ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ - မရယ်ရဘူး

လောကပါလ - မရယ်ရဘူး
(မိုးမခ) မတ် ၁၉၊ ၂၀၁၆

ရယ်စရာပုံပြင်ကလေးတစ်ပုဒ်မှာ ဤသို့။ ဆေးခန်းအတွင်းသို့ လူနာတစ်ဦးဝင်လာ၏။ သူ့ ခြေထောက် တစ်ဘက်မှာက ပတ်တီးနှင့်ဖြစ်လေသည်။

ဆရာဝန်။ ဘာဖြစ်လို့လဲ။

လူနာ။ ခေါင်းကိုက်လို့ပါဆရာ။

ဆရာဝန်။ ဒါဆို ခင်ဗျားခြေထောက်က ပတ်တီးက။

လူနာ။ အဲဒါက လျှောကျသွားတာပါခင်ဗျာ။

တစ်နေ့ ကုမ္ပဏီတစ်ခု၏အရောင်းမြင့်တင်ရေးဧည့်ခံပွဲတစ်ခုမှာ တစ်ဝိုင်းတည်းထိုင်နေကြသူများအား ထိုပုံပြင်ကို ကျွန်တော် ပြောပြရာ အားလုံးနှစ်သက်စွာရယ်မောကြလေသည်။ အားလုံးဆိုသော်လည်း မျက်နှာချင်းဆိုင်ရှိ အငြိမ်းစားကြီး ဦးလူ ထွားမပါဝင်။ သူနှင့်ကျွန်တော်သည် လွန်ခဲ့သည့်မီးနစ်အနည်းငယ်ကမှ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ရင်း နာမည်ကဒ်ပြားတွေအပြန်အလှန်လဲလှယ်ကာ အသိအကျွမ်းဖြစ်ခဲ့ကြ၏။ သူ့ ကဒ်ပြားပေါ်မှာ ဦးလူထွား (အငြိမ်းစား) ဟုသာရေး ထားပြီး ဘယ်ရုံးဌာန ဘယ်အဖွဲ့အစည်း ဖေါ်ပြမထားသဖြင့် ကျွန်တော်စပ်စုခဲ့သေးရာ အငြိမ်းစားယူထားပြီးမှတော့မှ ဘယ်ဌာနကဆိုတာအဓိကကျသေးလို့လား ကိုရင်ရယ်ဟု နဂိုတည်သောမျက်နှာပေးနှင့်ပြန်ဖြေခဲ့လေသည်။ ယ္ခုလည်း အနှီဦးလူထွားသည် ကျွန်တော့် ဟာသပုံပြင်ကို နားထောင်ပြီးနောက် ရယ်ဘို့ကိုအသာထား ပြုံးခြင်းအမှုပင်မပြု။ ရယ်မော ကြသူများကို စိတ်မသက်မသာစွာ ကြည့်ပြီးနောက် တစ်စုံတစ်ရာအတွေးနက်စွာ ငြိမ်သက်နေလေသည်။ ခဏအကြာတွင်မှ သူ ကျွန်တော့်ကို လှမ်းမေး၏။

“ခုနက ကိုရင်ပြောသွားတဲ့အထဲမှာ လူနာကဘာဖြစ်လို့ လဲဟင်”

“ခေါင်းကိုက်တာပါ”

“ဒါဆို ပတ္တီးက ဘာပြုလို့ ခြေထောက်ကိုရောက်နေတာလဲ”

“အဲဒါ လျှောကျသွားတာလေ”

“မဖြစ်နိုင်ဘူး”

ကျွန်တော့်ပုံပြင်ကို သူသဘောကျပုံမရ။ ထိုအချိန်ဖျော်ဖြေရေး အစီအစဉ်စသဖြင့် တစ်ဝိုင်းလုံး စင်မြင့်ပေါ်သို့ အာရုံကျ သွားကြပြီ။ သူခဏတစ်ဖြုတ်သာကြည့်ပြီးထပြန်သွားသည်ကို ကျွန်တော် သတိထားလိုက်မိ၏။ နယ်မှာ ကြုံရခဲသော ပွဲမျိုးမို့ ကျွန်တော်ကတော့ ပတ်စာခွာဖျာသိမ်းမှ ပြန်ဖြစ်လေသည်။
xxxx

နယ်မြို့ငယ်လေးတစ်မြို့တွင်အခြေချကာ ကိုယ်ပိုင်စီးပွားရေးလုပ်နေသောကျွန်တော် ရန်ကုန်ရောက်တုန်း ရောက်ခိုက် ကုမ္ပဏီပိုင်ရှင်မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားမှုဖြင့် ထိုညဧည့်ခံပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်၏။ ပွဲပြီးသောအခါ မိတ်ဆွေကို နှုတ်ဆက်ရင်း ခေတ္တစကားစမြည်ပြောဖြစ်ကြသဖြင့် တည်းအိမ်ကိုပြန်ရောက်တော့ ညဥ့် အတော်နက်ပြီ။ နံနက်စောစော ဧည့်သည်ကြိုရန် လေဆိပ်သို့သွားစရာကိစ္စရှိသေးသည်မို့ ကျွန်တော် ပြန်အလာကို ထိုင်စောင့်နေသော အိမ်ရှင် (ကျွန်တော့် အစ်ကိုကြီး) နှင့်ပင် စကားမပြောဖြစ်တော့ဘဲ သူတို့ ပြင်ဆင်ပေးထားသော အခန်းတွင်းသို့ဝင်ကာ အိပ်ဖို့ပြင်ဆင်သည်။ နယ်မှာစောစောအိပ်နေကျမို့ အိပ်ကလည်း အိပ်ချင်နေပြီ။ ထိုအခိုက်မှာပင် ကျွန်တော့လက်ကိုင်ဖုန်းကမြည်လာသည်။ ကျွန်တော်မသိသော နံပါတ်တစ်ခု ဖြစ်လေ၏။

“အမိန့်ရှိပါ ခင်ဗျာ”

“ဟဲလို ကိုရင်လား ကျွန်တော် လူထွားပါ”

“ဘယ်သူ”

“ညနေကဧည့်ခံပွဲမှာ ကိုရင်နဲ့စားပွဲ အတူထိုင်ခဲ့တဲ့ ဦးလူထွားလေ”

ဌာနမသိအငြိမ်းစားကြီးကို ကျွန်တော်အမှတ်ရသွားသည်။ ဘာကြောင့်များ ညကြီးမင်းကြီး ဖုန်းဆက်ပါလိမ့်။

“အော် ဟုတ်ကဲ့ပြောပါဆရာ ကျွန်တော်ဘာများကူညီရမလဲ”

သူ့ဆီက ချက်ခြင်းဖြေသံမကြားရ။

“ပြောပါ ဆရာ ကျွန်တော်ဘာအကူအညီပေးနိုင်မလဲ”

“ဟို ကိုရင်ပြောခဲ့တဲ့ joke ဟာလေ”

“အော်…..”

“အဲဒါ ကျုပ်နားမရှင်းတာလေးမေးချင်လို့”

အော် ဒါလေးများဟုကျွန်တော်စိတ်တွင်းမှ ပြောလိုက်မိလေ၏။

“ဟုတ်ကဲ့”

“အဲသည်ထဲမှာ ဆရာဝန်မေးတော့ လူနာကခေါင်းကိုက်တယ်လို့ပြောတယ်နော်”

“ဟုတ်ပါတယ်”

“အဲသည်လူနာကခြေထောက်မှာ ပတ်တီးနဲ့”

“_ _ _ _”

“ခေါင်းကိုက်တဲ့လူနာတစ်ယောက်က ဘာလို့ခြေထောက်မှာပတ်တီးနဲ့ဖြစ်နေရတာလဲ”

“လျှောကျသွားတယ်လို့ပြောတာပဲ ဆရာ”

“အဲဒါကို ကျုပ်မရှင်းတာ ကိုရင် စဉ်းစားကြည့်လေ”

သူ့လေသံမှာ ခြူသံပါအောင်ညည်းသည်ဟု ပြော၍ရနိုင်သော စိတ်ပျက်လက်ပျက်သံမျိုး ဖြစ်၏။

“ခေါင်းကပတ္တီး ဘယ်လိုလုပ်ပြီး ခြေထောက်ကိုရောက်နိုင်မှာလဲ၊ ယုတ္တိယုတ္တာမရှိ”

“လျှောကျသွားတာလေ”

ကျွန်တော်အိပ်ချင်စိတ်ပျောက်ပြီး ရယ်ချင်စိတ်ပေါက်လာ၏။  သူအသံကတော့ စိတ်ပျက်သံမှ စိတ်ဆိုးသံသို့ ‘ကီး’ ပြောင်းသွားလေသည်။

“ဒီမှာ ကိုရင်လည်းခေတ်ပညာတတ်တစ်ယောက်ပဲလေ။ ပတ္တီးတစ်ခုခေါင်းကနေခြေထောက်အထိ လျှောကျ တယ်ဆိုတဲ့ လောဂျစ်ကို လက်ခံဘို့ရာ ခေါင်းနဲ့ကိုယ် ခေါင်းနဲ့ခြေထောက်တွေရဲ့ အနေအထားရယ် သူတို့ရဲ့ အရွယ်အစား တွေရယ်ကို ထည့်မတွက်လို့မှ မရတာ။”

“_ _ _ _”

“ကိုရင်ပဲဖြစ်ဖြစ် ကျုပ်ပဲဖြစ်ဖြစ် ခေါင်းမှာပတ္တီးစည်းပြီဆိုရင်………………………..”

“_ _ _ _”

“လျှောကျပြီပဲထားပါတော့၊ ခြေထောက်ကိုရောက်ဘို့ ပထမဆုံး ခင်ဗျားတို့ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကိုဖြတ်ရမယ်၊ ဟုတ်တယ်နော်၊ ဒီမှာပြဿနာက …………”

ကျွန်တော့်တွင် ရယ်ချင်စိတ်တို့ပျောက်ပြီး အိပ်ချင်စိတ်တို့ ပြန်ရောက်လာသည်။

“ဒီမယ် ဒီကိစ္စ ကျုပ်လက်တွေ့စမ်းကြည့်ပြီးပြီ၊ ပတ္တီးတစ်ခုဟာခေါင်းကနေလျှောကျနိုင်ရင် အလွန်ဆုံးလည်ပင်း အထိပဲ၊ ဒါတောင်မှ..”

“ဆရာရေ ကျွန်တော် မနက်အစောကြီး လေဆိပ်ဆင်းရမှာမို့ ဂွဒ်နိုက်နော်”

သူ့ကိုဂွဒ်နိုက်လိုက်သော်လည်း ထိုညအဖို့ ကျွန်တော် ဂွဒ်မနိုက်တော့။ လင်းအားကြီးမှ မှေးသည်ဆိုရုံကလေး အိပ်လိုက်ရပြီး ကမန်းကတန်းပြန်ထကာ လေဆိပ်သို့ပြေးရလေသည်။
xxxxx

ကျွန်တော့ဧည့်သည်က ရန်ကုန်မှာနှစ်ရက်ကြာနေသွားသည်။ ဧည့်ဝတ်ကျေအောင်သူသွားလေရာ ကျွန်တော် လိုက်ခဲ့ရ သည်။ ထိုအတောအတွင်း ဆရာသမားအငြိမ်းစားကြီး ကျွန်တော့်ထံ တယ်လီဖုန်းသုံးကြိမ် ဆက်ခဲ့ရာ သုံးကြိမ်စလုံး စကားမပြောလိုက်ရ။ ပထမတစ်ကြိမ်တုံးက ဖုံးမြည်သံမကြားရသဖြင့် မကိုင်လိုက်မိခြင်းဖြစ်ပြီး ဒုတိယနှင့် တတိယ အကြိမ်များတွင်မူ သူ့ဖုန်းမှန်းသိလျက် တမင်မဖြေဘဲနေလိုက်ခြင်းဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် (တစ်ကြိမ်သာစကားပြောဖူးသေးသော်လည်း) သူနှင့်ဖုန်းပြောရမှာကျွန်တော်ကြောက်နေသည်။

ကျွန်တော့်တစ်သက် ဟာသကို သဘာဝပေတံဖြင့် အကြောက်အကန်တိုင်းတာတတ်သည့် သူ့လိုလူမျိုး တစ်ကြိမ်သာ တွေ့ဘူးသောကြောင့် အံ့သြခြင်းကြီးစွာလည်း ဖြစ်ရသည်။ ကျွန်တော်ပြောခဲ့သော ဟာသပုံပြင် ထက် သူကပိုပြီးရယ်ဖွယ်ဖြစ်နေသည်ကိုစဉ်းစားမိသောအခါ ရယ်စရာစာတစ်ပုဒ်ရေးထုတ်ဘို့ပင် စိတ်ကူး ပေါက်မိ၏။ သို့နှင့် ‘မရယ်ရဘူး’ ဟူသော စာတိုတစ်ပုဒ်ကိုရေးဖြစ်ပြီး အယ်ဒီတာမင်းထံပါးသို့ ရောက်ရှိခဲ့ လေသည်။ ထိုအယ်ဒီတာသည် ကျွန်တော်နှင့်ကျောင်းနေဘက် ဝါသနာတူ စာပေလိုက်စားဖေါ်လိုက်စားဖက်။ ကျောင်းအသီးသီးပြီးကြတော့ ကျွန်တော်က စီးပွားရေးဘက်ရောက်ကာ စာပေနှင့်ဝေးသွားသော်လည်း သူက စာပေတွင်သာ မွေ့လျော်ခဲ့သည့်အလျောက် ယ္ခုအခါ နာမည်ရမဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာဖြစ်နေသည်။ ကျွန်တော် နှင့် တွေ့တိုင်းတွေ့တိုင်း စာကလေးပေးကလေးရေး လက်ပြန်သွေးဘို့အားပေးနေကျ။

သူငယ်ချင်းအယ်ဒီတာကို သူ့ရုံးခန်းမှာအခန့်သင့်တွေ့ရသဖြင့် စာမူကိုပေးလိုက်သာအခါ  သူကချက်ခြင်းပင် ဖတ်ရှု၏။ ထို့နောက် တစ်ကိုယ်လုံးသွက်သွက်ခါသည်အထိ အသံထွက်ကာရယ်မောနေလေသည်။ ရယ်ရင်း ကလည်း ကျွန်တော့်ကို စကားလှမ်းပြောသေးသည်။

“ဟား..ဟား..ရီရတယ်ဗျာ၊ ခင်ဗျားအတော်ရေးတတ်တာပဲ ဘယ်လိုစဉ်းစားပြီးများရေးထားတာတုံး”

“စဉ်းစားစရာမလိုဘူးဆရာရေ့ အဲဒါကိုယ်တွေ့ဗျ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာကိုပြန်ရေးထားတာ”

ကျွန်တော့်စကားကြားသောအခါသူရယ်ခြင်းကိုရပ်၍

“ဟုတ်လား ဒီလိုလူမျိုးတွေ လောကမှာရှိသတဲ့လား အေးလေ ရှိလို့လဲ ခင်ဗျားတွေ့တာပေါ့”

ထို့နောက် သူဆက်လက်ရယ်မောနေပြန်သည်။ ပြီးမှ

“ထားခဲ့ဗျာ ကျွန်တော်ကြည့်စီစဉ်လိုက်မယ်။ နောက်ထပ် ဒါမျိုးလေးတွေလဲလုပ်ပါဦးဗျ ဟဲ ဟဲ၊ အတော် ရီရတယ်။”

သည်တစ်ခါတော့ ကျွန်တော်ပါ သူနှင့်ရောယောင်ရယ်မောဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူ့ထံမှအားတက် စရာစကား ကြားရပြီမို့ သည်ကနေ့ နယ်ကိုပြန်မည် ဘာမှာဦးမလဲ စသည်လောကဝတ်စကား တစ်လုံးတစ်လေ ပြောပြီးနောက် သူ့ကို နှုတ်ဆက်လိုက်၏။ သူက မမှာတော့ပါဟုသာ စာမူကိုထပ်ဖတ်ရင်းပြော၏။ ပြောရင်းလည်း ရယ်နေလေသည်။

“ဒါထက်နေပါဦးဗျ”

သူ့စကားကြောင့် ပြန်ရန်ထိုင်ခုံမှထလိုက်ပြီးဖြစ်သည့် ကျွန်တော် ပြန်ထိုင်လိုက်ရသည်။

“ဒီအထဲမှာ လူနာကဘာဖြစ်တာတဲ့လဲ”

ကျွန်တော့်စာမူ မဂ္ဂဇင်းထဲမှာ ဘယ်တော့မှပါလာတော့မည် မဟုတ်ကြောင်း ကျွန်တော်နားလည်လိုက်ပြီ။

[ဝန်ခံချက်။ ဖတ်ရှုနှစ်သက်ခဲ့ဖူးသော ဆိုဗီယက်ဝတ္ထုတိုတစ်ပုဒ်ကိုမှီးပါသည်]