ်းသာအဆင့်သို့တက်နိုင်ကြမည်၊ ထိုသို့တိုးတက်နေစေရန်မူ ထိုးထွင်းကြံဆမှု (Innovation) လိုသည်၊ စနစ်တကျ တိုးတက်သော မြို့တော်ကြီးများ (သို့မဟုတ်) ရာသီဥတုပြောင်း လဲမှု ဒဏ် ကို ကြံ့ကြံ့ခံနိုင်သော လူနေမြို့ကြီးများဖြစ်လာရန်လည်း လိုအပ်ပါသည်၊ ပိုပြီးခိုင်ခံသော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးတက်များပြားလာရန်လိုသည်၊ သို့မှသာ အလုပ် ကိုင်သစ်များ တိုးပွားခါစက်မှု ထုတ်ကုန်များတိုးပွားလာပေလိမ့်မည်။

တဦးနှင့်တဦး အပြိုင်အဆိုင် စီးပွားရေးလုပ်ကိုင်ကြရာတွင် အဟန့်အတားဖြစ်နေသော အတားအဆီးများကို ဖယ်ရှားပေးရမည်၊ လိုအပ်သောရင်းနှီးငွေနှင့် အထူးသဖြင့် လုပ်ငန်းရှင်များ၏ မြေကြီးပိုင်ဆိုင်မှုကို ခိုင်မာအောင် ဖန်တီးပေးရမည်၊ ဗီယက်နမ် နိုင်ငံသည် TPP ခေါ်ပစိဖိတ်နိုင်ငံများ စီးပွားရေးစာချုပ် ကိုလက်မှတ်ရေးထိုးပြီး ဖြစ်ရာ ၄င်းမှအခွင့်အရေးအသစ်များဖြစ်ပေါ်လာပါလိမ့်မည်။

ရီပို့၏ ဒုတိယအပိုင်းမှာ တိုးတက်မှုနှုန်းကို ထိမ်းထားနိုင်ရုံဖြင့်မပြီး ပြည်သူပြည်သားလူထုအတွင်း ဆင်းရဲ၊ ချမ်းသာကွာခြားခြင်းကို လျော့ချနိုင်ရမည်ဟုလည်းပါရှိပါသည်၊ နှစ်ပေါင်း၃၀အတွင်း ဆင်းရဲမှုကို လူထု အတွင်း ၅၀% မှ ၃% အထိလျော့ချနိုင်ခဲ့ပြီးပြီဟုဆိုသည်၊ ဝေးလံခေါင်ဖျားဒေသတွင် နေတိုင်းရင်းသားများ မှာ ဒုံရင်း အဆင့်မှာသာရှိနေသေးသည်၊ ကမ်းရိုးတန်းမြေနိမ့်ဒေသများ အထူးသဖြင့် (မြစ်ဝကွန်းပေါ်အရပ်များ) တွင် ရာသီဥတုပြောင်းလဲမှု ဖိစီးမှု ဒဏ်ကို အလူးအလဲခံကြရသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဘဏ်အကူအညီနှင့် လမ်းများ၊ ရေထွက်မြောင်းများ ပြုပြင်ပေးခြင်းဖြင့် ဧရိယာ နေရာ ၂၀၀ ခန့်ကို အဆင့်အတန်းမြှင့်တင်ပေးသော ပရောဂျက်ကို လုပ်ကိုင်လျက်ရှိပါသည်၊ ထိုဒေသများ၏ လူဦးရေမှာ ၂.၅သန်းမျှရှိပြီး အများစုမှာ ဆင်းရဲသားများဖြစ်ကြပါသည်၊ ဤသည်မှာ ပြုပြင်ရေးလုပ်ငန်းများ တွင် သိသာသော ဥပမာ တစ်ခုမျှသာဖြစ်ပါ၏။

ဆင်းရဲသားရပ်ကွက်မှ ကလေးငယ်များ ကျောင်းတက်နိုင်စေရန်၊ အာပာာရပြည့်ဝကြစေရန်၊ နေအိမ် အိမ်သာ အဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်နေခြင်းမှာ ထိုကလေးငယ်များ ကြီးပြင်းလာချိန်တွင် လူ့အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျဖြစ်ပြီး အောင်မြင်မှုရစေ နိုင်ရန် ဖြစ်ပါသည်၊ အခြား ပရောဂျက်များမှာ လူထုအတွက် သင့်တော် သော ပင်စင်ငွေ ရရှိကြရေး ၊ အလယ်တန်းနှင့် အထက်တန်းမှ အောင်မြင်သူကျောင်းသားဦးရေ ပိုမိုများပြား လာစေရေး၊ လူထုကျန်းမာရေး တိုးတက် လာစေရေး အတွက် အခြေခံလိုအပ်ချက် (Infra structure) များကို ဖြည့်ဆည်းပေးခြင်း ပရောဂျက် များ ပါဝင် ပါသည်။

တတိယနှင့် အရေးကြီးဆုံးမှာ အစိုးရ၏ အုပ်ချုပ်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါသည်၊ တိုင်းပြည်ကို အနှစ် ၄၀ ကျော်ကြာအောင် အုပ်ချုပ်ပြီးသည့်နောက် အခြေခံခိုင်မာမှုရှိပြီဟု ကွန်မြူနစ် အစိုးရက ယူဆဟန်ရှိသည်၊ လာမည့်မေလ ရွေးကောက်ပွဲတွင် အတိုက်အခံများဘက်မှ ၀င်ရောက် ယှဉ်ပြိုင်ပိုင်ခွင့်ကို ပေးထားသည်၊ အစိုးရ၏ ဒီမိုကရေစီရေး ပြုပြင်မှုများမှာ ထင်သာမြင်သာရှိပြီး ခြမစားသော ဗျူရိုလာရေစီယန္တယား တခုရှိရန် လိုအပ်သည်။

အခက်အခဲနှင့် (Challenge) များရှိသည်ဆိုသည့်တိုင် ဗီယက်နမ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ အောင်မြင်ရမည်ဟု မျှော်လင့်နိုင်ပါသည်။

(၃)

ကမ္ဘာ့ဘဏ်နှင့် ဗီယက်နမ်အစိုးရတို့ထုတ်ပြန်ခဲ့သော Vietnam 2035 ရီပို့မှာ လွန်စွာနှစ်ထောင်းအားရဖြစ်ဖွယ်၊ အားတက်ဖွယ်ရှိလှပါသည်၊ သို့ပါသော်လည်း ဗီယက်နမ်ပြုပြင်ရေးလုပ်ငန်းများမှာ အစိုးရ၏ ရာနှုန်းပြည့် ထောက်ခံမှု မပါဘဲ စိတ်မပါ့တပါနှင့် လုပ်ရသော လုပ်ငန်းများဖြစ်သည်ဟု ဝေဖန်သူများလည်း ရှိနေကြပါသည်၊ ဂျီဒီပီတိုးတက်မှုနှုန်းမှာလည်း အစိုးရကျေငြာသည့်ဂဏန်းများထက်လျော့နည်းနေသည်ဟုဝေဖန်နေကြသည်။

ကွန်မြူနစ်အစိုးရ၏ ထိမ်းချုပ်ထားလိုသောဆန္ဒနှင့် လွတ်လပ်ခွင့်ကိုလိုသော ဈေးကွက်စီးပွားရေးစနစ်၏ သဘောမှာ ဆန့်ကျင်ဘက်ဖြစ်နေကြသည်၊ အစိုးရဘတ်ဂျက်မှာ လိုငွေပြနေခြင်း လူများစုမှာ ကြွေးတင်နေ ကြခြင်း၊ ချေးထားသောငွေကြေးအများအပြား ပြန်မဆပ်နိုင်ကြခြင်း၊ နှင့်အတူ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများ မှာလည်းမအောင်မမြင် ဖြစ်နေကြပါသည်။

Asia Competitiveness Institute မှထုတ်ပြန်သော ဗီယက်နမ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှု Index မှာ တဖြည်းဖြည်း ကျဆင်းနေပါ၏၊ ၂၀၀၉ မှ ၂၀၁၃ အတွင်းတွင် ASEAN နိုင်ငံများ၏ ပျမ်းမျှအောက်သို့ ကျဆင်းသွားသည်၊ သိသာသောချို့ယွင်းချက်များတွင် ဈေးကွက်မတည်မငြိမ်ဖြစ်ရခြင်း၊ နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးများမှာ မိမိထင်ရာကို အထိမ်းအကွပ်မဲ့ ပြုမူနေကြခြင်း၊ စနစ်တခုလုံး ထင်သာမြင်သာမှုမရှိခြင်း၊ နှင့် အလုပ်သမား လုပ်သားထု၏အတတ်ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနိမ့်ကျခြင်းတို့ဖြစ်သည်။

SOE ခေါ် State Own Enterprise များမှာ အချိုးအစားမမျှအောင် အခွင့်အလန်းများရနေတတ်သည်၊ ဥပမာ စီးပွားရေးလုပ်ငန်းအတွက် မြေကွက်ဝယ်ယူရာတွင် ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်များအဖို့ ဈေးကြီးပြီးခက်ခဲ သလောက် အစိုးရပိုင်လုပ်ငန်းများအတွက်မူ လွယ်ကူလှပါသည်၊ ဘဏ်ချေးငွေတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများ အတွက်ခက်ခဲသလောက် စည်းကမ်းချက် နှင့်မညီ ဘူးဆိုစေ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အလွန်လွယ်ကူလှ သည်၊ အစိုးရပရောဂျက်များ ချပေးရာတွင်လည်း ထိုနည်းတူစွာ ပုဂ္ဂလိကလုပ်ငန်းများအဖို့ ရှုပ်ထွေးသော စည်းကမ်းများ၊ လာဒ်ပေးလာဒ်ယူကိစ္စများနှင့် ရှုပ်ထွေးနေတက်သည်၊

နိုင်ငံပိုင်စက်ရုံလုပ်ငန်းများအတွက် ၂၀၁၅ တွင် နည်းဥပဒေအသစ်များ ထွက်လာသော်လည်း အခြေအနေ များစွာမထူးခြားခဲ့ပေ၊ ထိုလုပ်ငန်းများမှာ တနိုင်ငံလုံးရင်းနှီးမြှုပ်နှံမှု၏ ၄၀%မျှ ပမာဏရှိသည်၊ ကမ္ဘာ့ဘဏ်မှ စံနှုန်းများအရပင် ၂၀၁၅ ခု ပဌမ ၃လပါတ်တွင် လုပ်ငန်း ၂၈၉ ခု အနက်မှ ၂၉ ခုသာ စံချိန်မှီသည်ဟု ဆုံးဖြတ်ကြသည်။

ပစိဖိတ်ကုန်သွယ်ရေးစာချုပ် TPP တွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် များမှ ညီတူမျှတူရှိရမည်ဟု ဆိုထားသည်၊ ထို့ကြောင့် အစိုးရ၏ စီးပွားရေးဆိုင်ရာ ကျင့်ထုံးဥပဒေများမှာ တပြေးညီဖြစ်ရန် လိုနေပေသည်၊ တနည်းဆိုသော် အစိုးရ၏ နိုင်ငံပိုင်ကုမ္ပဏီ များမှ တဆင့် စီးပွားရေး လုပ်ငန်းများအပေါ် သြဇာသက်ရောက်နေမှုများကို သိသိသာသာ လျှော့ချရမည်ဖြစ်သည်။

ကော်ပိုရေးရှင်းကြီးများမှာ ၂၀၁၁ ခုနှစ်တွင် လွတ်လပ်သော Audit Firm များနှင့်စာရင်းစစ်ကြရမည် ဟု အသစ်ထွက်လာသောဥပဒေကဆိုသည်၊ သို့ပါသော်လည်း ပွင့်လင်းမှုအားနည်းခြင်း၊ စာရင်းစစ်မှု အဆင့် အတန်း မမြင့်မားခြင်း၊ ဌာနတွင်း ထိမ်းချုပ်မှု (Control) အားနည်းခြင်း၊ စသည့်ကော်ပိုရေးရှင်းကြီးများ၏ စံချိန်စံညွှန်းမမှီသော လုပ်ဆောင်မှုများရှိနေဆဲပင်။

နောက်ပြဿနာတခုမှာ ဗီယက်နမ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အလုပ်လုပ် နိုင်မည့် အသက်ငယ်သော၊ ပညာတက်ကျွမ်းကျင်လိမ်မာမှုရှိသော လုပ်သားအရေအတွက် နည်းပါခြင်းပင်ဖြစ် သည်၊ အလုပ်သမားလုပ်ခမှာ နည်းပါးသည်နှင့်အတူ ထိုလုပ်သားများနှင့် အလုပ်လုပ်ရန် အရေးမှာ အဆင့် အတန်း အနိမ့်ဆုံးသို့ ခုန်ဆင်းသည်နှင့် တူနေပေသည်၊ အနှစ်၃၀မျှ ပြုပြင်ပြောင်းလဲရေးလုပ် ခဲ့သည့်တိုင် ကုမ္ပဏီပိုင်ရှင်များအဖို့ ကျွမ်းကျင်သည့်အလုပ်သမားများကို ရှာဖွေရနိုင်ရေးမှာ ခက်ခဲနေဆဲ ပင်ဖြစ်သည်၊ အထူးသဖြင့် မန်နေဂျာ၊ အုပ်ချုပ်ရေးမှူး၊ စက်မှုဆိုင်ရာကျွမ်းကျင်သူများ၊ ရရှိရန်ခက်ခဲတက်သည်။

(၄)

ကျွန်တော်တို့မြင်ခဲ့ကြသည့်အတိုင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးမှာ မေးသူကိုလိုက်၍အဖြေနှစ်မျိုးထွက်နေပေ သည်၊ ကမ္ဘာ့ဘဏ်၏ သဘောမှာ အကောင်းဘက်ကရှုမြင်သလို အောင်မြင်ရန် အခက်အခဲများရှိနေဆဲပါဟု ဆိုသူများလည်းရှိပါသည်၊

ဗဟိုဦးစီးသည့် စီးပွားရေးစံနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ပြောင်းလဲရာတွင် တွေ့ကြုံရမည့်အခက်အခဲ များကို ဗီယက်နမ်နိုင်ငံမှ ဥပမာများဖြင့် သင်ခမ်းစာ ရယူနိုင်ကြပေသည်။

ကိုသန်းလွင်

Reference: The Vietnam 2035 Report by The government of Vietnam and The World Bank Group.