ပါမစ်ခေတ်ကြီးကုန်ပြီလား နှင့် ဘကြီးမိုး



ပါမစ်ခေတ်ကြီးကုန်ပြီလား နှင့် ဘကြီးမိုး
ဘကြီးမိုး ။ ကုမုဒြာသတင်းဂျာနယ် မတ်လ -၉- ၂၀၁၆
(မိုးမခ) မတ် ၁၁၊ ၂၀၁၆

ဘကြီးမိုး အသက် ၇၉ နှစ်ရှိပါပြီ။ပါမစ်စနစ် ဘယ်တုန်းက ပေါ်လာသလဲလို့ စဉ်းစားတော့ ၆၂ စစ်အာဏာသိမ်းပြီးကတည်းက စတာပဲလို့ ပြောရမှာပါပဲ။

သည်မတိုင်ခင်ကတော့ ပါလီမန်ခေတ်လေ။ပုဂ္ဂလိကစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်အောင်မြင်လို့ မြန်မာနိုင်ငံဟာ ပညာရေးရော၊စီးပွားရေးရော အရှေ့တောင်အာရှမှာတော့ ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ အဲ အားကစားလည်း ထည့်မယ်ဆိုရင် ထည့်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့တောင်အာရှမှာ မြန်မာဘောလုံးအသင်းဟာ သူတင်ကိုယ်တင် ယှဉ်နိုင်တဲ့အဆင့် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်လွန် ချည်ထည်၊စားသောက်ကုန်ကအစ စီးကရက်နဲ့ အရက် ဘီယာထုတ်လုပ်မှုများမှာလည်း ထိပ်ဆုံးက ရှိခဲ့ပါတယ်။ အဲသည်နောက် စစ်တပ်အာဏာရှင်များက လုပ်ငန်းအကြီးအသေးမရှောင် ` ပြည်သူပိုင် ´ လုပ်ချလိုက်တာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပေါင်းစုံ အနိမ့်ဆုံး အထိရောက်ရာက ကုန်းကောက်စရာမရှိတဲ့ အဆင့်ကို ရောက်သွားခဲ့ပါတော့တယ်။တံခါးပိတ်ဝါဒ ကျင့်သုံးလိုက်တော့ ဘယ်ပစ္စည်းမှ ဘယ်ကုန်မှ ဝယ်လို့ ခြမ်းလို့ မရတော့ဘူးခင်ဗျ။

ဘကြီးမိုး စဉ်းစားတွက်ချက်ကြည့်လို့ ရသမျှတော့ အဲသည်အချိန်မှာ ` ပါမစ် ´စနစ်ဆိုတာ ပေါ်ပေါက်လာတော့တာပါပဲ။ ဘာပစ္စည်းဝယ်ဝယ် ပါမစ်နဲ့မှ ဝယ်လို့ရတာ ဖြစ်လာပါတော့တယ်။ အဲသည် ပါမစ်ကိုင်ဆောင်ခွင့်၊ရပိုင်ခွင့်ရှိတဲ့ လူတန်းစား ပါမစ်ထုတ်ပေးနိုင်တဲ့ လူတန်းစားကြီးတစ်ရပ်ကြီးထွား ရှင်သန်လာခဲ့တာ အခုဆိုရင် ကြီးထွားရှင်သန်မှုဟာ ထွားကျိုင်းလာပါတော့တယ်။ တချိန်တည်းမှာ ပါမစ် စတင်ပေါ်ပေါက်ခါစတုန်းက လူသုံးကုန်ပစ္စည်းအသေးအဖွဲကလေးများ ဥပမာ သကြား၊နို့ဆီ၊ဆန်၊ ဆီ၊ ဆား၊ဆပ်ပြာလို လူသုံးကုန်အသေးစားကလေးတွေကတဆင့် တံခါးပိတ်ဝါဒကျင့်သုံးခဲ့ရာက တစ်ဝက်တပျက်

တံခါးဖွင့်ဝါဒဆိုတဲ့ ဈေးကွက်စနစ်ကို ကျင့်သုံးရာမှာ ပါမစ်နဲ့ ပါမစ်ပေးနိုင်သူများသာ ချမ်းသာသည်ထက် ချမ်းသာလာကြတာကို တွေ့ရပါတယ်။ အရင်က တနိုင်ငံလုံးကုန်းကောက်စရာ မရှိတဲ့ အခြေအနေက ပါမစ် ပေးနိုင်သူ ပါမစ်ရသူများ အချမ်းသာကြီး ချမ်းသာလာတာကို တွေ့ရပါတော့တယ်။

စားအုန်းဆီတင်သွင်းခွင့်ပါမစ်၊ မော်တော်ကားတင်သွင်းခွင့်ပါမစ်၊သယံဇာတတူးဖော်လုပ်ကိုင်ခွင့်ပါမစ် ၊ လက်ကိုင်ဖုန်းတင်သွင်းရောင်းချခွင့်ပါမစ်၊စီမံကိန်းတခု အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ ပါမစ်ဘယ်လောက်ပေးတယ်ဆိုတာမျိုး အထိရှိလာပါတယ်။

ဖားကန့် ကျောက်စိမ်းဒေသမှာ ကျောက်စိမ်းတူးဖော်ခွင့်ပါမစ်ကို ထုတ်ပေးခဲ့ပြီး လုပ်ကိုင်တဲ့ ကုမ္ပဏီများကို ယန္တရားကြီးတွေ အမြောက်အမြားတင်သွင်းခွင့်ပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရာထူးက အနားယူခွင့်ပေးတာမျိုး အထိရှိလာပါတယ်။အဲသည်လို အနားပေး ရာထူးမှ ဖယ်ရှားရာမှာလည်း သမ္မတက တိုက်ရိုက်ခန့်ထားတာကြောင့် သမ္မတကပဲ ဖယ်ရှား အနားယူခွင့် ပြုစေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ` ပါမစ်´ ပေးခဲ့သူက သမ္မတကိုယ်တိုင်က တိုက်ရိုက်ခန့်ထားခဲ့တာကိုး။

အာဏာရှိသူက ပါမစ်ပေး။ ပါမစ်ရသူက သူဌေးကြီးတွေ ဖြစ်ကြသလို ဌာနဆိုင်ရာတွေမှာလည်း အခွန်အကောက်ကောက်ခံရာမှာ ရာခိုင်နှုန်းဘယ်လောက်က နိုင်ငံတော်အတွက်၊ ဘယ်လောက်က တာဝန် ရှိသူ၊ ဘယ်လောက်က ပွဲစား စသည် စသည်ဖြင့် ဖြစ်ပေါ်ပြီး အကျင့်ပျက်ခြစားမှုတွေဟာ ကြီးသည်ထက် ကြီးမားနေပါတော့တယ်။

ပါမစ်… ပါမစ်….ပါမစ်။ပါမစ်ပေးသူလည်း ချမ်းသာ၊ပါမစ်ရသူလည်း ကြီးပွား။အပေးအယူမျှတပြီး မကြုံစဖူးထူးထူးကဲကဲ ချမ်းသာကြသူများ မြန်မာ့သမိုင်းမှာ ပေါ်ပေါက်လာပါတော့တယ်။ အာဏာရ ထိပ်ပိုင်းတာဝန်ရှိသူများနဲ့ သူတို့ထံက ပါမစ်ရသူများ မတရား မတရားကြီးပွားချမ်းသာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါတွေ ဒါတွေဟာ ၂၀၀၈ အခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲပြီး ၂၀၁၀မှာ လွှတ်တော်အစိုးရအဖြစ် လွှဲပြောင်းပေးခဲ့တဲ့ တပ်မတော်အစိုးရပဲ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုတာလည်း လူမှုအသင်းကနေ ပါတီအသွင်ပြောင်းပြီး တပ်မတော်ဗိုလ်ချုပ်ကြီး များကိုယ်တိုင် လူဝတ်လဲ၊ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရပြီး သမ္မတကြီးဆိုသဟာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲသည် အဲသည်မှာ တပ်မတော်လက်ထက်က ပြုမူလုပ်ဆောင်မှုများကို အရေးယူမှု မရှိစေရဆိုတာလည်း ပါတယ်ခင်ဗျ။

၂၀၁၀မှာ အနိုင်ရပြီး သမ္မတကြီးဖြစ်လာတဲ့ ဦးသိန်းစိန်လက်ထက်မှာလည်း နေပြည်တော်တည်ဆောက်ရာကအစ ပွဲလမ်းသဘင် လုပ်တာလည်း စီးပွားရေးလုပ်ကွက်တွေ၊ လုပ်ပိုင်ခွင့်တွေကလည်း ပါမစ်စနစ်ပဲ ကျင့်သုံးနေကြတုန်းပါပဲခင်ဗျ။ဒါကြောင့်လည်း ၂၀၁၀ မှ တက်လာတဲ့ လွှတ်တော်အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲကျတော့ အရှုံးကြီးရှုံးသွားတော့တာပဲ ဖြစ်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ကျန်ရစ်တဲ့စကားကတော့ ` မိဘပြည်သူများခင်ဗျား´ ဆိုတာပါပဲ။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတရပ်လုံး တခဲနက် ထောက်ခံမဲပေးလိုက်ကြလို့ လွှတ်တော်သုံးရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပါတယ်။တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များကိုလည်း ခန့်အပ်ဖို့ လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရ ကူးပြောင်းရေးကိုလည်း လွှတ်တော်မှာပဲ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

အစိုးရဖွဲ့စည်းပြီး ရက်ပေါင်း ၁၀၀ အတွင်း စီးပွားရေးပညာရှင်များနဲ့ တိုင်ပင်ညှိနှိုင်းနေကြပါတယ်။

ဝန်ကြီးဌာနတွေမှာ ဝန်ကြီးတွေက များတဲ့ ဦးသိန်းစိန် အစိုးရလို အကြီးကြီး အများကြီး မဟုတ်ဘဲ ၂၀ လောက်ပဲ ရှိမယ်တဲ့။

သည်မှာတင် ဘကြီးမိုးပြောချင်တာက အရေးကြီးတဲ့ `ပါမစ်´ ပေးသူ၊`ပါမစ် ´ ရသူများသာ ကြီးပွားခဲ့တဲ့အဖြစ်က ပြည်သူပြည်သားများကို တိုးတက်ကြီးပွားအောင် လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ပါမစ်ခေတ်ကြီးကုန်ပြီလားနှင့် ဘကြီးမိုးပါ။