ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - ရေးထိုးခဲ့ချင်တဲ့ ကျောက်စာ


ဖိုးထက် - ရေးထိုးခဲ့ချင်တဲ့ ကျောက်စာ
(မိုးမခ) မတ် ၁၃၊ ၂၀၁၆
 
ပုဂံခေတ် စာပေအရေးအသားကို မြန်မာစာနဲ့ မကင်းနိုင်သော မြန်မာများအဖို့ အနည်းနဲ့အများ လေ့လာဖတ်ရှုရသည်။ ကျက် မှတ်ရသည်။ အထင်ရှားဆုံးကား ရာဇကုမာမင်းသား၏ သူ့ဖခမည်းတော်အတွက်ရေးထိုးခဲ့သော ကျောက်စာဖြစ်သည်။ ထီး ဆက် နန်းဆက် အမွေ ဆက်ခံနိုင်ခွင့်မရနိုင်မှန်း ရှင်းရှင်းကြီးသိသော်လည်း မကျန်းမမာသည့် ကျန်စစ်သားမင်းကြီးအတွက် ရည်စူးပြီး လှူတန်းသော သားတစ်ယောက်၏ စိတ်နေစိတ်ထားကို ကျွန်တော် သဘောကျသည်။ နှစ်သက် ကြည်ညိုမိသည်။

ထို့အပြင် ကျွန်တော်စိတ်ဝင်စားသော ကျောက်စာအရေးအသားနှင့် ကျောက်စာရေးထိုးခဲ့သော အမျိုးသမီးနှစ်ယောက် လည်း ရှိသေးသည်။ ထိုသူတို့ကား သိင်္ဃသူ့သမီးနှင့် မိဖုရားဖွားစောတို့နှစ်ဦးဖြစ်သည်။

သိင်္ဃသူ့သမီး၏ အာမနာကျောင်း ကျောက်စာကို သက္ကရာဇ် ၆၂၈ ခုနှစ်တွင် ရေးထိုးခဲ့သည်။ သူ့ကျောက်စာတွင် “ ……………. ငါလည်း ရံမက်ကြီးသော မရောင့်ရယ်တတ်သော အမျက်ကြီးသော သူတစ်ထူးကို ညှင်းဆဲတတ်သော ပညာ မရှိသော မိုက်သော ၀န်တိုဝ်သော အပေးအကံး မရှိသော သစ္စာမရှိသော ပျက်တတ်သော မေ့လျဝ်သော သြမေ့တသကင်း သော မဖြစ်မူရုယ်” ဟု ရေးထိုးခဲ့သည်။

လူတစ်ယောက်၏ စာပေအရေးအသားသည် ထိုသူ၏ စိတ်နေစိတ်ထားကို အများကြီးဖော်ပြနိုင်သည်ဟု ကျွန်တော် ဆိုချင် သည်။ စာရေးသည်ဆိုရာတွင် အများနှင့်ပြုလုပ်ရသောကိစ္စအကြောင်းခြင်းရာမဟုတ်။ အဖွဲ့အစည်း စိတ်ဓာတ် (၀ါ) အင်္ဂလိပ် လိုပြောရလျှင် Team Work မလို။ မိမိစိတ်နှင့် ထိခိုက် တွန်းတိုက်မိသောကိစ္စများကို မိမိစွမ်းသလောက်၊ တတ်သလောက်၊ မှတ်သလောက် ရေးတတ်၊ ချွတ်တတ်ကြတာ ကျွန်တော်လို လက်သင်ကလောင်များ မဆိုထားနှင့် စာရေးဆရာကြီးတွေအထိ ရှိတတ်သော အခြေခံအကြောင်းအရာ ဖြစ်သည်။ အချို့စာများက မာန်မာနကြီးလွန်းနေတတ်သည်။ အချို့စာများက ပါ မောက္ခလေသံ အများကြီး ပါတတ်သည်။ အချို့စာများက ငါ့ထက် ဘယ်သူမှ ပိုမသိဆိုသည့်သဘောတွေ ပါနေတတ်သည်။ အချို့စာများက ဝေဖန် ပြစ်တင် ရှုတ်ချရင်း လက်ခုပ်သံ ချူကြသည်။

နောက်ထပ်ပြီး မှတ်ချက် ချချင်ပါသေးသည်။ စာရေးသူများ၏စာသည် ထိုစာရေးသူ၏ ခေတ်ကြီး စနစ်ကြီး လူမှုဆက်ဆံ ရေးကြီး ၏ ရောင်ပြန်ဟပ်မှုများ အများကြီး ပါရှိတတ်သည်။ ကျွန်တော်ရေးမိသောစာများကို ပြန်ဖတ်ကြည့်တော့ ခေတ်ဆိုး စနစ်ဆိုး အစိုးရဆိုးများကို ပြစ်တင် မာန်မဲ ကြိမ်းမောင်း အံကြိတ် ကျိန်ဆဲသည့်နိုင်ငံရေးနဲ့မလွတ်သည့်စာတစ်ပုဒ်မျှ မရှိ သ လောက်။ နေသေးသပ ချုံထဲက အရေးအသားတွေ အများကြီး ပါရှိနေခဲ့သည်။ သိင်္ဃသူ့သမီး ကျောက်စာကို ဖတ်ကြည့် မိပြန်တော့ သူ့ခေတ်မှာ ရမက်ကြီးသောလူများ ပုဂံခေတ် နန်းတွင်းမှာ အများကြီး ရှိခဲ့ဟန်တူသည်။ သူတထူးကို ညှင်းဆဲ နှိပ်စက်တတ်သောသူများ  မြင်တွေ့ခဲ့ဟန်တူသည်။ ပညာမရှိ၊ မိုက်မဲ ၀န်တိုသည့်အုပ်ချုပ်သူ လူတန်းစားများ ပုဂံခေတ် နန်းတွင်းမှာ ရှိခဲ့ဟန်တူသည်။ ထို့ကြောင့်လည်း ထိုလူတွေကို ကြည့်ပြီး သူတို့လို မဖြစ်ပါရစေနဲ့လို့ ဆုတောင်းသည့်စာတွေ အများကြီး ပါသည့်ကျောက်စာကို ရေးထိုးလှူဒါန်းခဲ့ဟန်တူသည်။ အမှားတွေကို တွေ့မြင်ရတာ များလာတော့အမှန်ကို မြတ် နိုးသည့်အမျိုးသမီးကြီး ဖြစ်ခဲ့ဟန်တူသည်။

မိဖုရားဖွားစောကား သိင်္ဃသူ့သမီးနှင့်မတူ။ သူ့ကျောက်စာကို သက္ကရာဇ် ၆၃၃ ခုနှစ်တွင် ရေးထိုးလှူဒါန်းခဲ့သည်။ ဆိုရလျှင် သူတို့နှစ်ဦးကား တစ်ခေတ်ထဲက လူနှစ်ယောက်လို့ ဆိုရပေမည်။ သို့သော် ခေတ်ကြီးကို မြင်ပုံခြင်း၊ တွေးပုံခြင်း၊ ခံစားမှုခြင်း အတော်ကွာခြားခဲ့ဟန် တူသည်။ မိဖုရား ဖွားစောက သူ့ကျောက်စာတွင် “ လူဖြစ်သော်ကား လူတကာထက် စည်းစိမ်ချမ်းသာ ငါရလိုဧအ်။ နတ်ဖြစ်သော်လည်း နတ်တကာထက် မြတ်သောနိုင်ငံသော အဆင်း အရောင် အ၀ါနှင့်ပြည့်စုမ်ရုယ် အထူးသဖြင့် လျှင် အသက်ရှည်သော အနာမယ့်သော အဆင်းလှသော အသံသာယာသော အလုံး အရပ်လှသော လူနတ်ခပ်သိမ်း ချစ် ခင်ရိုဝ်သေ မြတ်နိုဝ်းသော ငါဖြစ်လိုဧအ်။ ရွှေငွေပတ်တမြား ပုလယ်းသန္တာကစသော အသက်မဲ့သော ဥတ်စာ၊ အသက်ရှိသော ဆင်မြင်းကစသော ဥတ်စာ ရတနာများစွာသော ငါ ဖြစ်လိုဧအ်။ ဖုန်းတခိုဝ်းဖြင့် အနိုင်အငံ အခြံအရံ အကျော်အစော ကြီး စွာသော ငါဖြစ်လိုဧအ်…” ဟု ပါရှိသည်။

လူယောင်္ကျားနှင့်လူမိန်းမ ဘယ်သူက ပိုလှချင်သလဲလို့ သေချာတွေးကြည့်လျှင် လူမိန်းမများက ပိုမိုလှချင်၊ ပချင်ကြသည်ဟု ကျွန်တော် ထင်သည်။ အသားအရေလှချင်သည်။ ဆံပင်လေး ပုံစံကျချင်သည်။ မျက်နှာပေါ်က အဖုအပိန့်များ ပျောက်ချင် သည်။ တင်းတင်းရင်းရင်း ရှိချင်ကြသည်။ ဒါက မိန်းမတွေ၏ သဘာဝစိတ်ဖြစ်သည်။ သိပ်ထူးဆန်းသော ကိစ္စမဟုတ်။ လိုအပ်တာထက် ပိုလှချင်သည့်စိတ်ဓာတ်များကိုသာ ကျွန်တော်က သဘောမကျသော်လည်း သင့်တင့်လျောက်ပါတ်သော လှချင်ပချင်စိတ်များနှင့်ပညာဥာဏ်ကို ပိုမိုတန်ဖိုးထား နားလည်သည့်အမျိုးသမီးများကိုကား လေးစားမိပါသည်။ ထို့ကြောင့် မိဖုရားဖွားစော၏ အဆင်းလှသော၊ အလုံးအရပ်လှသော၊ အသံသာယာသော အမျိုးသမီးဖြစ်ချင်သည့်စိတ်ဓာတ်ကို အထင် အမြင်သေးဖို့ မရှိ။ မိန်းမတွေ၏ မွေးရာပါ လှချင် ပချင်စိတ်ဟုယူသော် ရကောင်းသည်။

သို့သော် ပစ္စည်းဥစ္စာတွေလဲ များ၊ အခြွေအရံတွေလဲ အများကြီး ရှိ၊ နေရာတကာမှာ သူများထက်သာပါရစေဆိုသည့်ဆုတောင်းကိုတော့အဆင်မပြေဘူးလို့ ကျွန်တော် ထင်သည်။ လူသာမန်တစ်ယောက်၏ ထိုကဲ့သို့စိတ်ထားမျိုးတွေသည် ထိုသူ၏ ဘ၀တွင် တွန်းအား လောင်စာ ရုန်းကန်အားများ ဖြစ်လာတတ်သော်လည်း အုပ်ချုပ်သူ၊ အာဏာပိုင်များတွင် ထိုကဲ့သို့ စိတ်ထားမျိုးတွေရှိလာလျှင် အများတကာ စိတ်ဆင်းရဲတတ်ကြရပါသည်။ လိုချင်တာကို အာဏာနဲ့လုပ်ယူလို့ရ သည့်အခြေ အနေ၊ လုပ်ပိုင်ခွင့်တွေကြားမှာ ခေတ်စနစ်ကြီးတွေက အရုပ်ဆိုး အကျည်းတန်ကုန်ကြရသည်။

မိဖုရားဖွားစော၏ မင်းဝိုင်းကျောင်း ကျောက်စာတွင် ပါရှိသည့်အရေးအသားများနှင့် သိင်္ဃသူ့သမီး ကျောက်စာတွင်ပါသည့်အရေးအသားများကို ယှဉ်ဖတ်ကြည့်တော့ သိင်္ဃသူ့သမီး ကျောက်စာဖတ်ရတာ စိတ်ချမ်းသာသည်။ စိတ်ကြည်နူး ချမ်းမြေ့ ရသည်။ ထားတတ်လွန်းတဲ့ စိတ်လို့ပီတိဖြစ်ရသည်။ မိဖုရားဖွားစော ကျောက်စာမှာက လောဘတွေ တစ်ထွေးကြီး တွေ့ရ သည်။ မာန်မာနတွေ တစ်ပုံကြီး မြင်နေရသည်။

သူတို့နှစ်ဦးကျောက်စာရေးထိုးစဉ်မှာ မိဖုရားဖွားစော၏ သြဇာအာဏာသည် သိင်္ဃသူ့သမီး၏ အဆင့်အတန်းထက် အများ ကြီး သာနိုင်ပါသည်။ မိဖုရားဖွားစောက ဘုရင်သုံးဆက်၏ နန်းတော်ထဲမှာ ဓားထက်သည့်အမျိုးသမီးကြီး။ မာန်မာန ကြီးမယ် ဆိုလျှင်လည်း ကြီးလောက်စရာ။ ထိုခေတ်က သူရေးထိုးခဲ့သည့်ကျောက်စာက သိင်္ဃသူ့သမီး ကျောက်စာထက် အများကြီး ပိုပြီး ထင်ပေါ်ကျော်ကြားခဲ့နိုင်သည်။ မယ်မယ်ဖုရား ကျောက်စာက စာသားတွေ သင့်မြတ်မှန်ကန်လှပါပေတယ်။ ကောင်းမွန် လှပါပေတယ်ဟု အများက ချီးကျူးခဲ့ကြမည်လို့ထင်သည်။

လူသည် လူကို လိမ်လို့ရသည်။ လူသည် လူတွေကို လိမ်လို့ရသည်။ သို့သော် လူသည် ခေတ်ကြီးကို လိမ်လို့မရ။ စနစ်ကြီးကို လိမ်လို့မရ။ အထူးသဖြင့်အချိန်ကို လိမ်လို့မရ။ နောက်ပြီး စာအရေးအသားကိုလိမ်လို့မရ။ အချိန်ဆိုသည့်ဘီးလုံးကြီးက ကြိတ်ချေရာတွင် အမှုန့်ဖြစ်မသွားသည့်စာမျိုး၊ မှတ်ကျောက်တင်ခံနိုင်သည့်စာမျိုး၊ အများတကာကို ကြည်နူး ချမ်းမြေ့စေ သည့်စာမျိုး၊ သိင်္ဃသူ့သမီး ကျောက်စာလို စာမျိုးကို ရေးတတ်ချင်လှတယ်လို့ ကျွန်တော်တွေးနေမိသည်။

“ငါသည် အများတကာကို စိတ်မဆင်းရဲစေသောသူ။ ငါသည် အများနဲ့ဆန့်ကျင်ပြီး မလုပ်ရသောသူ။ ငါသည် လူအများ၏ ကောင်းကျိုးကို လိုလားသောသူ ဖြစ်ရလိုပါ၏” ဟု ကျောက်စာရေးထိုးခဲ့ချင်သည်။ နောင်နှစ်ပေါင်း နှစ်ထောင်ခန့်မှာ ကျွန် တော့်ကျောက်စာကို တစ်စုံတစ်ဦးက ဖတ်မိလို့ ဒီလူဟာ “ငါ” တွေ အများကြီး သုံးတယ်။ အတ္တမာန်မာနကြီးတယ်။ ဒါပေမယ့် သူ့ခေတ်ကြီးထဲမှာ အများတကာကို စိတ်ဆင်းရဲစေတဲ့လူတွေ အများကြီးရှိခဲ့တယ်ဟု ခန့်မှန်းမိကြလျှင်ကိုဘဲ ကျွန်တော် ကျေနပ်နိုင်ပါပြီ။

ဖိုးထက်