ဗေဒါရီ - ရပ်ကွက် မင်္ဂလာပွဲ



ဗေဒါရီ - ရပ်ကွက် မင်္ဂလာပွဲ
(မိုးမခ) မတ် ၇၊ ၂၀၁၆

သီတင်းဝါလ ကျွတ်ပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း ရပ်ကွက်အတွင်းမှာရှိတဲ့ အသက်၂၀ ၀န်းကျင် အပျို လူပျိုတွေရဲ့ မင်္ဂလာဆောင်ပွဲကြီးက စတင်လို့ ကျင်းပပါတော့တယ်။

စနေ တနင်္ဂနွေ ရောက်ပြီဆိုရင် သောက်သောက်လဲလဲ မင်္ဂလာဆောင်ကြတာဟာ  ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပါပြီ။ တစ်နေ့တည်းကို မင်္ဂလာသုံးခုလောက် ဆောင်တဲ့အခါတွေတောင် ရှိပါသေးတယ်။ (အဲသလိုမျိုး ကြုံပြီဆိုရင်တော့ သေဖို့သာ ပြင်ထားကြပါတော့)

မင်္ဂလာပွဲက စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့ဆောင်မယ်ဆိုရင် တစ်ရက်အကြို နေ့လည်ပိုင်းတောင် မရောက်ချင်သေးဘူး အသံချဲ့စက်က **မင်္ဂလာ အခါတော်ပေးပါလို့းးးးး နတ်ရေးငယ်းးးးးရွှေစားးးးးးးးးးး** ဆိုတဲ့သီချင်းနဲ့ ရပ်ကွက်ထဲကို ဦးစွာ အသံပြုလိုက်ပါတယ်။(ဇာတ်လမ်းကအဲဒီမှာ စတော့တာပဲ)

နောက် - စုံတွဲသီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖွင့်ပါတယ်။ သီချင်းတွေကတော့ ခပ်မြိုင်မြိုင်လေးတွေပဲ** မောင်ရေ… သွားကြစို့ ကျွန်မတို့ရဲ့ အညာ..** သီချင်း။ အဲဒီ့သီချင်းထဲမယ် မင်းဘူးနဲ့ ရွှေစက်တော်ဘုရား၊ ကျောင်းတော်ရာ ဘုရား၊ မကွေးမြသလွန် ဘုရားတွေကိုလည်း ဖူးချင်ပါတယ်ဆိုတဲ့ အကြောင်းလည်းပါတယ်။ ပုပ္ပါးတောင်တန်းကြီး၊ ထန်းနောင်းပွင့်၊ ထန်းတောကြီးတွေညီညီညာ အကြောင်းလည်း ပါရဲ့ နောက်မန်းချောင်း၊ အဲဒီနေရာတွေကို ကျော်ပြီးရင်တော့ သီချင်းက **ရောက်ပါတော့မယ် ကျွန်မတို့ ကုန်းကြောင်းရွာ** တဲ့။ (ထန်းတောကြီးတွေလည်း သီချင်းထဲမှာပဲ ကျန်ပါတော့တယ်)

နောက်တစ်ခါ ** ခပ်စွာစွာ အာကျယ်မလေး…** ** ပျားရည်မဆမ်းပဲ အညာ ပုံးရည်ကြီးဆမ်းကာ သွားကြ မယ်မောင်မယ်စုံ ….** စာသားတွေပါတဲ့ ဗညားဟန်နဲ့ အိအိချွန်တို့ရဲ့ စုံတွဲသီချင်း။ (သီချင်းထဲမှာ သူတို့နာမည်တွေ ထည့်ဆိုပြီး ရန်ဖြစ်နေကြပါတယ်)

မင်္ဂလာစုံတွဲသီချင်းတွေ တော်တော်လေးစုံအောင်ဖွင့်ပါတယ်။ စုံတွဲမဟုတ်တဲ့ တစ်ကိုယ်တော် အလွမ်း အဆွေးသီချင်းမျိုးတွေလဲ ခပ်များများ ကြားရပါသေးတယ်။ ဒီကြားထဲမယ် မှတ်မှတ်ရရ သွားလေသူ ကိုမင်းအောင်ရဲ့ **ငါ့ရည်းစား သူများနဲ့ ညားပြီကွယ်** တို့ **ချစ်ကြပါ….ကြိုက်ကြပါ…။ ချစ်နိုင်သူတွေ ချစ်ကြပါ ကြိုက်ကြပါ….**ဆိုတဲ့ သီချင်းကိုလည်း သနားစရာကောင်းလောက်အောင် ကြားရပါတယ်။ (သီချင်းနားထောင်ရင်းနဲ့ ရေပဲ ထသောက်ရတော့မလိုလို…မုဒိတာပဲ ပွားရတော့မလိုလို…)

နောက်…ဘာလဲ သီချင်းကိုတော့ အစ အဆုံးမရပါဘူး… သီချင်းရဲ့အဓိပ္ပာယ်က ရည်းစားအသစ်ကို လက်ထပ်လိုက်တယ်၊ ရည်းစားအဟောင်းကိုလည်း ဧည့်ခံပွဲကို လာခိုင်းလိုက်သေးတယ်၊ အဲဒီသီချင်း **မောင်ကိုယ်တိုင် လာရောက်ခါကွဲ့ ချီးမြှင့်လှည့်ပါ ချီးမြှင့်လှည့်ပါ.. ငယ်ချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲမှာ** တဲ့။ (ယောကျာ်းလေး နှစ်ယောက်က သဘောထား ကြီးကြောင်းတွေပြ၊ မိန်းကလေးကိုတော့ မျက်နှာခပ်ပြောင်ပြောင်ပဲလို့ ဆိုလိုချင်တဲ့ သုံးပွင်ဆိုင် သီချင်း)

အဲဒီအခါမှာ ဟိုဘက်မင်္ဂလာဆောင်ကလည်း ဘာစိတ်ကူးပေါက်တယ်မသိ ထဖွင့်လိုက်ပြန်တယ် **မမလေးကို မောင်ခိုးမယ်၊ မမလေးကို မောင်ခိုးမယ်၊** **လူဆိုတွေနဲ့ မောင်ကတိုင်ပင်** တဲ့။ (မင်္ဂလာဆောင်လို့တောင် မပြီးသေးဘူး ခိုးမယ့်သူက အဆင့်သင့်)

ဒီကြားထဲမယ် မင်္ဂလာဆောင်နဲ့ ဘာမှလည်းမဆိုင်ပဲနဲ့ **၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ဟေ့၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀**၊ဆိုတဲ့ သီချင်းကလည်းတစ်မျိုး၊ **သစ်ပင်ပေါ်မှာ ထိုင်နေတဲ့တောက်တဲ့ အို..တောက်တဲ့ ** သီချင်းကလည်း တစ်ဖုံ၊ အဲသလို အဆီအငေါ်မတည့်တဲ့ သီချင်းမျိုးတွေကလည်း ခပ်များများ။ (တောက်တဲ့ ဈေးကောင်းတယ်)

ဖြစ်ချင်တော့ တစ်ရပ်ကွက်ထဲမယ် လမ်းလေးပဲ ခြားပြီး မင်္ဂလာ သုံးခုလောက် တစ်ပြိုင်တည်း ဆောင်နေတာဆိုတော့။ သီချင်းတွေကလည်း တူနေပြန်ရော။ ဟိုနေရာက ** မောင်ရေ သွားကြစို့ ကျွန်မတို့ရဲ့အညာ…** လို့ ဆိုပြီးရုံပဲ ရှိသေးတယ် နောက်မင်္ဂလာဆောင် တစ်ခုကလည်း ** မောင်ရေ သွားကြစို့ ကျွန်မတို့ရဲ့ အညာ ….** လို့ ထပ်ဆိုပြန်တယ်။ နောက်တစ်နေရာကလည်း ဘာပြောကောင်းမလဲ ** မောင်ရေ…….** ဆိုပြီးတော့ အညာကို သွားကြစို့ လုပ်ပြန်ရော။ (သီချင်းထဲက မောင်တစ်ယောက်ကတော့ ဘယ်အညာကို သွားလို့ သွားရမှန်းမသိ ဖြစ်နေလောက်ပြီ)

အဲသလို အဲသလိုမျိုးတွေ မင်္ဂလာဆောင် သုံးခုစလုံး တစ်ခုက *အခါတော်ပေးလိုက်* နောက် တစ်ခုက *မောင်နဲ့ အညာကိုသွားလိုက်* နောက်..ဒီဘက်တစ်ခုက *အညာပုံးရည်ကြီးဆမ်းလိုက်နဲ့* သီချင်းတွေကို ဘတစ်ပြန် ကျားတစ်ပြန် ဆိုနေလိုက်ကြတာများ ငိုရခက်ခက် ရီရခက်ခက်နဲ့ ရပ်ကွက်ထဲမယ် ဗြောင်းဗြောင်းကိုဆန်ပါရော။ ဖွင့်တဲ့ သီချင်းတွေကလည်း တူတာတွေများပါတယ် (စက်ဆရာတွေက သုံးမွှာပူးလား အောက်မေ့ရ)

ဂလောက်တောင် ရပ်ကွက်ထဲမယ် သီချင်းသံပေါင်းစုံနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေတာကို အားမရနိုင်ဘဲ နောက်လမ်းထဲက ဦးလေးကြီးရဲ့ အနုပညာပိုးကလည်း တစ်စခန်း ထလာပြန်သေးတယ်။ သူ့အိမ်မှာ ကာရာအိုကေ ဆိုတယ်တဲ့ သီချင်းကလဲ ကြည့်ပါအုံး** အချစ်ရေ…အချစ်ရေ…လို့ တစာစာအော်ရက်နဲ့များ မကြားချင်ယောင် တမင်ဆောင်တော် မူရက်လေသလားးးးး** ဆိုပဲ။ မာမာအေးရဲ့ချစ်မိုးကြီးသီချင်းကို ခံစားချက်အပြည့် လေသံမာမာကြီးနဲ့ ဆိုနေလိုက်တာများးး။ (ဟိုကကြားရင် နေရင်းထိုင်ရင်း သွေးတိုးအုံးမယ်)

အဲသလို ရသပေါင်းစုံလင်အောင် ဆိုကြ၊ ငိုကြ၊ အပြိုင်အဆိုင်ကြဲကြရင်းနဲ့ဘဲ နေ့လည်ပိုင်း ညနေပိုင်း အချိန်တွေကို ဖြစ်ကျော်ပြီး ည ၁၀ နာရီ ၀န်းကျင်လောက်ကို အိုးနင်း ခွက်နင်း နင်းချင်ရာတွေနင်းပြီး ရောက်လာပါတယ်။ စက်သံတွေကတော့ ရပ်လို့သွားပါပြီ၊ သို့သော်လည်း နောက်ဆက်တွဲ အသံတွေက နားထဲကို တိုးဝှေ့ဝှေ့ ထပ်ဝင်လာပြန်ပါတယ်။

ည ၁၀ နာရီနောက်ပိုင်းရဲ့ ကာရာအိုကေ အဆိုပြိုင်ပွဲဆိုပဲ။ နေ့လည်ဘက်က ဘောက်တွေ အသံချဲ့စက်တွေနဲ့ အစွမ်းကုန်ဖွင့်ခဲ့ကြတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို ရပ်ကွက် အဆိုကျော်တွေက တစ်ပုဒ်ပြီး တစ်ပုဒ် ဟဲကြတော့တာပဲ ဆိုနေလိုက်ကြပုံများ...။ (အိပ်မက်ဆုံရာနဲ့ နင်လား ငါလား)

ပိုင်သက်ကျော် အခွေကလည်း ပါးစပ်ကို မလည်ရပါဘူး။ ဟိုလူကလည်း ပိုင်သက်ကျော် ဒီလူကလည်း ပိုင်သက်ကျော်နဲ့ တစ်ကျော်တည်း ကျော်နေကြတာ။ (အကြော်ဆိုင်ထက်တောင် စုံသေး)

ကိုတွံ့တေးသိန်းတန်တို့၊ ကိုဟင်္သာတအောင်တင်းဝင်းတို့၊ ကိုအောင်သူတို့ ဆိုတာလည်း နားရတယ်လို့ကို မရှိပါဘူး။ (သွားလေသူတွေရဲ့ သီချင်းတွေကို ပြန်လည်ဖော်ထုတ်နေကြတာပါ) သန်းခေါင်တောင် ရောက်နေပါပြီ၊ သူတို့ဆိုချင်တဲ့ သီချင်းအမျိုးစားတွေက မကုန်နိုင် မခန်းနိုင် ဖြစ်နေပါတယ်။

ရပ်ကွက်ထဲမယ် အဲသလိုမျိုးတွေ ၀ုန်းဒိုင်းကြဲချင်တိုင်း ကြဲနေကြတာဟာ မင်္ဂလာဆောင်ရှိတဲ့အခါတိုင်းကြားနေကြ အသံဗလံတွေပါ။

ရပ်ကွက်ပိုင်မင်းတွေကို အကြောင်းကြားချင်ပေမယ့်လည်း ရပ်ကွက်ပိုင်မင်းတွေရဲ့ အိမ်နားမှာကို ဆိုနေကြတာဆိုတော့ ကျွန်မ လက်လျှော့ရုံက လွဲပြီး ဘာမှ ထပ်တွန့်တက်စရာ မရှိတော့ပါဘူး။ (ဒီရပ်ကွက်မှာ ဒီမိုကရေစီ ရနေတာလည်း အတော်ကြာပါပြီ)

ဒီလိုနဲ့ ကာရာအိုကေ သီချင်းကဏ္ဍကြီးက ညသန်းခေါင်ယံအချိန်ကြမှပဲ ပြီးဆုံးသွားပါတယ်။ (ဆိုစရာသီချင်း မကျန်တော့လို့ပါ)

ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ချိန်မှာတော့ အသံချဲ့စက်ဆရာက တစခန်းထလာပြန်ရော။ မင်္ဂလာပွဲက မနက် ၇ နာရီမှ နေ့လည် ၁၂ နာရီ။ စက်ဆရာက မနက် ၄ နာရီကတည်းက ဖွင့်နေတာ။ သီချင်းတွေက မနေ့ နေ့လည်ကအတိုင်း ပြန်ဖွင့်တယ်၊ တစ်ခုမှ မကျန်စေရဘူး။ (အလွတ်တောင် ရချင်နေပြီ)

၅ နာရီလောက်ကြတော့ မင်္ဂလာဆွမ်းကပ်တယ်။ (စက်ဖွင့်ပြီးတော့ကို ကပ်တာ) ဒီကြားထဲမယ် သတိုးသားဘက်နဲ့ သတိုးသမီးဘက်က အစေးမကပ်တွေ ဖြစ်ကြပြီး။ သတို့သမီးအဖေက မူးချင်ယောင်ဆောင်ပြီး အိပ်နေတယ်ဆိုပဲ။ သတို့သမီးနဲ့ အမေဖြစ်သူကလည်း ချက်တဲ့ပြုတ်တဲ့ အဖွဲ့နားမှာ ယောင်ပေပေ သွားလုပ်နေပါတယ်တဲ့။ သတို့သမီးကို ဘုန်းကြီးဆွမ်းသွားကပ်ဖို့ပြောကြတော့ မသွားချင်ဘူး သူဟာသူ ကပ်ချင်တဲ့သူနဲ့ ကပ်ပလေ့စေ တဲ့။ (ကဲ…ကြားဖူးကြရဲ့လား အဲ့လို မင်္ဂလာဆွမ်းကပ်တာမျိုး။)

ရပ်ကွက်ထဲက ဘုန်းဘုန်းတွေကတော့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။ ဘုန်းဘုန်းတွေခမျာလည်း ခဏလေးပဲဆွမ်းဘုဉ်းပြီးတော့ ပြန်ကြွသွားရှာပါတယ်။ (ဘယ်ဘုန်းကြီးက ဆွမ်းဘုဉ်းပေးလို့ မျိုကျပါ့မလဲနော်..)

ဆွမ်းကပ်ပြီးတာနဲ့ တပြိုင်နက်နည်း စက်ဆရာက သူတာဝန်ကို ကျေပွန်အောင် ပြန်လည်လို့ ထမ်းဆောင်ပါတော့တယ်။ မနေ့ နေ့လည်းပိုင်းက ဖွင့်ဖို့ကျန်နေသေးတဲ့ ကိုရန်အောင်ရဲ့ ငရုတ်သီး သီးချင်း၊ ဂျင်းဘောင်းဘီ သီချင်း၊ အချစ်ရူးမ ၁. ၂. ၃ ဆိုလား အဲ့ သီချင်း။ ထွန်အိန္ဒြာဗိုလ်အလှည့်ရောက်လာတော့ ** ငါလေ နင့်ကို ပြချင်တယ်** တဲ့။ ပိုးအိစံကလည်း တစ်မျိုး ** လ၀န်းလေးနဲ့တူတယ် မေ့ကိုလားကွယ်**တဲ့ အဲ့သလို သီချင်းမျိုးတွေကို ဒီဘက်မင်္ဂလာဆောင်က ဖွင့်နေတုန်း အဲ့သလောက်ရှိလှတာဆိုပြီး ဟိုဘက်မင်္ဂလာဆောင်ကနေ ထဖွင့်လိုက်တဲ့သီချင်းက ၀ိုင်းစုခိုင်သိန်းရဲ့ ** မက်လောက်စရာ တစ်ကွက်မှ မရှိ** ဆိုပဲ။ (အပြင်ဘက်မှာသာဆိုရင် နောင်ဂျိန်)

နောက်တစ်ခါ အေသင်ချိုဆွေကလည်း အားကျမခံ ** တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့…** လုပ်ပြန်ရော။ (အင်းးးးးး)

ဒီကြားထဲမယ် ပိုပိုကလည်း အားကျမခံ** အသေသာ သတ်သွားလိုက်ပါလား၊ အသေသာ သတ်သွားလိုက်ပါ့လား** နဲ့ ဟစ်ပြန်ရော။ (လူ့ဘ၀ကြီး ရခဲတာကိုများ)


အဲသလို အဲသလိုမျိုး ကဘောက်တိကဘောက်ချာ၊ အဆီအငေါ်မတည့်၊ ကသောင်းကနင်း၊ အဆိုတော်အချင်းချင်း ရင်ကြားကွဲမယ့် သီချင်းတွေကို ဖွင့်လိုက်တဲ့ အဖွင့်ဆိုတာ မနားတမ်းပါပဲ။ နောက်ကတီးလုံးကလည်း ဘာပြောကောင်းမလဲ တစ်ဒုန်းးး ဒုန်းးးး ဒုန်းး နဲ့ ဒုန်းးနေလိုက်တာများ တံခါးဘောင်တွေတောင် တုန်ပါတယ်ဆို..။ (စင်္ကာပူမှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပွဲ ဒုန်းးးးတာကမှ နားခံသာအုံးမယ်)

ဒီလိုနဲ့ သီးချင်းပေါင်း ရှစ်သောင်းလေးထောင်လောက်ကို မနားတမ်းဖွင့်ရင်း ဖွင့်ရင်းနဲ့ နေလည့် ၁၂ နာရီထိုးလို့ မင်္ဂလာပွဲကြီးလည်း ပြီးဆုံးခါနီးပြီဆိုတော့ စက်ဆရာဆိုတဲ့လူတွေက ပွဲသိမ်းသီချင်းကို ပြောင်းဖွင့်လိုက်ပြန်ပါသေးတယ်။

မင်္ဂလာဆောင်တစ်ခုက ရွှေမန်းတင်မောင်ရဲ့**အောင်ပါစေ၊ အောင်ပါစေ ကျွန်တော်လေ ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း...** သီချင်းကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျန်မင်္ဂလာဆောင်က စက်ဆရာတွေကလည်း စိုးစန္ဒာထွန်းရဲ့ ** စန္ဒာလေ ထိုနည်းလည်းကောင်း ထိုးနည်းလည်းကောင်း** ဆိုတဲ့သီချင်းကို အားကျမခံ လိုက်ဖွင့်ကြပါတယ်။ အဲသလို ဘဘနဲ့ မမတို့ရဲ့ **ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း** သီးချင်းကို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဆိုကြ ဖွင့်ကြရင်းနဲ့ပဲ မင်္ဂလာဆောင် ပြိုင်ပွဲကြီးတွေက ပြီးဆုံးလို့သွားခဲ့ပါပြီ။ (ကိုယ့်မှာတော့ လူက ငူတူတူ၊ နားက အူတူတူ ဖြစ်ပြီး ကျန်ရစ်ခဲ့ပါတော့တယ်)

နောက်ဆက်တွဲ သီတင်းအနေနဲ့ကတော့ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တဲ့ မင်္ဂလာ စုံတွဲခမျာမှာ “ဒို့ရဲ့လက်ကို ခိုင်ခိုင်တွဲထားပါ” တို့၊ “ဆံဖြူသွားကျိုးတဲ့အချိန်ထိ ဒီလူကမင်းအတွက် အမြဲရှိ” တို့၊ “မင်းတို့အချစ်ဟာ ကမ္ဘာမြေတလွှားမှာ ပြိုင်စံရှားပါပေတယ် ”တို့၊ “နှစ်တရာတိုင်မခွဲ လက်တွဲကြမယ် တူမောင်မယ်” စတဲ့… စုံတွဲတွေကို ထောမနာ ပြုထားတဲ့ သံချင်းသံတွရဲ့အဆုံးမှာပဲ နှစ်ဘက်မိဘတွေရဲ့ ခွင့်ပြုချက်အရ နှစ်ဦးသဘောတူ လမ်းခွဲကြပါလေရော။ (အနိစ္စ ဒုက္ခ အနတ္တ)