အရင့်ရောင် - ဘုရားသခင်ကိုကျနော်အားလုံးပြောပြမယ်

 အရင့်ရောင် - ဘုရားသခင်ကိုကျနော်အားလုံးပြောပြမယ်
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

သေနတ်ကျည်ဆံတွေနဲ့လွတ်ရာကို
ကျွန်တော် အားကုန်ပြေးနေတယ်
နောက်လှည့်မကြည့်ချင်ဘူး
အဖေဘယ်မှာလဲ အမေဘယ်မှာလဲ
ကျနော်တို့စာသင်ကျောင်းလေး
အမြောက်ဆံအောက်မှာ မွမွကြေနေပြီ
မနက်ဖြန် တက်စရာကျောင်းမရှိတော့ဘူး
မနက်ဖြန် ပြေးစရာမြေမရှိတော့ဘူး
ကျွန်တော့်ခြေထောက်တွေ အရမ်းနာကျင်နေပြီ
ကျွန်တော့်ရင်ဘတ်တွေရောပဲ။

ကျွန်တော် ပြေးနေတုန်းပဲ
သူတို့ ကျွန်တော့်ကိုမမြင်ဘူး
သူတို့မြင်တာ သူတို့အတ္တတွေ
သူတို့မြင်တာ သူတို့ရမ္မက်တွေ
သူတို့မြင်တာ သူတို့အာဏာတွေ
ဒီလိုနဲ့ လူသားတွေဟာသားကောင်ဖြစ်ခဲ့ရ
မြေကမ္ဘာဟာ သတ်ကွင်းတွေဖြစ်ခဲ့ရ
အားကြီးသူက အားငယ်သူကိုညှင်းပန်း
ဒီလို တိရိစ္ဆာန်ဇာတ်လမ်းတွေ
ဘုရားသခင်ကို ကျွန်တော် အားလုံးပြောပြမယ် ။

ပြေးနေတုန်း
ဒါပေမယ့် ကျနော်ပြေးမလွတ်ဘူး
ဝါဒမှိုင်းတွေ   သွေးညှီနံ့တွေ
ဝဠာတစ်ခုလုံးဖုံးနေတဲ့ စစ်ဖိနပ်သံတွေအောက်မှာ
အသက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်
ဒါပေမယ့် ကျနော်ပြေးမလွတ်ဘူး။

အနားကတဝီဝီဖြတ်သွားတဲ့ကျည်ဆံတွေ
နောက်တစ်ကြိမ်လွတ်ဖို့မလွယ်ဘူး
ပြောနေတုန်း  ပြေးနေတုန်း
ကျနော့်ညာပေါင်  ဘယ်ဘက်ရင်အုံ
ကျည်ဆံတွေ တရစပ်ဖောက်ထွက်
အိမ်မက်တွေ တစတစလွင့်ပြယ်
မျှော်လင့်ချက်ဆိုတာ သွေးအိုင်ထဲမျောခဲ့ပြီ
ကျောင်းစိမ်းအင်္ကျီလေး သွေးတွေရွှဲနစ်လို့
ကျနော့်အသိတွေ မှောင်အတိကျသွား
အသက်ဝိညာဉ်ဟာလက်ပြသွားခဲ့ပြီ
စိတ် ချ ပါ
ဘုရားသခင်ကို ကျနော်အားလုံးပြောပြမယ်

အရင့်ရောင်