မောင်စွမ်းရည် - နိုင်- ၈၀ပြည့် မွေးနေ့

(လက်ဝဲမှ စရေတွက်သော် ငါးဦးမြောက်မှာ ဂုဏ်ထူးသိန်းနိုင် ဖြစ်ပါတယ်)


မောင်စွမ်းရည် - နိုင်- ၈၀ပြည့် မွေးနေ့
(စွမ်းဆရာရဲ့ လွမ်းကဗျာ)

(မိုးမခ) မတ် ၁၆၊ ၂၀၁၆

နိုင်ရယ်- ဂျမ်းရယ်- စွမ်းရည်
မန်းတက္ကသိုလ် ရေနီလွှတ်တဲ့မြောင်းမှာ
မေမဒီ ညွှတ်တဲ့ ဖယောင်းတွေနဲ့
ခွပ်ဒေါင်းအလံ တလူလူပေါ့
မာန်တထူထူ အကြံတူ သူငယ်ချင်းတွေဟာ
လည်ပင်းကို အတူတူဖက်ပါလို့
အိပ်မက်တွေ တယောက်တထမ်းစီနဲ့
မန်းကနက်ဆီမှာနော်ကွယ်
ဂျမ်းတဖက်၊ စွမ်းတဖက် တမှီမှီနဲ့သာပ
သြော်- လွမ်းရက်ကယ် ရှည်ဖူးတယ်။

စားအတူ၊ သွားအတူ၊ ဟားအတူနဲ့
တလွှားလွှား တဆူဆူ မြောက်ရာက
(မယားယူသူ နှစ်ယောက်နဲ့)
ကားအတူတူ မှောက်ပြန်တော့
တယောက်သူ မောင်ကံဆိုးဟာလဲ
ခြေကျိုးခဲ့ဖူးပါတယ်။

သြော်- လွမ်းလောက်တဲ့ကဝိရယ်လို့
မန်းတလျှောက်သိပါတဲ့
ဂျမ်းမှောက်မယ့်ငတိ
စွမ်းတယောက်ရှိတာမို့
နန်းမြှောက်ဖို့အထိ ငါတို့မှန်းနိုင်ရဲ့
မန်းရတနာပုံမှာ မန်းစာဂုဏ်တွေ တမြုံတမနဲ့သာပ
ဒဂုန်ကျအောင် အကုန်ကြွပြီး (ကဆုန်မချ)
ခပုံ တမမနဲ့ စုန်ကြမယ် အတူဆင်းပြီး
ဘယ်သူတွေ ဘယ်ကွင်းမှာ ဘာစာမေးမလဲ
ဘယ်နေရာ ဘယ်အခါမှာ ဘာစာရေးမလဲ
“အတွေးရဲရဲ” “အရေးရဲရဲ” -သွေးမကျဲပါဘု
(ခွေးဆွဲချင်ဆွဲပါစေ့)
ရှေးအစွဲ၊ ရှေးအဟဲမှာ ခေတ်ဥာဏ်ညွှန့်ပါလို့
ခေတ်ဆန်ဆန် ခေတ်ဟန်မှာ ခေတ်သံကွန့်ကာပ
ညွှန့်သမျှ အဖူးအငုံ အဆင့်ဆင့်မြိုင်စေကြောင်းရယ်နဲ့
တန်ခူးကဆုန်ကအစ- အထူးအကုန်-
- ပွင့်သထက် ပွင့်ပေရော့- “နိုင်” - ရွှေတပေါင်း ။ ။


မောင်စွမ်းရည်
(မောင်သိန်းနိုင်ရဲ့ အထူးသူငယ်ချင်း)
၂၀၁၆ မတ် ၅

(ဒီကဗျာကို ဆရာကြီး ဂုဏ်ထူးသိန်းနိုင်ဆီ ပို့ပေးပါလို့ ဆရာစွမ်းက မှာပါတယ်။ အခုမှ တင်နိုင်လို့ စာဖတ်သူတွေထဲက ရင်းနှီးသူများ ဆရာကြီး ဂုဏ်ထူးသိန်းနိုင်ဆီပို့ပေးကြပါ ခင်ဗျား (မိုးမခ))