ဇာဝါရီ - အားမာန်အပြည့်နဲ့ ရှေ့ သို့ချီ


ဇာဝါရီ - အားမာန်အပြည့်နဲ့ ရှေ့ သို့ချီ
(မိုးမခ) မတ် ၇၊ ၂၀၁၆

(၁) နှစ်အကြာမှာ
အပြစ်ရှာ မတွေ့ပေမယ့်
အဓမ္မဝါဒီတွေက အငြိုးစိတ်ကြီးစွာနဲ့
အပြစ်မဲ့ လူငယ်တွေကို
ဥပဒေမဲ့ ချုပ်နှောင်းထားမြဲ။

မနှစ်က ဒီအချိန် (မတ်လနွေဦး) မှာ
အညာနွေ ကန္တာရလမ်းတလျှောက်
ဖိနပ်ပေါက် ချွေး တဖျောက်ဖျောက်နဲ့
မိုင်ပေါင်းရာချီ ဒေါင်းလံလွှင့်တင်ပြီး
သူတို့ ချီတက်ခဲ့ကြတယ်။

မနှစ်က ဒီအချိန်မှာ
သခင်အလိုကျ မာန်ဖီနေတဲ့
အစွယ်တဖွေးဖွေး စစ်ဘီလူးတွေကို
သူတို့ ရင်ဖွင့် စိန်ခေါ်ခဲ့ကြတယ်။

မနှစ်က ဒီအချိန်မှာ
လိမ်ညာလှည့်ဖြာ ပလီပလာ စကားများတဲ့
သွေးခွဲကြံ MPC ဗိုလ်အောင်မင်းနဲ့
ဦးနှောက်မဲ့ ပညာရှင်တွေကို
သူတို့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့ကြတယ်။

မနှစ်က ဒီအချိန်မှာ
သံဆူးကြိုးအထပ်ထပ် ကာဆီးထားတဲ့
မရဏ စစ်သတ်ကွင်းကို
သူတို့ ကြိုးစားဖောက်ထွက်ခဲ့ကြတယ်။

မနှစ်က ဒီအချိန်မှာ
လူမဆန် အထက် အာဏာစက်နဲ့
လက်ရဲဇက်ရဲ စစ်ရဲတွေရဲ့ 
တုတ်ချက်အောက်မှာ
သူတို့သွေးတွေ မြေခခဲ့တယ်။

ဒီလိုနဲ့
မနှစ် ဒီအချိန်ကစလို့
တရားမဲ့ စစ်အာဏာရှင်တို့ရဲ့ 
နရသိန် ထောင်စခန်းမှာ
သူတို့ အကျဉ်းစံ နေခဲ့ရတယ်။

ဒါပေမဲ့
ဒီနေ့ ဒီအချိန်အထိ
အာဏာရူး စစ်အုပ်စုရဲ့ 
မတရား အမိန့်တွေကို ဖီဆန်
အညံ့ခံ ဒူးမထောက်
ဒေါင်းအလံကို အမြင့်ဆုံး လွှင့်ပျံပြီး
အားမာန်အပြည့်နဲ့
တိုက်ပွဲဆက်နေကြတယ်။


မြန်မာစစ်အစိုးရ အကျဉ်းထောင်ထဲမှာ တရားမဲ့ ဥပဒေတွေနဲ့ ချုပ်နှောင်းခံထားရတဲ့ ညီငယ်ညီမငယ် ကျောင်းသား/သူ လူငယ်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။