ပြည်သူ့သမ္မတ ဦးထင်ကျော် (ဒလဘန်း) သို့ ဂုဏ်ပြုခြင်း နှင့်မောင်မိုးသူ

ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်)
ပြည်သူ့သမ္မတ ဦးထင်ကျော် (ဒလဘန်း) သို့ ဂုဏ်ပြုခြင်း နှင့်မောင်မိုးသူ
မောင်မိုးသူ မော်ဒန်သတင်းဂျာနယ် မတ် ၁၈ - ၂၀၁၆

(မိုးမခ) မတ် ၁၉၊ ၂၀၁၆

မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတနှစ်ဦး၊ တပ်မတော်မှ တင်မြှောက်သော ဒုတိယသမ္မတ တဦး ၊သုံးဦးတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆန္ဒမဲပေးကြရာ ဦးထင်ကျော်က ၃၆၀ နဲ့ သမ္မတ၊ ဦးမြင့်ဆွေ ၂၁၃၊ ဦးဟင်နရီ ၇၉ တို့က ဒုတိယသမ္မတများ အဖြစ် အရွေးခံရပါတယ်။ နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရပ်သားကိုယ်စားလှယ်များ သမ္မတအဖြစ် ဝင်ရောက်အရွေးခံတဲ့ပွဲ ဖြစ်တဲ့အတွက် မနက် ၁၀း၁၀နာရီ လွှတ်တော် စဖွင့်သည်မှ မဲဆန္ဒရှင်များ အတည်ပြုခြင်း၊ ဒုတိယသမ္မတသုံးဦးအနက် တဦးကို သမ္မတ ရွေးချယ်ခြင်းပြုလုပ်သည်ကို ရင်ခုန် စိတ်လှုပ်ရှားစွာ အချိန်အကြာကြီးစောင့်ပြီး မောင်မိုးသူ ရုပ်မြင်သံကြားမှ လွှတ်တော်လိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်ကို မဲ ၃၆၀ ဖြင့်ရွေးချယ်ကြောင်း ပြောကြားသည်နဲ့ လက်ခုပ်ဩဘာ တီးလိုက်မိပါတယ်။

ဦးထင်ကျော် သမ္မတအဖြစ် တင်မြှောက်ခံရသည်ကို အကြောင်းပြု၍ မောင်မိုးသူတို့ ဆရာကြီး မင်းသုဝဏ်ကို ပြေးပြီးသတိရမိပါတယ်။ ဆရာမင်းသုဝဏ်ကို တက္ကသိုလ်ကျောင်းဝင်းထဲမှာ နေစဉ်မှာပင် တင်မိုးနဲ့ မောင်မိုးသူတို့ မကြာခဏ ရောက်ပါတယ်။ နောက် ကမာရွတ်က ဆရာ့အိမ်ကိုလည်း နှစ်စဉ်ထမနဲပွဲတိုင်းသွား၍ မောင်သာနိုး၊တင်မိုး၊မောင်စွမ်းရည်တို့ နှစ်စဉ် ကန်တော့သွားရာမှာလည်း ကြုံတိုင်းလိုက်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ့ပရိယာယ်စာအုပ်ကိုလည်း မောင်မိုးသူရဲ့ မိုးဦးပန်းစာပေတိုက်မှ ထုတ်ဝေဖူးပါတယ်။

ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ဟာ မောင်မိုးသူတို့ လေးစားကြည်ညိုရသော ဆရာကြီးနှစ်ဆူ ဖြစ်ပါတယ်။ နှစ်ဦးစလုံးနဲ့လည်း မောင်မိုးသူ ရင်းနှီးပါတယ်။ဆရာတို့နှစ်ဦးစလုံးမှာ စာပေဆရာများဖြစ်ကြပေမဲ့ မောင်မိုးသူတို့ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိကြပါ။ ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း လှည်းတန်းအဝိုင်း ကျောင်းသားများ အစာငတ်ခံ ဆန္ဒပြပွဲကို ဆရာမင်းသုဝဏ်က ကဗျာရေးပြီး စာနထောက်ထားမှု ပြုခဲ့သည်ကို မှတ်မိနေပါတယ်။အဲသည်ကဗျာကို မောင်စွမ်းရည် ယူလာတာဖြစ်ပါတယ်။

ရှစ်လေးလုံးအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်တော့ မောင်မိုးသူတို့တတွေ ပါဝင်လှုပ်ရှားကြပါတယ်။ တင်မိုးကလည်း တတ်သိပညာရှင်အဖြစ် အာဇာနည်မျိုး သေရိုးမရှိ ဆောင်ပုဒ်အပါအဝင် ကဗျာတွေလည်း အများကြီး ရေးပါတယ်။ ၈၉ ကျတော့ မောင်မိုးသူတို့ ထောင်ထဲရောက်သွားပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ ထောင်ထဲ၅(ည) အချုပ်သမားများဘဝ ရောက်နေတဲ့ ဦးတင်ဦး၊ ဦးထွန်းတင်၊ဦးအောင်လွင်၊ မောင်မိုးသူတို့ကို အဖွဲ့ချုပ်မှ ရွေးကောက်ပွဲဝင်ရန် လက်မှတ်လာထိုးခိုင်းလိုက်တာ ဦးတင်ဦး၊မောင်မိုးသူ လေးယောက်စလုံးကို ထောင်ချလိုက်ပါတယ်။ ထောင်ကျသွားရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်မရှိတော့ပါ။

၉၀ ရွေးကောက်ပွဲ သတင်းများကတော့ ထောင်ထဲမှာလည်း ပျံ့နှံ့ဝင်ရောက်လာပါတယ်။တနိုင်ငံလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများဆုံးအနိုင်ရရှိပါတယ်။

အနိုင်ရရှိတဲ့ ကိုယ်စားလှယ်များ မောင်မိုးသူတို့ရဲ့ ဆရာ မင်းသုဝဏ်လည်း ပါပါတယ်။ သည်တော့ မောင်မိုးသူက ထောင်ဝင်စာလာတွေ့တဲ့ ဇနီးအမာကို ဆရာ့အိမ်ကိုသွား၊ ဆရာက မောင်မိုးသူတို့ တပည့်တွေရဲ့ နိုင်ငံရေးခံယူချက်ကို ထောက်ခံအားပေးတဲ့အနေနဲ့ အရွေးခံတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ကြောင်းနဲ့ သပြေပန်းများနဲ့ ဆရာ့ကို သွားကန်တော့ဖို့ အမာ့ကို ခိုင်းပါတယ်။ အမာက ဆရာ့အိမ်ကို မရောက်ဖူးဘူးဆိုတော့ တင်မိုးကို ခေါ်ပြီး သွားခိုင်းလိုက်လို့ တင်မိုးနဲ့အမာ ဆရာ့ကို သွားကန်တော့ခဲ့ကြကြောင်း သိရပါတယ်။ မောင်မိုးသူက ဆရာ့ကို သပြေပန်းနဲ့ ကန်တော့ရန်မှာလိုက်ပေမဲ့ အမာက ကိတ်မုန့်ပါ ဝယ်ပြီးသွားကြောင်း သိရပါတယ်။

၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်န်အယ်လ်ဒီအမတ်များဟာလည်း မောင်မိုးသူတို့ရှိရာ ထောင်တွေထဲကို ရောက်လာကြပါတယ်။ ဆရာမင်းသုဝဏ်ကို ဖမ်းဆီးထောင်ချခြင်း မလုပ်ပေမဲ့ ဆရာ့ရဲ့စာများ ဆရာ့ရဲ့ကဗျာများကို ရေးသားထုတ်ဝေခြင်း ပိတ်ဆို့ခံခဲ့ရပါတယ်။

၉၂ မောင်မိုးသူ ထောင်ကလွတ်ပြီး ဆရာ့အိမ်ကို ကိုသာနိုး၊တင်မိုး၊မောင်စွမ်းရည်တို့နဲ့အတူ သွားကန်တော့ရတုန်းကလည်း ဆရာ့စာများ၊ဆရာ့ကဗျာများက မောင်မိုးသူတို့ နိုင်ငံရေးလှုပ်ရှားသူများ နည်းတူ ပိတ်ဆို့ခြင်း ခံနေရဆဲ ဖြစ်ပါတယ်။

ခေတ်ရေစီးကြောင်းက တသွင်သွင် စီးမျောလျက် ရှိပါတယ်။ မောင်မိုးသူလည်း ထောင်ထဲ နှစ်ကြိမ်ဝင်ခဲ့ပြီး ၂၀၀၀ မှ ထောင်ထဲက လွတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် ခံနေရသလို ဦးဝင်းတင်ကလည်း ထောင်ထဲမှာ ရှိနေတုန်းပါပဲ။ ဒေါ်စု အကျယ်ချုပ်ခံနေရစဉ်အတွင်း ယက်တောရေကူးပြီး ဒေါ်စုအိမ်လာတွေ့တော့ အချုပ်သားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်ပေးထောင်ချခဲ့ပါတယ်။

နာဂစ်မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ခေါင်မိုး ပျက်စီးခဲ့ပါတယ်။ အိမ်ခေါင်မိုးကို ဒေါ်အောင်ဆန်းစုကြည် အချုပ်ခံထားရစဉ်မှာပဲ ခေါင်မိုးပြင်ဆင်ရာမှာ ဦးထင်ကျော်နဲ့ ဗိသုကာခွန်သာမြင့်တို့ နှစ်ယောက် ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း သံတံခါးဝမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ခဲ့ရသူကတော့ ဦးထင်ကျော်ပဲ ဖြစ်ပါတယ်။ ဦးထင်ကျော်ကို အင်န်အယ်လ်ဒီခေါင်းဆောင်တွေထဲမှာ မတွေ့မမြင်ဖူးကြလေတော့ အဲသည်ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ မေးတာမြန်းတာ မောင်မိုးသူ ခံရဖူးပါတယ်။အဲသည်တုန်းက မောင်မိုးသူရဲ့ အဖြေက ဦးထင်ကျော်ဟာ မောင်မိုးသူတို့ရဲ့ ဆရာဖြစ်တဲ့ ဆရာမင်းသုဝဏ်ရဲ့သားဖြစ်ပြီး စိတ်သဘောထားကောင်းပြီး အရည်အသွေးပြည့်ဝသူ တဦးဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒုတိယသမ္မတလောင်း တယောက်ရဲ့ တကယ့်အရည်အသွေးဟာ ဖြူဖို့ ဖြောင့်ဖို့လိုတယ်လို့ ရေးခဲ့ဖူးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီးပြီးချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူရဦးရွှေမန်းက ချက်ချင်းလက်ခံခဲ့ပေမဲ့ ဦးသိန်းစိန် နဲ့ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကတော့ ရက်အနည်းငယ်ကြာမှ လက်ခံခဲ့တာကို တွေ့ရပါတယ်။ ယခုအကြိမ် လွှတ်တော်မှာ အင်န်အယ်လ်ဒီက အများစုအနိုင်ရထားလေတော့ အစိုးရဟောင်းနဲ့ ဆက်ဆံဖို့ သိပ်မလိုအပ်တော့ပေမဲ့ လွှတ်တော်ထဲမှာ အရွေးခံစရာမလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကာလုံမှာ တာဝန်ခွဲယူကြဖို့ ၊အစိုးရဖွဲ့စည်းရာမှာ ကာကွယ်ရေး၊နယ်စပ်နဲ့ ပြည်ထဲရေးကို ကိုင်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တော့ ရင်ကြားစေ့ရေး လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။

နောက်ဆုံးအခြေအနေကတော့ လွှတ်တော်မှာ လွှတ်တော်ကတင်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီ၊ တပ်ကတင်တဲ့ ဦးမြင့်ဆွေတို့ ဒုတိယသမ္မတ ဖြစ်လာကြပြီး သမ္မတရွေးချယ်ရာမှာတော့ ဦးထင်ကျော်က သမ္မတ ဖြစ်လာပြီး ဦးမြင့်ဆွေနဲ့ ဦးဟင်နရီတို့က ဒုတိယသမ္မတ (၁) နဲ့ (၂) ဖြစ်လာကြပါတယ်။

နှစ်ပေါင်း ၅၀ ကျော် စစ်ဘက်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီအသွင်ဆောင်တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အရ ဦးထင်ကျော်က ပထမဆုံးအရပ်သား ဒီမိုကရေစီဘက်တော်သား သမ္မတကြီး ဖြစ်လာခဲ့ပါတော့တယ်။

ဒါကြောင့် ပထမဆုံးဖြစ်လာတဲ့ ပြည်သူ့သမ္မတ ဦးထင်ကျော်ကို မောင်မိုးသူ လက်ခုပ်ဩဘာတီးပြီး ဂုဏ်ပြုလိုက်ရပါတယ်။ ဒီမိုကရေစီသမ္မတ ဖြစ်ရုံသာမက မောင်မိုးသူတို့ရဲ့ ဆရာမင်းသုဝဏ်ရဲ့သားဖြစ်လို့ ထပ်လောင်းဝမ်းသာ ဂုဏ်ယူလိုက်ရပါကြောင်း။

ပြည်သူ့သမ္မတဦးထင်ကျော်(ဒလဘန်း) သို့ ဂုဏ်ပြုခြင်းနှင့် မောင်မိုးသူပါ။