ဒီလူည - ခေါက် ရိုးကျိုးမြစ်

ဒီလူည - ခေါက် ရိုးကျိုးမြစ်
(မိုးမခ) မတ် ၁၄၊ ၂၀၁၆

နေဝင် မိုးချုပ်
အက်ကြောင်းထပ်နေတဲ့ ခေါက်ရိုးကျိုး
မြစ်တစ်စင်းလို စီးဆင်း
ကိုယ့်အဓိပ္ပါယ် ကိုယ်ဖော်ရင်း
မောလာတဲ့လမ်းတွေပေါ်မှာ လရောင် ဟာတိတ်ဆိတ်
စိုးတထိတ်ထိတ်နဲ့ စားနေရတဲ့ထမင်း
အိပ်ရာထက်မှာ မေတ္တာပွားလို့။

ညမှာ ကြယ်ကြွေတာများတယ်
လမ်းတွေက အဝါရောင်တွေ ဆိုးတယ်
အရိပ်တွေဟာ တန်ဆာမဲ့လာတော့
ပြက္ခဒိန်ပေါ်က ရက်ရာဇာတွေဟာ
အပေါင်ဆိုင်တွေကို သွေးထိုးပေးလာတယ်
ငါတို့ဟာ
ကိုယ့်ရင်ဘတ် ကိုယ်ပြန်မကြည့်ဘဲ
အပြုံးတွေမှာ
သံသယတွေ တပ်ဆင်ထားကြတော့
မေတ္တာတရားဟာ မျက်နှာငယ်နေရတယ်။