ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မိုးကျော်ဇင် - ကျပ်တစ်ထောင်တန် ထိုင်ခုံ

မိုးကျော်ဇင် - ကျပ်တစ်ထောင်တန် ထိုင်ခုံ
(မိုးမခ) မတ် ၂၆၊ ၂၀၁၆

(၁)
ထိုနေ့က ကျွန်တော် ဆူးလေလမ်းသို့ ရောက်သောအခါ မွန်းလွဲ ၃ နာရီနီးပါးရှိပြီ။

(၂)
ဆူးလေလမ်းမှာ နီဇော်၏ လေနုအေး ၏မရှိပါ။ ဗင်းဆင့်ဗန်ဂိုး၏ အဝါရောင်တွေသာ စူးစူးရဲရဲ တောက်ပနေကြသည်။ ကျဲကျဲတောက် နေရောင်အောက် အပူတပြင်း ပြေးလွှားနေ သည့် ကားတွေ၊ လူတွေသာ ရှိကြသည်။ သည်နေ့ မတွေ့လျှင် မဖြစ်သည့် တစ်စုံတစ်ခုကို  အပူတပြင်း ရှာဖွေနေသည့် သောကတွေ လှိုင်းထန်နေကြသည်။ ဆူးလေစေတီခြေရင်းမှ ခို တွေသာ အေးအေးလူလူ အစာစားနေနိုင်ကြ၏။

ကျွန်တော်က လမ်းလယ် ပလက်ဖောင်းပေါ်သို့ တက်လိုက်၏။ မျက်စိကို သွေးသား ကုန်သည်တစ်ယောက် ဈေးကွက်ရှာ နေသလိုမျိုး ကစား၍ ကျပ်တစ်ထောင်တန် ကားငယ် ကလေးတွေကို ရှာဖွေကြည့်သည်။ မတွေ့ရသေးပါ။ မထူးခြားသည့် အထူးဘတ်စ်ကားတွေ ၊ မထူး ဘတ်စ်ကားတွေနှင့် ကားပေါင်းများစွာ ရှေ့ထိုးနောက်ငင် ရွေ့နေသည့်ကြားမှာ တစ် ထောင်တန် ကားငယ်လေးတွေ ရှာဖွေရသည်မှာ သိပ်မလွယ်ကူပါ။ ထို့အတူ သားငါးဈေး တန်းထဲ ဝင်လိုက်သည့်အခါ အလု အယက် ခေါ်အော်ရောင်းနေကြသလိုမျိုး ကားစပယ်ယာ တွေ၏ လူခေါ်သံတွေကလည်း ဥပေက္ခာပြုရန် သိပ်မလွယ်ကူပါ။

ကျွန်တော် သည်လမ်းသို့ ရောက်လာခြင်းသည် နေပြည်တော် သို့မဟုတ် ရှေ့ဆောင် ရုပ်ရှင်ရုံ တစ်ရုံရုံ၏ ထိုင်ခုံတစ်ခုံအတွက် ရောက်ရှိလာခြင်း မဟုတ်ပါ။ ဆူးလေရှန်ဂရီလာ၏ ထိုင်ခုံများနှင့်လည်း မပတ်သက်ပါ။ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ပြေးဆွဲသော ကား ငယ်တစ်စီးမှ ကျပ်တစ်ထောင်တန် ထိုင်ခုံတစ်ခုံ ရရှိရန်သာ ဖြစ်ပါသည်။

နာရီကြည့်လိုက်သည်။ လမ်းမှာ ကြာချိန်နှင့် အဝေးပြေးကားထွက်ချိန်တို့ကို တွက်ချက် ၍ ပိုနေမည့် မိနစ်အနည်းအငယ်အတွက် ပလက်ဖောင်းပေါ်မှ ကြံရည်ဆိုင် ပက်လက်လေးမှာ ဝင်ထိုင်ချပစ်လိုက်သည်။ ကြံရည်တစ်ခွက် မှာလိုက်သည်။ ကြံရည် ဆရာက ပလက် ဖောင်းပေါ်မှ လက်ဆွဲမီးစက်လေးကို အကြိမ်ပေါင်းများစွာ ကြိုးစားနှိုးပြီးနောက် ကြံရည်အ နည်းငယ်စွက် ထားသည့် ရေခဲရေတစ်ခွက် လာချပေး၏။

ကျွန်တော်က မည်သည့်စောဒကမျှ မတက်ရဲဘဲ ရေခဲရေ ချိုပေါ့တစ်ခွက်ကို ကြိတ်မှိတ်သောက်ကာ ကျသင့်ငွေ ၅၀၀ ကျပ် စစ်စစ်ကို မည်သည့်အရာမျှ မရောစွက်ဘဲ ပေးချေ လိုက်သည်။

ကြံရည်ဆိုင် ပက်လက်လေးမှ ရင်ကွဲပက်လက်ဖြင့် ပြန်ထပြီး တစ်ထောင်ကျပ်တန် ကားငယ်လေးတွေကို လိုက်ရှာရပြန်သည်။ ဆူးလေစေတီဘက် အနည်းငယ် ဆက်သွားကြည့်သောအခါ ကားတံခါးဖွင့်လျက်ဖြင့် ထွက်လုဆဲဆဲဟန်ပြင်ထားသည့် ကျပ် တစ်ထောင်တန် ကားတစ်စီးကို တွေ့ရပါသည်။

ကျွန်တော် ကံကောင်းသည်။ ကားပေါ်မှာ လူသိပ်မရှိသေး။ ကားစပယ်ယာလေးက မှတ်တိုင်အနီးအဝေးကိုလိုက်၍ နေရာချ ထားပေးနေသည်။ ကျွန်တော်က ဒရိုင်ဘာနောက် ကပ်လျက် ခုံတန်းမှာ နေရာရသည်။ ညာဘက်ဘေး ပြတင်းပေါက်ကပ်လျက် မိန်းခလေးမှာ ဖုန်းတစ်လုံးဖြင့် အလုပ်များနေ၏။ လက်ကိုင်အိတ် တစ်လုံးနှင့် ပေါ့ပေါ့ပါးပါးဟန်ရှ်ိသော ကြောင့် ကြားမှတ် တိုင်တစ်ခုမှာ ဆင်းလိမ့်မည်။ ကျွန်တော့်ညာဘက်ဘေးခုံသို့ ကျောပိုးအိတ်နှင့် လူငယ်တစ်ယောက် မောကြီးပန်းကြီး ဝင်ထိုင်သည်။ လူ ၁၀ ယောက်သာ ဆံ့သော ကားလေးမို့ မကြာခင် ခရီးသည် ပြည့်လုနီးပါး ဖြစ်သွားသည်။ မကြာခင် ကားစ ပယ်ယာလေး ကားပေါ်တက်သည်။ မကြာခင် ကားဘီးတွေ လှိမ့်သည်။ မကြာခင် ကားခ တစ်ထောင်ကျပ်စီ ပေးရသည်။ မကြာခင် ကျွန်တော် ထိုလူကြီးကို သတိထားမိသွား၏။

အောင်မင်္ဂလာအဝေးပြေးအထိ သီးသန့် ပြေးဆွဲသော်လည်း ခရီးသည်အားလုံး အဝေးပြေးဂိတ်အထိ လိုက်ကြမည်တော့ မဟုတ်ပြန်။ တက္ကစီငှားခလို ကိုယ့်အတွက် သီး သန့် ကုန်ကျခြင်းထက် တစ်ယောက် တစ်ထောင်ကျပ်ဖြင့် ခရီးလည်းရောက် ၊ စရိတ်လည်း သက်သာသော သည် စုပေါင်းတက္ကစီအမည်ခံကားငယ်တွေကို ရွေးချယ်သူတွေ ပိုများလာ ကြသည်။

ထိုလူကြီးမှာ ရှေ့ဆုံး ခေါင်းခန်းမှ ညာဘက် တံခါးပေါက်ဘေးမှာ ထိုင်နေသည်။ သည်ကားတစ်စီးလုံးတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည့် နေရာမျိုးဖြစ်သည်။ သူနှင့် ဒရိုင်ဘာကြားတွင် အနည်းအငယ်သေးသော ခုံတစ်ခုံရှိပြီး လူငယ်တစ်ယောက် ထိုင်နေ သည်။ အသက် ၇၀ ကျော်ခန့်ရှိပြီဟု ခန့်မှန်းရသော်လည်း ခန္ဓာကိုယ်နှင့် မျက်နှာဖွဲ့ စည်းပုံ က ခိုင်ခံ့မာကျောပုံရသည်။ မျက်နှာမှာ မှဲ့လိုလို၊ ဘုလိုလို အဖုလေးတွေ ပြန့်ကျဲနေသည်။ မျက်မှန်တပ်ထားသည်။ ပင်စင်စား ဥပဓိရုပ် ပေါက်သည်။  ကျွန်တော် သူ့ကို ထူးထူးခြားခြား  သတိထားမိသွားစေသော အချက်မှာ သူ့မျက်မှန် မှန်ချပ်နှင့် ထိလုနီးပါး တိုးကပ်ထားသည့် ဟန်းဖုန်းတစ်လုံး၏ မှန်မျက်နှာပြင်ကြောင့်ပင်။

ကျွန်တော်က သူ့နောက်ဘက် ဓားလွယ်ခုတ်နေရာတွင် ထိုင်နေသောကြောင့် သူ့ ဟန်းဖုန်းမျက်နှာပြင်ကို အလွယ်တကူ မြင်နေရသည်။ တစ်ခါတစ်ရံ viber ဖြင့် စာပို့စာယူ လုပ်နေတတ်သည်။ တစ်ခါတရံ ပူဖောင်းပစ်ဖောက်သည့် ဂိမ်းဆော့နေ သည်။ တစ်ခါတရံ ဖုန်းကိုပိတ်ထားပြီး မကြာမီ ဖုန်းပြန်ပွတ်နေပြန်သည်။ သူ့ကိုယ်ခန္ဓာပေါ် ပိုင်စိုးပိုင်နင်း တွား တက်လာနေ သည့် လက္ခဏာရေး သုံးပါးကိုမူ မမြင်ဟန် ဆောင်ထားသည်။ သူ့ကြည့်ရသည်မှာ ဂိတ်ဆုံးအထိ လိုက်မည့်ပုံမပေါ်။

ကျွန်တော် သူ့ကို ကြာကြာ စူးစိုက် မကြည့်နိုင်ပါ။ ဘေးလူတွေမြင်လျှင် ကျွန်တော့်အကြည့်ကို ရိုင်းသည်ဟု အကြည့်ရိုင်း တွေဖြင့်ပင် စွပ်စွဲကြပေလိမ့်မည်။

ကျောပိုးအိတ်ကို ဖွင့်ပြီး ပူပူနွေးနွေး ဝယ်လာသည့် စာအုပ်တွေကို ထုတ်ကြည့်သည်။ အမှာစာမုခ်ဦးမှတစ်ဆင့် စာအုပ်အ တွင်းထဲ လှမ်းချောင်းကြည့်သည်။ တစ်အုပ်ပြီး နောက် တစ်အုပ်။ အိမ်ရောက်လျှင် အရင်ဖတ်ရမည့် စာအုပ်ကို ရွေးချယ်သည်။

ထိုအခိုက် ကားက ထိုးရပ်သွားသည်။ ကား ရှေ့ခန်းတံခါး ပွင့်သွားသည်။ ကျွန်တော့် လူကြီး ဆင်းသွားသည်။ ဟင် - မဟုတ် သေး။ သူနှင့် ဒရိုင်ဘာကြားမှလူ ဆင်းသွားခြင်းဖြစ်ပြီး ခရီးသည် အသစ်တစ်ယောက် ပြန်တက်ရန်ပြန်သည်။ ကားစပယ်ယာ လေးက ထို လူကြီးကို အလယ်ခုံကို ရွှေ့ပေးရန်နှင့် အရင်ဆင်းမည့် ခရီးသည်အသစ် အမျိုးသမီးကို တံ ခါးဘေးထိုင်ခုံမှာ ထိုင်စေရန် ပြောသည်။ သူက စကားများများ ပြန်မပြောပါ။ " ရတယ် - သူ ဆင်းရင် ငါလည်း ဆင်းပြီး ခဏဖယ်ပေးမယ် " ဟု ပြောသည်။ ဒရိုင်ဘာက လှမ်းကြည့် သည်။ စပယ်ယာက ခေါင်းရမ်းသည်။ အမျိုးသမီးက အလယ်ခုံကို ခက်ခက်ခဲခဲ တိုးဝင်ထိုင် လိုက်သည်။ သူက ကားတစ်စီးလုံး၏ အကောင်းဆုံးနေရာဟု သတ်မှတ်နိုင်သည့် ထိုထိုင်ခုံမှာပင် ဝင်ထိုင်လိုက် ပြန်သည်။ ပြီးသည်နှင့် ဖုန်းမျက်နှာပြင်နှင့် မျက်မှန်မျက်နှာပြင်တို့ ထိလု နီးပါး တိုးကပ်လိုက်ပြန်သည်။

ကားသည် ဆက်လက်ထွက်ခွာခဲ့သော်လည်း ကျွန်တော့်မျက်လုံးတွေက ထိုလူကြီး ထံမှ မထွက်ခွာနိုင်တော့ပါ။ viber ဖြင့် စာပို့စာယူ လုပ်သည်။ ဂိမ်းဆော့သည်။ ဂိမ်းဆော့သည်။ viber ဖွင့်ပြန်သည်။ ပြတင်းပေါက်ဘေးနေရာကို အမိအရ ကုတ် တွယ်ထိုင်နေသော်လည်း ပြတင်းပေါက်မှ အကြည့်တွေ လွှင့်ထုတ်နေသည်မဟုတ်။ လေးလက်မအရွယ် မှန်သားမျက် နှာပြင်လေးကိုသာ သည်းသည်းမည်းမည်း အာရုံစိုက်နေခြင်း ဖြစ်ပါသည်။

ရန်ကင်းထဲမှ မှတ်တိုင်တစ်ခုမှာ ကားက ထိုးရပ်လိုက်ပြန်သည်။ နောက်တန်းမှ လူတချို့ ဆင်းသွားသည်။ ရှေ့အလယ်ခုံမှ အမျိုးသမီးကလည်း ဆင်းရန် ပြင်သည့်အခါ ထိုလူကြီး က ကားတံခါး တွန်းဖွင့်လိုက်ရာ နောက်ကားနှင့် ငြိမလို ဖြစ်သွားသည်။ ကျွန်တော်တို့ ဟာခနဲ တ လိုက်မိကြ၏။ ထိုလူကြီးက ဘာမှမဖြစ်သလို ခဏဆင်းပေးပြီး အမျိုးသမီးဆင်းသွား သည့်အခါ မူလထိုင်ခုံမှာ ပြန်ဝင်ထိုင်၍ မူလအစီအစဉ်အတိုင်း ဖုန်းကို ပြန်ကိုင်လိုက်သည်။

နောက် နှစ်မှတ်တိုင်လောက်မှာ ခရီးသည်တချို့ တက်လာပြန်သည်။ နောက်တန်းကို ဝင်သွားသူတွေ ရှိသကဲ့သို့ ရှေ့ခေါင်း ခန်းကို နေရာဝင်ယူသူလည်း ရှိသည်။ တကယ်ဆို ထိုလူကြီးအနေဖြင့် ဘယ်ဘက်သို့ တင်ပါးအသာရွှေ့ပေးကာ အလယ်ခုံ မှာ နေရာဝင်ယူရုံသာ ဖြစ်၏။ သို့သော် ထိုလူကြီးက စိတ်ရှည်လွန်းသည်။ ကားတံခါးဖွင်းသည်။ ဆင်းပေးသည်။ ခရီးသည် အသစ်ကို အလယ်ခုံထိုင်စေကာ သူက မူလခုံမှာ ပြန်ထိုင်သည်။ ဒရိုင်ဘာ၏ မေတ္တာရပ်ခံမှုကို ခေါင်းရမ်းသည်။ စပယ်ယာ လေး၏ အသင့်တော်ဆုံးအကြံကို မကြားချင်ယောင် ဆောင်နေ၏။

ကြားမှတ်တိုင်ဆင်း ခရီးသည်များ၊ ကြားမှတ်တိုင်မှ တားစီးသည့် ခရီသည်များကြောင့် ကားကို မကြာခဏ ရပ်ရသည်။ ဆင်းသူ ဆင်း။ တက်သူတက်။ ကားရှေ့ခန်းမှ ဒရိုင်ဘာနှင့် ထိုလူကြီးကြားရှိ ထိုင်ခုံထိုင်သူများသည် ထိုလူကြီး၏ ထိုင်ခုံ တစ်ခုံကို မသက်မသာ ဖြတ်ကျော်၍ အဆင်းအတက် လုပ်ကြရသည်။ ထိုလူကြီးကတော့ မထုံတတ်တေးမျက်နှာထား နှင့်။

သည်လိုနှင့် ထိုလူကြီးသည် ထိုထိုင်ခုံမှာ စွဲစွဲမြဲမြဲ အတ္တကြီးစွာ ကုတ်တွယ် ထိုင်စီးရင်း မြောက်ဥက္ကလာပ၊ ကန်သာယာ မှတ်တိုင်မှာ ဆင်းသွား၏ သူဆင်းသွားသည်နှင့် ကျွန်တော့်ရင်ထဲ ထူးထူးခြားခြား ပေါ့ပါးသွားသည်။ ကားပေါ်မှ ကျန်ခရီး သည်တွေ မျက်လုံးထဲ၌လည်း အလင်းတချို့ ပြေးသွား၏။ ကားဒရိုင်ဘာနှင့် ကားစပယ်ယာတို့ကမူ ထိုလူကြီးကျောပြင်ကို အပြုံးရေးရေးဖြင့် အသံတိတ် ဟားတိုက်လိုက်ကြသည်။

ထိုလူကြီးကမူ သူ့အိမ်၊ သို့မဟုတ် သူ့မိတ်ဆွေအိမ်၊ သို့မဟုတ် တစ်နေရာရာသို့ ဦး တည်ပြီး မားမားမင့်မင့် လျှောက်သွားနေ၏။ ထိုနေရာတစ်ခုခုသို့ ထိုလူကြီး ရောက်သွားပါလျှင် မည်သို့သော ထိုင်ခုံ (ဝါ) မည်သို့သောနေရာ၌ နေရာယူ ထိုင်မည်ကို ကျွန်တော် အလိုလို မှန်းဆနိုင်ပါသည်။

(၃)
ထိုလူကြီးကို ကျွန်တော် မသိပါ။ ထိုလူကြီး မည်သည့်အလုပ် လုပ်မှန်းလည်း မသိပါ။ ကားပေါ် ထိုင်လိုက်လာသည့် ခရီးစဉ် တစ်လျှောက်လုံး နှလုံးသားကို တင်းနိုင်သမျှ တင်း တင်း စေ့ပိတ်၍ အတ္တသော့ခလောက်ကြီးဖြင့် ချိတ်ခတ်ထားခဲ့သူဖြစ်သည်။ သို့သော် သူ ထိုင်သွားခဲ့သော ခုံဘေးမှ ပြတင်းပေါက်မှတစ်ဆင့် သူ့အဇ္ဈတ္တကိုမူ ကျွန်တော်အပါအဝင် ကားပေါ်မှ လူအားလုံး လှမ်းမြင်လိုက်ကြသည်။

ထိုလူကြီးထိုင်သွားသော ထိုင်ခုံသည် လိုင်းကားငယ်လေး တစ်စီးပေါ်မှ ကျပ်တစ်ထောင်တန် ထိုင်ခုံဖြစ်နေခြင်းကပင် ကျွန် တော်တို့ ကံကောင်းသွားသောအချက်ဖြစ်၏။   ။

မိုးကျော်ဇင်