လင်းသက်ငြိမ် - သံတိုင်ကြားကအလင်း

လင်းသက်ငြိမ် - သံတိုင်ကြားကအလင်း
(မိုးမခ) မတ် ၁၀၊ ၂၀၁၆

ဟိုးအရင်ကတော့ သူ့ထဲကို
မုဒိမ်းကောင်တွေ၊ သူခိုးတွေ
လူမိုက်တွေ၊ မူးယစ်ဆေးကုန်သည်တွေ
ပြည့်တန်ဆာခေါင်းတွေ
ဒုစရိုက်သမားတွေအတွက် ဒဏ်ခတ်တဲ့နေရာ
ထောင်တဲ့ ... လူကောင်းတို့ အော့နှလုံးနာ
မစည်ကားအပ်တဲ့ အရပ်တွေထဲမှာပါတယ်
ခေတ်စနစ်အဆိုးက
အကုန်လုံးပြောင်းပြန်လှန်ပစ်ခဲ့ပေါ့
အဆီအဆိမ့်နဲ့ ဇိမ်ယစ်နေတဲ့
လူယုတ်မာတို့ ကောင်းစား
အပြင်မီးငြိမ်းတော့ အတွင်းမီးက
တလိမ့်လိမ့်လှိုက်စား
သမိုင်းဟာ သုံးစားမရအောင်
ရိုင်းစိုင်းသွားခဲ့ပြီ
ဘွန်ဆိုင်းဥပဒေနဲ့
လောက်ကောင်တို့ အောင်သေအောင်သားစားကြ
အာဇာနည်တွေရဲ့သွားလမ်းကပိန်းပိတ်သော နံရံ
လူတော်တွေအတွက် အချိန်မရွေး ထဆွဲမယ့်
ခွေးတွေလို ပုဒ်မများ အစွယ်တဖွေးဖွေး
ဝင်းလက် ထကြွ
အခုတော့ ခါးသီးတဲ့နိမိတ်ပုံဟာ
ဟောင်းသွားပြီ
အခုတော့ ထားရှိခဲ့တဲ့စကားပုံတွေ
ပြောင်းသွားပြီ
ထောင်ဟာ မင်္ဂလာ
အချုပ်ဟာ မင်္ဂလာ
မျက်ရည်စတွေနဲ့ လက်ထပ်ပွဲ
ကြေကွဲဆို့နင့်ဖွယ် မွေးနေ့
အနိဌာရုံနေရာမှာ အတောက်ပဆုံးပြုံးပြနိုင်ခဲ့တာ
ဘယ်လိုသတ္တိခွန်အားတွေလဲ
ငေးကြည့်နေတဲ့ လက်ကိုင်တုတ်များ
ဘာလုပ်ရမှန်းမသိ ခွေးအများ
လူစိတ်နည်းနည်းပေါက်လာတဲ့အခါ
မျက်နှာလွဲရုံကလွဲ ဒင်းတို့ဘာတတ်နိုင်မှာလဲ
ထိုးထားတဲ့ဆေးမှင်ကြောင်က အမှောင်
ဆောင်းထားတဲ့ ဦးထုပ်က
ဦးနှောက်ကို ကန်းစေတယ်
ရထားတဲ့နေရာက စက်ရုပ်အဖြစ်
ပုံသွင်းခဲ့ကြပေါ့...
သံတိုင်တွေကြားထဲဖြာကျနေတဲ့
ပြည်သူ့မေတ္တာတို့ ညီညီညာညာဖူးပွင့်ဝေဆာ
တရားဟာ မမှားဘူးလို့
အခုထိလက်ကိုင်ထားနေမိတုန်းပါပဲ
ငါတို့တိုင်းပြည်။

လင်းသက်ငြိမ်