မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ခုခံကာကွယ်ပိုင်ခွင့်က တန်းတူညီမျှ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ခုခံကာကွယ်ပိုင်ခွင့်က တန်းတူညီမျှ
(မိုးမခ) မတ် ၂၊ ၂၀၁၆
 
အခြေအနေကောင်းနေတုံးက အခြွေအရံတွေ ပတ်လည်ဝန်းရံနေတုန်းက ဆွဲလိုက်တဲ့အစီအမံ၊  အကွက်ချခဲ့တဲ့စီမံကိန်း တွေက  ပိပိရိရိ  သပ်သပ်ရပ်ရပ်  ရေပက်မဝင်အောင် ဒေါင့်စေ့လို့ပါလေ၊ ကံကြမ္မာလည်းဖေးမ  အခြေအနေကလည်းဝိုင်းရံ      ပံ့ပိုးကူညီသူတွေလည်း အဆင်သင့်မို့ ပွဲသွားမော့မော့ ပွဲလာကျော့ကျော့် ဘုန်းမောင်တယောက် ပွဲလည်တင့်ခဲ့ပါကော။

ခုများချိန်ခါမှာတော့ အပျက်ပျက်နဲ့ မြက်စားရမယ့်ကိန်း၊ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာရုံမက မုန်တိုင်းပါ အဆစ်တိုးခဲ့ တော့ အရာရာ ၀ါးအစည်းပြေခဲ့တာတော့ ဖြစ်ရိုးဖြစ်စဉ် သမရိုးကျမဟုတ်။ သူတလူ ငါတမင်း သူသူငါငါ အပြန်အလှန် လက်ညှိုးထိုးရင်း အဝေးကို ရှောင်ပြေးထါက်သွားတာက သံဝေဂရစရာပါလား။ ဘက်ပြောင်း အကာအကွယ်ယူ ပုန်းခိုစရာ ရှာနေရတာကလည်း ရှက်စရာ၊ လူပုံအလယ် အထီးကျန် အရူးမီးဝိုင်းနေတာလည်း သနားစရာ။

လက်ရှိ ဒုတိယလွှတ်တော်အသစ်နဲ့ တည်ဆဲ တည်မြဲအစိုးရအဖွဲ့ရဲ့လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်မှုမရှိ၊ တာဝန်ခံမှုမရှိ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးပြဌာန်းချက်ကို အကာအကွယ်ယူပြီး နိုင်ငံတော် ဘဏ္ဍာတွေကို ဗရမ်းဗတာ ကိုယ်ကျိုးအတွက် ကဲ့ယူ၊ ပုလင်းတူဗူးစို့ အကျင့်ပျက်ခရိုနီတသိုက်နဲ့ ခြေပုန်းခုတ်နေတာဟာ ဥပဒေက နောက်ကြောင်းပြန် မသက်ရောက်စေရဆိုတဲ့အရာနဲ့ လွှမ်းမိုးပျက်ပြယ်လို့မရပါ။ အလွဲအပြောင်း စပ်ကူးမတ်ကူးကာလတခုအတွင်း ဖွဲ့စည်းပုံ အခြခံဥပဒေရဲ့ ပြဌန်းချက်အရ တာဝန်ခံမှု ဆက်စပ်ပတ်သက်မှုမရှိခဲ့ခြင်းအပေါ် တရားဝင်ဖြစ်တည်ပေါ်ပေါက်လာတဲ့ လွှတ် တော်ကို တာဝန်ခံခြင်း ဖြေရှင်းခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင် ပြောင်တင်းတင်း မျက်ကွယ်ပြု ချိုးဖောက်ခြင်းပါပဲ။

စီမံကိန်းကြီးကြီးတွေ လုပ်ပိုင်ခွင့်အကြီးကြီးတွေဟာ လုပ်မြဲ လုပ်ဆဲ တည်မြဲ တည်ဆဲ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်အတိုင်း ဆက်သွားနေမှာကတော့ နိုင်ငံတကာပဋိညာဉ်စံနှုန်းအတိုင်းတော့ ဆက်သွားနေရမှာပါပဲ။ အဲဒီလို ဆက်ရင် လုပ်ရင်းနဲ့ နဂိုကတည်းက မမျှမတ၊ စနစ်မကျ၊ အကျိုးအကြောင်း မဆီလျော်၊ ပြီးစလွယ် စတည်ခဲ့တဲ့လုပ်ငန်းကြီး စီမံကိန်းကြီးတွေ တနေ့နေ့ တချိန်ချိန် တနေရာရာ လွဲချော်မှုတွေ ဆုံးရှုံးမှုတွေနဲ့ ကြုံဆုံလာခဲ့ရင်တော့ တည်ဆဲဥပဒေအရ ပြစ်မှုကြောင်း ခြင်းရာတွေကို ကျိုးကြောင်းဆီလျော်အောင် အစကနေ အဆုံးထိ ပြီးပြည့်စုံအောင် တည်ဆောက်ရတော့မှာပါ။ ဥပဒေအရပ်ရပ်က ကွင်းဆက်ဖြတ်တောက်လို့မရပါ။ ဟိုတစ ဒီတဖြတ်နဲ့ အမှုတည်ဆောက်မရပါ။ ခွင့်မပြုပါ။ အမှုဖြစ် အကြောင်းရာတွေ စနစ်တကျ စဉ်ဆက်မပြတ် ပြီးပြည့်စုံအောင်တည်ဆောက်ရမှာက ဥပဒေပါ ပြဌာန်းချက်တခုပါပေ။

ဖွဲ့ စည်းပုံအခြေခံဥပဒေအရကော တည်ဆဲဥပဒေအရပ်ရပ်ကပါ   အမှုဖြစ်စဉ်တခုထဲအပေါ်      အရင်က အစဖြစ်တည်ပေါ်ပေါက် လာတဲ့အခင်းဖြစ်အကြောင်းအရာတွေကို လွှမ်းမိုးပယ်ဖျက်ပြီး အမှုစတင်ပေါ်ပေါက်လာတဲ့အချိန်မှ အသက်ဝင် သက်ရောက် မှုရှိစေရမည်ဟု မပြဋ္ဌာန်းခဲ့၊ သီးခြားနစ်နာမှု၊ ထိခိုက်ဆုံးရှုးံမှု၊ ကိုယ်ရေးကိုယ်တာ ခံစားချက် အစစရှိတာတွေအတွက် အပူတ ပြင်း ကမောကသောပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ နောက်ကြောင်းပြန်သက်ရောက်မှုမရှိစေရဆိုတာနဲ့လဲ အကာအကွယ် ယူသုံး လို့မရပါ၊၊

ဖြစ်ရပ်တခု လုပ်ငန်းတခု စီမံကိန်းတခု  စတည်ကတည်းက စဉ်ဆက်မပြတ်စီးဆင်းနေသလို အမှုဖြစ် အကြောင်းအရာကို လဲ စဉ်ဆက်မပြတ်တည်ဆောက်ရမှာ မလွဲ၊ အလားတူ တာဝန်ခံမှု၊ တာဝန်ယူမှုတွေလဲ  စဉ်ဆက်မပြတ်ပါဘဲ။
   
လုပ်ရိုးလုပ်စဉ်အတိုင်း စဆုံး ပြီးပြည်စုံအောင်တည်ဆောက်ထားတဲ့ ဥပဒေပါ အမှုဖြစ် အကြောင်း အချင်းအရာတွေကို  ပြီး ပြတ်ကင်းစင်အောင် ဥပဒေက ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးပေးထားပါတယ်။ ဟုတ်ပါတယ် ဥပဒေက ခုခံကာကွယ်ပိုင် ခွင့်ကို တန်းတူညီမျှ ပေးထားပါတယ်လေ၊၊

မောင်မောင်လတ် (ရွှေအင်လေးစာပေ)
Photo : REUTERS/Edgar Su