ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် - ဓားပြကို ဈေးဆစ်တဲ့အလုပ်

cartoon saw ngo (2011)

သာထက်အောင် - ဓားပြကို ဈေးဆစ်တဲ့အလုပ်
(မိုးမခ) မတ် ၃၁၊ ၂၀၁၆

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ပေါက်လာပါပြီ။ အရည်အချင်း မပြည့်မီ၊ ကိုယ်ကျိုးရှာ လာဘ်စား၊ စားဖားများ ကောင်းစားတဲ့အစိုးရတွေနဲ့ပဲ တွေ့ကြုံခဲ့ရတဲ့ ပြည်သူကြီးကတော့ တက်လာမယ့်အဖွဲ့ချုပ်အစိုးရအပေါ် အတော်ကြီးကို မျှော်လင့်အားထားနေတာ သတိပြုမိပါတယ်။ 

အစိုးရအဖွဲ့ထဲ ရူးကြောင်ကြောင်တွေ မပါပါစေနဲ့လို့ ဆုတောင်းနေတုန်းမှာပဲ Ph.D ဘွဲ့လက်မှတ်အတုနဲ့ဝန်ကြီး၂ပါး ပြဿနာကြီး ကြားလိုက်ရတော့ အင်း..ဒီမိုး - ဒီလေ - ဒီလူတွေနဲ့တော့ အနာဂတ်မြန်မာပြည်အရေး ရင်လေးစရာပါ။

အုပ်ချုပ်မှုအတတ်ပညာ၊ စီမံခန့်ခွဲမှုအတတ်ပညာ၊ ဥပဒေပြုမှုအတတ်ပညာ ဆိုတာတွေဟာ စနစ်တကျ သင်ယူလေ့လာပြီးမှ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးမှ နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ဆောင်ရွက်ရတာပါ။ ဟို ပဒေသရာဇ်ခေတ်ကလို ဖအေ ဘုရင်သေရင် သား ဘုရင်ဆက်လုပ်လို့ရတဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။ လက်နက်နဲ့ တိုင်းပြည်ကိုဖိနှိပ် ခြောက်လှန့် အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ အမြည်းအမောက် မတည့်မှုတွေကြောင့် … ကနေ့ ကမ္ဘာ့အဆင်းရဲဆုံးဆိုတဲ့ ဘွဲ့ထူးကြီးကို လက်ခံရရှိနေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

လွတ်လပ်ရေးပေးခါနီးမှာ နယ်ချဲ့အစိုးရက မင်းတို့တိုင်းပြည် ကိုယ့်ဖာသာ အုပ်ချုပ်တတ်မလားလို့ မေးတော့ မြန်မာနိုင်ငံသားတွေ မခံချင်ကြပါဘူး။ လွတ်လပ်ရေးမပေးချင်လို့ ဒါ … သက်သက်နှိမ်တင်လို့ တချိန်က ထင်ခဲ့တယ်။ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားတော့ ခု ၂၁ ရာစုရောက်တဲ့အထိ လွတ်လပ်ရေးရပြီးလို့ နှစ်ပေါင်း ၇ဝ နီးပါး ကြာတဲ့အထိ ကားလမ်းကို မျဉ်းကြားကကူးလို့မရသေးဘူး၊ အမှိုက်ဘယ်လိုပစ်လို့ ဘယ်လိုသိမ်းရမယ် မသိသေးဘူး။ လူမျိုးတမျိုးလုံးရဲ့ သက်တမ်းကိုတိုစေမယ့် ဆေးဝါးအတု အစားအသောက်အတုတွေကို ဘယ်လိုတားဆီး ဖယ်ရှားရမှန်း မသိသေးဘူး။ ကြောင်လောက်နီးနီးကြွက်တွေ ရန်ကုန်မြို့လယ်မှာ ပြေးလွှားလှုပ်ရှားနေတာ ဘယ်လိုနှိမ်နင်းရမှန်း မသိသေးဘူး။

အသေးအဖွဲ့မှသည် လူမျိုးပါတုန်းသွားနိုင်တဲ့ပြဿနာအထိ ခေတ်အဆက်ဆက် အစိုးရမင်းများ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒီစာရေးနေစဉ်မှာပဲ ဖေ့စ်ဘုတ်ထဲမှာ အမျိုးသမီးတစ်ယောက် တင်ထားတဲ့ တက္ကစီကားနံပါတ်နဲ့ တက္ကစီဒရိုင်ဘာ မဖွယ်မရာ အပြာကားကို မိုဘိုင်းဖုန်းနဲ့ပြနေတဲ့ပုံတွေ့လိုက်ရပါတယ်။ မယုံမရှိပါနဲ့ … ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်တုန်းက ကျွန်တော် ရွှေပြည်ကြီး အလည်ပြန်ရောက်စဉ် ကျွန်တော့်တူမ (အရင်း) တယောက် ကုက္ကိုင်းဖက်က မြို့ထဲအပြန် တက္ကစီဒရိုင်ဘာရဲ့ ယုတ်မာ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ရွှေဂုံတိုင်မီးပွိုင့် ကားတွေကြပ်နေတုန်းမှာ ကားတံခါးဖွင့် ဆင်းပြေးခဲ့ရတဲ့အကြောင်း ကြားသိရခဲ့တာမို့ … ကဲ… ဒီကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲ။ တိုင်းပြည်နဲ့ လူမျိုး ဂုဏ်သိက္ခာကိစ္စမို့ အသေးအဖွဲလို့ ပြောမရပါ။ 

ကျွန်တော် နားလည်သလောက် ပြောရရင် အငှားယာဉ် (တက္ကစီ) ဆိုတာ ကားမောင်းတတ်ရုံ၊ ယာဉ်မောင်းလိုင်စင်ရှိရုံနဲ့ တက်မောင်းလို့ မရပါဘူး။ တက္ကစီဒရိုင်ဘာလိုင်စင် ရဖို့ စာမေးပွဲ ဖြေရပါသေးတယ်။ မောင်းပြရပါသေးတယ်။ သက်ဆိုင်ရာအာဏာပိုင်က တက္ကစီယာဉ်မောင်းလိုင်စင် ထုတ်ပေးလိုက်လို့ တက္ကစီတစီးကို မောင်းပြီဆိုတာနဲ့ ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ ယာဉ်မောင်းသူရဲ့အမည်၊ လိုင်စင်နံပါတ်၊ ကားနံပါတ်နဲ့အတူ သူ့ဓာတ်ပုံပါတဲ့ ကဒ်ပြားတခုကို အသေအချာ ထောင်ပြထားရပါတယ်။ နောက်.. ပြဿနာ တစုံတခု ရှိရင် ဖုန်းနံပါတ် ………ကို ဆက်ပါ ဆိုတဲ့ စတစ်ကာကိုလည်း ကားရဲ့ ရှေ့တနေရာရာမှာ ထင်ထင်ရှားရှား ကပ်ပြထားရပါတယ်။ ဒါမှ - ယာဉ်မောင်း မတော်မတရား - မဖွယ်မရာ လုပ်ရင် သူ့အမည် - လိုင်စင်နံပါတ် - ကားနံပါတ်နဲ့ သက်ဆိုင်ရာကို တိုင်လို့ရမှာပေါ့။ အခု - ရွှေပြည်ကြီးက တက္ကစီဒရိုင်ဘာတွေဟာ တချို့က လိုင်စင် (တက္ကစီလိုင်စင်) မရှိ၊ ဘယ်သူဘယ်ဝါမှန်း မသိ၊ ဘယ်လိုတိုင်ရမယ် ဆိုတဲ့ ဖုန်းနံပါတ် မရှိ၊ ပိုက်ဆံပေးပြီး ကိုယ့်အသက် - ကိုယ့်အရှက်နဲ့ လုံခြုံမှုကို အဲဒီ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ယာဉ်မောင်းလက် ဝကွက်အပ်ထားရတဲ့သဘော ဖြစ်နေပါတယ်။

ဒါ - ကံဆိုးသူများသာ ကြုံရတတ်တဲ့ အသေးအဖွဲ့လို့ ပြောကောင်း ပြောနိုင်ပေမယ့် … နေ့စဉ် ရန်ကုန်လူထု ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြီးကလည်း စစ်ဗိုလ် အစိုးရအဖွဲ့ဝင်တွေ စားကြောကြီးမျက်နှာမူပြီး ကားတွေ မတရား မဆင်မခြင် တင်သွင်းခဲ့တဲ့ အကျိုးဆက်တွေပဲ မဟုတ်ဘူးလား။ လူဦးရေ သောင်းဂဏန်းလောက်အတွက်သာ ရည်စူးပြီး တည်ခဲ့တဲ့  ရန်ကုန်မြို့ကြီးမှာ ခု… လူဦးရေ (၇)သန်းလောက် ရှိနေပြီး ၅ နှစ်အတွင်း ကားအစီးရေ (၆)သိန်းလောက် တင်သွင်းခဲ့တယ်လို့ စာရင်းများက ပြနေလေတော့ ဒီလိုမြို့မျိုး ကားလမ်းမပိတ်ရင် ဘယ်မြို့ ပိတ်မှာလဲ။ ဒီမြို့အကျယ်အဝန်းနဲ့ ဒီလူဦးရေ … ဒီကားအစီးရေ ဘယ်လို ရှေ့ဆက်စခန်းသွားမယ်ဆိုတာ အခြေခံပညာလောက် သင်ခဲ့ဖူးရင်တောင် စဉ်းစားမိလိမ့်မယ် ထင်ပါတယ်။ ကားလမ်းကြပ်တာ အကြောင်းပြပြီး ဂုံးကျော်တံတား တစင်း ထပ်ဆောက်တော့ နောက်ထပ် ဇီးသီးတဗန်း ထပ်ရတာပေါ့။ ဒီလိုအမျှော်အမြင်မျိုး၊ ဒီလိုအသိပညာမျိုး၊ ဒီလိုစေတနာမျိုးတွေနဲ့ တိုင်းပြည်ကြီးတခု ကြီးပွားသွားတယ်လို့ ပြောရင် ပညာရှင်တွေ ရယ်နေကြမှာပါ။

ကိုင်း….ဘာပဲဖြစ်ဖြစ် အခုတော့ … နွားချီးလူးအစိုးရတခန်းရပ်ပါပြီ။ ကျွန်တော်တို့ မျှော်လင့်တောင့်တနေတဲ့ ပျိုးတိုင်းကြိုက်တဲ့နှင်းဆီခိုင်အစိုးရ လာပါပြီ။ အစိုးရအဖွဲ့သစ်ဆိုတော့ မျက်နှာသစ်တွေ၊ အတွေးအခေါ်အသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေ၊ ဥပဒေအသစ်တွေ၊ တိုးတက်မှုအသစ်တွေ တွေ့ရကောင်းရဲ့လို့တော့ မျှော်လင့်နေကြမှာပါပဲ။ တခါလာလည်း ၅၉(စ) ပြင်ပေးပါ၊ သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးပါ၊ ဖမ်းဆီးခံကျောင်းသားလေးတွေ လွှတ်ပေးပါ ဆိုတာလောက်နဲ့တော့ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူး။ ဓားပြဆီက ဈေးဆစ်လို့ မရဘူးဆိုတာလောက်တော့ သိလိမ့်မယ် ထင်ပါတယ်။

ဓားပြဆီက ဈေးဆစ်တဲ့ ပုံပြင်လေး ကြုံတုန်း ပြောချင်ပါတယ်။ တချို့လည်း ကြားဖူးပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

တခါတုန်းက အောက်ပြည်အောက်ရွာက အဖွားကြီးတယောက် ရှမ်းပြည်ကို ကိစ္စတခုရှိလို့ ထွက်လာပါတယ်။ တခါမှလည်း မရောက်ဖူး၊ နယ်မြေအခြေအနေတွေလည်း မသိ၊ ပိုက်ဆံကလေးကလည်း အသင့်အတင့်ရှိတော့ ဆွဲကြိုးနဲ့လက်ကောက်နဲ့၊ နားကပ်နဲ့ … ၅ လုံးတပ် ရွှေကြယ်သီးတောင် အပြည့်တပ်ထားသေး။ အဲလိုနဲ့ လမ်းခုလတ်တနေရာရောက်တော့ သူတို့ကား ဓားပြတိုက်ခံရပါလေရော။ ကားပေါ်ပါခရီးသည် အားလုံးရဲ့ ရွှေငွေ အကုန်ချွတ်ယူတာဆိုတော့ အဖွားကြီးလည်း ပါတာပြောင်ရော ဆိုပါတော့။ 

ကိစ္စတွေပြီးလို့ ဓားပြတွေ ပြန်ခါနီး အဖွားကြီးက ဓားပြဗိုလ်ခေါင်းဆောင်ဖြစ်ပုံရတဲ့သူနား ကပ်သွားပြီး… "ဗိုလ်ကြီးရယ် … ကျွန်မ ဒီကိုလည်း တခါမှ မရောက်ဖူးပါဘူး၊ ကျွန်မပြန်ရမှာက အောက်ပြေအောက်ရွာ၊ အဝေးကြီး…လမ်းစရိတ်ကလည်း တပြားမှ မရှိတော့ ကျွန်မနားကပ်လေးတဖက်တော့ ပြန်ပေးပါ" လို့ တောင်းသတဲ့။ 

ဓားပြဗိုလ်လည်း ခေတ္တ တွေဝေသွားပြီး … "ဟာ… ဒါတော့ ဘယ်ဖြစ်မလဲ၊ နားကပ်ဆိုတာ ၂ ခု ပေါင်းမှ တရံ ဖြစ်တာ၊ ခင်ဗျား တဖက် ပြန်ပေးလိုက်ရင် ဘက်ပဲ့သွားမှာပေါ့။"

"ဒါဆိုလည်း ဗိုလ်ကြီးရယ်… လက်ကောက်လေးတဖက်ဖြစ်ဖြစ် ပြန်ပေးပါ " ဆိုတော့ … နည်းနည်းစဉ်းစားသလိုနဲ့ … "ဟာ… လက်ကောက်တဖက်တည်း သွားရောင်းရင် ဘယ်ဈေးရတော့မလဲ၊ ကျွန်တော် ရှုံးမှာပေါ့၊ မပေးနိုင်ဘူး … " လုပ်ပြန်ရော။ 

ဖွားကြီးကလည်း သူပြန်ဖို့အရေး လမ်းစရိတ်လေးမှ မရရင် ဒုက္ခလှလှ တွေ့မှာမို့ - နောက်ဆုံး မရမရ … "ဗိုလ်ကြီးရယ် တခြားဟာ မပေးရင်နေပါ၊ ရွှေကြယ်သီးလေးတလုံးတော့ ပြန်ပေးပါ " ဆိုတော့ … ဗိုလ်ကြီးလည်း နည်းနည်းစိတ်ရှုပ်သွားပုံပေါ်တယ်။ 

ပြီးမှ ခေါင်းကို ခပ်သွက်သွက် ရမ်းရင်း … "ဟာ… မဖြစ်နိုင်ဘူး၊ ကြယ်သီးဆိုတာ ၅ လုံးပေါင်းမှ တစုံဖြစ်တာ၊ ၄ လုံးတည်းနဲ့ ကျုပ်သွားရောင်းရင် ဝယ်တဲ့လူက ကျုပ်ကို ဘယ်လိုထင်မလဲ၊ သူများဟာ ခိုးလာတဲ့သူခိုးလို့ ကျုပ် အထင်မခံနိုင်ဘူး၊ မပေးနိုင်ဘူး၊ လုံးဝ မပေးနိုင်ဘူး - ခင်ဗျားသွားတော့။"

ပုံပြင်လေးကတော့ ဒါပါပဲ။

အဖွဲ့ချုပ်က လူကြီးမင်းများ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ… ဓားပြကိုဈေးဆစ်တဲ့အလုပ် မလုပ်ဘဲ ဓားပြတိုက်ခံရတဲ့ဘဝ၊ ဓားပြကိုကြောက်ရတဲ့အဖြစ်မျိုး ကင်းစင်ပြီး သွားလမ်းသာလို့ လာလမ်းဖြောင့်၊ အူမလည်းတောင့်၊ သီလလည်းစောင့်နိုင်တဲ့ ဘဝမျိုး ဆောင်ကြဉ်းပေးနိုင်မယ်ဆိုရင်ဖြင့် လူရော နတ်ပါ သာဓုခေါ်နေမယ်ဆိုတာ စိတ်ချလက်ချ ယုံကြပါဗျာ။     ။