မောင်သာရ နှင့် မောင်မိုးသူ

Than Htay Maung


မောင်သာရ နှင့် မောင်မိုးသူ
မောင်မိုးသူ မော်ဒန်သတင်းဂျာနယ် (မိုးမခ) မတ် ၅၊ ၂၀၁၆

မောင်သာရတို့၊ မောင်သာနိုးတို့ဆိုတာ ၅၃ အောက်တိုဘာ တိုက်ပွဲမှာ ရာသက်ပန် ကျောင်းထုတ်ခံရတဲ့သူတွေပေါ့။ မောင်သာရရဲ့ ` ကျဉ်တုတ်ခံဝံ့ မခံဝံ့ ´ ဆိုတဲ့ ဝတ္တုဟာ ထောင်တွင်းအတွေ့အကြုံပေါ့။ ၅၃ ရာသက်ပန် ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကို ၅၆မှာ ကျောင်းပြန်နေခွင့်ရတယ်။ မောင်သာနိုးက မန္တလေးတက္ကသိုလ်ကျောင်းပြန်တက်ရလို့ ၅၆ မှ ကျောင်းရောက်တဲ့ မောင်မိုးသူနဲ့ ဆုံစည်းမိကြတာပါ။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ စာရေးဆရာ၊ဗေဒင်ဆရာကြီးမင်းသိင်္ခ ခေါ် ကိုအောင်ထွန်းက သူ့ဆရာဖြစ်တဲ့ မောင်ကိုယုနဲ့ မောင်မိုးသူ ဘယ်လိုဆုံကြတာလဲလို့ မေးဖူးတယ်။ မောင်ကိုယုကလည်း ၅၆ ကျောင်းပြန်နေခွင့်ရတဲ့ ကျောင်းသားကြီး ဖြစ်လို့နေမှာပေါ့။ မောင်ကိုယုက ရန်ကုန်တက္ကသိုလ်ကပါ။ မောင်မိုးသူ မန်းတက္ကသိုလ်ရောက်ချိန် ရန်ကုန်တက္ကသိုလ် အလည်သွားတော့ မောင်ကိုယုက ဟောလ်ကျူတာ အဆောင်မှူး ဖြစ်နေပြီ ထင်ပါရဲ့။ ပြောချင်တာက မောင်မိုးသူဟာ မောင်ကိုယု၊ မောင်သာနိုးတို့နဲ့ တက္ကသိုလ်မှာ ဆုံဖူးပေမဲ့ အရွယ်မတူပါဘူး။ တခေတ်ငယ်ပါတယ်။ မောင်သာနိုးထက် ငါးနှစ်လောက်ငယ်ပြီး မောင်သာရထက် ခုနစ်နှစ်လောက် ငယ်ပါတယ်။

မောင်သာရက ၅၆ ကျောင်းပြန်မတက်လို့ မောင်မိုးသူနဲ့ မန်းတက္ကသိုလ်မှာ မဆုံဖူးကြပါ။ သူ့အကြောင်းနဲ့ သူ့နာမည်ပဲ ကြားဖူးတာ ဖြစ်ပါတယ်။ မောင်သာရဟာ တကယ်တော့ မန္တလေးသားစစ်စစ်ဖြစ်ပါတယ်။ မောင်မိုးသူ မကြာခဏ ရယ်စရာအဖြစ် ပြောဖူးတာရှိပါတယ်။ မန်းတက္ကသိုလ်စာပေနယ်က စာပေဝါသနာရှင်တွေ အများစုဟာ နယ်ကချည်းပါပဲ။ မုံရွာ၊ ရွှေဘို၊မြင်းခြံ၊ မိတ္ထီလာဆိုတာ မောင်မိုးသူတို့ခေတ် မန်းတက္ကသိုလ်ကို တက်ကြရတာလေ။ အားလုံး မြင်းခြံ၊ မုံရွာ၊ ရွေဘို၊ မိတ္ထီလာက လူတွေချည်းပဲ။ တကယ့် တကယ့် မန္တလေးသားစစ်စစ်က မောင်သာရနဲ့ မောင်မိုးသူလို့ ရယ်စရာ ပြောခဲ့ဖူးပါတယ်။

မောင်မိုးသူတို့ ၊မောင်သာနိုးတို့ တက္ကသိုလ်ဝင်းတို့က ဈေးချို မွေ့ရာတန်းက စန်းသော်တာစာအုပ်ဆိုင်မှာ နေ့စဉ်စတည်းချတယ်လေ။ စန်းသော်တာ ကိုသန်းညွန့်က လည်း စာအုပ်ဆိုင်ထွက်သလို စာရူးပဲ။ အဲသည်ဆိုင်မှာ ဂုဏဝတီ ကိုခင်မောင်တို့၊ ကိုကိုကြီး (ဒွါရဝတီဘုန်းလူ ) တို့လည်း အမြဲဆုံတယ်။ အဲသည်အုပ်စုထဲကို ရန်ကုန်စာပေလောကထဲ အခြေချနေပြီး ဖြစ်တဲ့ မောင်သာရဟာ မန္တလေး ပြန်ရောက်လာတော့ စန်းသော်တာစာပေဝိုင်းထဲ ရောက်လာတာဖြစ်တာပေါ့။ အဲသည်အချိန်မှာ မောင်သာရက ရှုမဝမှာ ညှာရွှေတခက် ကြွေရက်စောဝတ္တုနဲ့ နာမည်ရ နာမည်ကျော် ဖြစ်နေပါပြီ။ မောင်သာရကသာ မန္တလေးသား ဖြစ်တာမဟုတ်ဘူးခင်ဗျ။ သူရဲ့ ဇနီး မမစန်းကလည်း မောင်မိုးသူတို့ မန္တလေးသူ ပဲခင်ဗျ။ မမစန်းက ဈေးထဲမှာ ဈေးထွက်တာ၊ နေတာက မောင်မိုးသူတို့ ကျောက်ဆစ်တန်းရဲ့အနောက်ဘက် လက်ရွေးရပ်မှာနေတယ်။ နေ့တိုင်းဈေးသွားဈေးပြန် အိမ်ရှေ့က ဖြတ်သွားတာ မောင်မိုးသူအမေတို့ ၊ အရီးတို့နဲ့ သိတယ်။ မောင်မိုးသူလည်း သိပါတယ်။ သိလို့ မမစန်းလို့ ခေါ်တာပေါ့။

တနေ့တော့ မောင်သာရက မောင်မိုးသူတို့ စာအုပ်တိုက်ထောင်ပြီး စာအုပ်ထုတ်ကြရအောင် ပြောတယ်။ မောင်မိုးသူလည်း ဝမ်းသာအားရ သဘောတူတာပေါ့။ မောင်သာရရယ်၊ စာနယ်ဇင်းက ကိုတင်ဖေရယ်၊ မောင်မိုးသူရယ်၊ကိုတင်အောင်ရယ်၊ တယောက် ၅၀၀ စီစုပြီး စာအုပ်တိုက်ထောင်ပါတယ်။ စာအုပ်တိုက်အမည်က ` အမြုတေ စာပေတိုက် ´ တဲ့။ မောင်သာရပေးတဲ့ နာမည်ပါ။ အမြုတေစာပေတိုက်က ပထမဆုံးထုတ်တဲ့ စာအုပ်ကတော့ မောင်သာရရဲ့ ` ညှာရွှေ ´ ပဲဖြစ်ပါတယ်။ ပြီးတော့ သာရရေးတဲ့ ` နတ်မြင်းပျံမို့ မြူးကြွားကြွား´ ၊ဒေါက်တာထွန်းရွှေရဲ့ တစ်ကျပ်တန်စာအုပ် ၊ကောက်လှိုင်းရဲ့ တစ်ကျပ်တန်စာအုပ် ထုတ်ပါတယ်။ အဲသည်နောက်တော့ အမြုတေစာပေတိုက် ဆက်မထုတ်ဖြစ်တော့ပါ။ ဒါနဲ့ မောင်မိုးသူ တယောက်တည်းပဲ မိုးဦးပန်းစာပေတိုက်ဆိုပြီး စာအုပ်တိုက်တခု တည်ထောင်ဖြစ်တယ်။

နောက်ပိုင်း မောင်မိုးသူရန်ကုန်ဆင်း ၊စာပေနယ်၊ရုပ်ရှင်နယ်ထဲရောက်တော့လည်း မောင်သာရနဲ့ ပြန်ဆုံပါတယ်။ မောင်သာရက အသက်ရော ဝါရောကြီးဆိုတော့ အဲသည်အချိန်မှာ ဒါရိုက်တာဖြစ်နေတဲ့ မောင်ဝဏ္ဏ၊မောင်မိုးသူတို့ကို အငယ်တွေလို့ပဲ သဘောထားတာလေ။ မောင်ဝဏ္ဏ

ကိုယ်တိုင်ကလည်း မောင်သာရရဲ့ ` ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ရိုက်ခဲ့တာလေ။ မောင်မိုးသူလည်း မောင်သာရရဲ့ ` ထဘီကျွတ်၍ လွှတ်လိုက်သည် ´ ဝတ္တုကို ဇာတ်ညွှန်းရေးဖူးတယ်။ မောင်သာရဟာ ` သာရ ´ဆိုတဲ့ မဂ္ဂဇင်းလည်း ထုတ်ဖူးတယ်။ မောင်သာရက ရုပ်ရှင်ရိုက်မယ်ဆိုပြီး မင်းသမီး မင်းသားတွေ ခေါ်ပြီး လေ့ကျင့်ပေးဖူးတယ်။ မောင်ဝဏ္ဏတို့ ၊မောင်မိုးသူတို့ကိုတောင်ခေါ်ပြီး သူ့တပည့်တွေနဲ့ မိတ်ဆက်ပေးသေး။ မောင်သာရရဲ့ နောက်အိမ်ထောင် မအိဟာ အဲသည်မောင်သာရ လေ့ကျင့်ပေးနေတဲ့ မိန်းကလေးတွေထဲက တယောက်ပေါ့။

မောင်သာရဟာ အချစ်ဝတ္တုတွေစရေးပြီး နာမည်ကြီးလာတာဖြစ်ပေမဲ့ ဘဝထဲကို ဝင်ပြီး တက္ကစီမောင်းပြီး ရေးတဲ့ဝတ္တု ` မတ်တတ်ရပ်လို့ လမ်းမှာငို ´ အပါအဝင် ဘဝဝတ္တုတွေကို စကားပြေဟန်နဲ့ အများကြီး အများကြီးရေးပြီး အောင်မြင်တဲ့ ဝတ္တုရေးဆရာကြီးပါ။ သူ့သမီး (မမစန်းရဲ့သမီး) ဖြိုးသာရကလည်း စာရေးဆရာဖြစ်တာပါပဲ။

နောက်တော့ မောင်သာရ အမေရိကန်ရောက်သွားပါတယ်။ အမေရိကန်မှာရောက်နေတဲ့ တင်မိုးတို့၊မောင်စွမ်းရည်တို့နဲ့ ဆုံပါတယ်။သူ့အကြောင်းလည်း မကြာခဏ ကြားရပါတယ်။ မောင်သာရ စာအုပ်တွေလည်း ပြန်ထုတ်တာတွေ့ရပါတယ်။ သည့်နောက် မတ်လ ၁ရက်နေ့ အင်တာနက်မှာ အမျိုးသားစာပေဆုရ စာရေးဆရာကြီး မောင်သာရ အမေရိကန်မှာ ကွယ်လွန်ကြောင်း သတင်းဖတ်ရပါတယ်။

မောင်သာရနှင့် မောင်မိုးသူပါ။