ဇင်လင်း - အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး


 ဇင်လင်း - အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး
(မိုးမခ) မတ် ၂၈၊ ၂၀၁၆

ဒီနေ့မြန်မာနိုင်ငံကို စိန်ခေါ်နေတဲ့ ပြဿနာတွေ အများအပြားရှိနေပါတယ်။ အဲဒီအနက်က LDC အဆင့် အဆင်းရဲဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး၊ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကို ရပ်စဲရေး၊ ပညာရေး ကျန်းမာရေး နိမ့်ကျနေမှုကို ပြုပြင် ပြောင်းလဲရေး၊ အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းမှ လွတ်ကင်းအောင် ကြိုးစားရေး၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်တည့်မတ်ရေး၊ အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်များ ဖေါ်ဆောင်ဖန်တီးပေးရေး အစရှိသဖြင့် နောက် တက်လာမယ့် အစိုးရအနေနဲ့ တာဝန်ယူ ရင်ဆိုင်ဖြေရှင်းပေးရမယ့် စိန်ခေါ်မှုတွေက တန်းစီနေပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၆ - ၂၀၂၀ သက်တမ်းကာလအတွင်း အစိုးရအဖွဲ့ရဲ့ သမ္မတအဖြစ် ဦးထင်ကျော်ကို  လွှတ်တော်က ရွေးချယ်တင်မြှောက်ထားပြီးဖြစ်ပါတယ်။ သမ္မတအဖြစတာဝန်ယူမယ့် ဦးထင်ကျော်က  ၀န်ကြီးဌာန ၂၁ ခု၊ ၀န်ကြီး ၁၈ ဦး အမည်စာရင်းကို မတ်လ ၂၂ ရက်မှာတင်သွင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ်က လွတ်မြောက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဦးရေနဲ့ ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချ ဖွဲ့စည်းခဲ့ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ  နိုင်ငံတော် သမ္မတအသစ်အဖြစ် တင်မြှောက် ခံရသူ ဦးထင်ကျော်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးဦးရေကို လျှော့ချလိုက်တဲ့အတွက် လာမယ့် အစိုးရသစ်သက်တမ်းအတွင်း ငွေကျပ် သန်းပေါင်း (၅,၀၀၀) လောက် စရိတ်သက်သာမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီလို ချွေတာ ရရှိငွေတွေကို ပညာရေး ကျန်းမာရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ပိုမိုသုံးစွဲ သွားမယ်လို့ သမ္မတ အသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။

“အခုလို ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနအရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွားခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင် ရာမှာဖြစ်စေ၊ အချိန်နှောင့်နှေး ကြန့်ကြာမှုတွေ၊ မလိုအပ်ပဲ ငွေကုန်ကြေးကျများမှုတွေ များစွာ လျော့နည်းသွားမှာဖြစ်ပါ တယ်။ ဒါ့အပြင် လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ၅ နှစ် သက်တမ်းအတွင်း သန်းပေါင်း ၅ ထောင်ခန့် နိုင်ငံအတွက် ခြိုးခြံချွေတာပြီးလည်းဖြစ်ပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုကို တက်နိုင်သမျှ လျော့နည်းသက်သာစေပါမှ၊ အတတ်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော် ဘဏ္ဍာငွေများ စုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်က လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။” လို့ သမ္မတသစ် ဦးထင်ကျော်က မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

အစိုးရ ၀န်ကြီးဌာန ၂၁ ဌာနအတွက် ပြည်ထောင်စု ၀န်ကြီးဦးရေ ၁၈ ဦးသာ ထားရှိမှာဖြစ်ပြီး၊ ပြည်ထောင်စုဝန်ကြီး အချို့ အနေနဲ့ ပူးတွဲဝန်ကြီး တာဝန်ထမ်းဆောင်ကြရမယ့် သဘောဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးထဲမှာ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန သုံးခု အတွက် ၃ ဦးမပါဘဲ၊ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီး ၁၅ ဦးကို ရွေးချယ်ခန့်တာဖြစ်ကြောင်း မီဒီယာသတင်းတွေအရ သိရပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ကြေညာခဲ့တဲ့  ၀န်ကြီး ၁၈ ဦးအမည် စာရင်းအရ  ဒေါ်အောင်ဆန်း စုကြည်၊ ဒေါက်တာအောင်သူ ၊ ဦးသန့်ဇင်မောင်၊ သူရဦးအောင်ကို ၊ဦးဖုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို ၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ဒေါက်တာသန်းမြင်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ၊ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ဖြစ်ကြပါတယ်။

ထူးခြားချက်က အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့အတူ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွေကိုပါ ပူးတွဲတာဝန်ယူ တာဝန်ယူသွားမှာဖြစ်တယ်လို့  ဘီဘီစီ သတင်းအရ သိရပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရရှိအောင် တားဆီးထားချိန်မှာ၊ အခုလို အစိုးရ ၀န်ကြီးအဖွဲ့ထဲက  ရာထူးနေရာကို ရယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီး ရာထူးယူရင် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအဖွဲ့အတွင်း ပါဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရ ပါတီ ဥက္ကဌ တာဝန်နဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန်တွေကနေ နှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

NLD အစိုးရသစ်အနေနဲ့ လက်ရှိ ကက်ဘိနက်ဖွဲ့စည်းပုံအရ မျှတကောင်းမွန်တဲ့ အသွင်ကိုဆောင်တာ တွေ့ရပါတယ်။ ၀န်ကြီးစာရင်းကို လေ့လာကြည့်ရင် NLD ပါတီက ၆ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂ဦး၊ မွန်အမျိုးသားပါတီက တစ်ဦးနဲ့ အသိပညာ ရှင် အတတ်ပညာရှင် ၇ ဦး ပါဝင်တာ တွေ့နိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ကက်ဘိနက်မှာ အတိုက်အခံပါတီက ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ နေရာမပေးခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် NLD အစိုးရသစ်အနေနဲ့ ပေးထားခဲ့တဲ့ ကတိ က၀တ်နဲ့ညီတာ တွေ့ရတယ်။ “အမျိုးသားပြန်လည် ရင်ကြားစေ့ရေး” မူဝါဒကို အခြေခံပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာ တွေ့ရတယ်။ ဦးသိန်းစိန်အစိုးရဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆိုင်ရာ အခင်းအကျင်း အခမ်းအနားတွေကို ဒေါ်လာဘီလျံချီ အကုန် အကျခံလုပ်ခဲ့ပေမယ့် အတိုက်အခံနဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံးကို ယုံကြည်မှုရအောင် မလုပ်နိုင်ခဲ့ပါဘူး။ လုပ်ပိုင်ခွင့်နေရာ အခွင့်အရေး ထိုက်ထိုက်တန်တန်မပေးခဲ့ပါဘူး။ အဓိက အတွေးအခေါ်ကတော့ တပ်မတော်ကျောင်းဆင်း မဟုတ်ရင် မယုံကြည်ဘူး၊ နေရာမပေးဘူး ဆိုတဲ့ သဘော ပါပဲ။ ဒါကြောင့်လည်း အတိုက်အခံတင်မက (Technocrats) ဆိုတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကိုလည်း ဆုံးဖြတ်ပိုင်ခွင့်နေရာ (Decision-making post) မပေးခဲ့တာ တွေ့ရ မှာဖြစ် ပါတယ်။

နောက် ကက်ဘိနက်မှာ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနထည့်သွင်းထားတာလည်း ထူးခြားကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဘောင်ထဲက ဖေါက်မထွက်နိုင်ရင်တော့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဟာ ထိထိရောက်ရောက် အလုပ်ဖို့ ခက်နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင်တော့ တိုင်းရင်းသား လူမျိုး တွေရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှု အစရှိတာတွေကို ကာကွယ်မြှင့်တင်ပေးဖို့ လောက်သာ ဖြစ်နိုင်ပါတယ်။  ဒါပေမယ့် အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ပါဝင် ဦးဆောင်မှာဖြစ်တဲ့အတွက် ဒီထက်မက တိုင်းရင်းသားအခွင့်အရေးတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

တိုင်းရင်းသားကိစ္စပြောတဲ့အခါ ငြိမ်းချမ်းရေးကိစ္စကလည်း တတွဲထဲ ပါလာပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ UNFC တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ရရှိဖို့ ဆွေးနွေးခဲ့ကြပေမယ့် အပြည့်အ၀ မပြီးပြတ်သေးပါဘူး။ လောလောဆယ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့သာ (NCA) ကို လက်မှတ်ရေးထိုးနိုင်ပါသေး တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် NLD အစိုးရသစ် လက်ထက်မှာ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ (NCA) လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသူတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒီကိစ္စက NLD အစိုးရအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာဖို့များပါတယ်။ အကြောင်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှု မရရင် ငြိမ်းချမ်းရေးရဖို့ မလွယ်တဲ့ အတွက်ကြောင့်ပါပဲ။ ငြိမ်းချမ်းရေးကိစ္စလို့ ဆိုပေမယ့် သယံဇာတကိစ္စ၊ မူးယစ်ဆေးနဲ့ဘိန်းကုန်ကူးမှုကိစ္စ မြေယာသိမ်းယူမှုနဲ့ ပိုင်ဆိုင်မှုကိစ္စ တွေကလည်း တနွယ်ငင် တစင်ပါဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ လေထုအတွင်းနဲ့ မြေယာအားလုံးနဲ့ သယံဇာတအားလုံးကို နိုင်ငံတော်ကပိုင်ဆိုင်ကြောင်းပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၇ (က) ကို ပြင်ဆင်နိုင်ခြင်း မရှိရင် သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေအတွက် အကျိုးခံစားခွင့် ဆုံးရှုံးနေဦးမှာပါပဲ။ ဒါဆိုရင် တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဖြရရှိရေးဟာလည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေဆဲပါပဲ။

သို့သော်လည်း သမ္မတသစ် ဦးထင်ကျော်က မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ - “မိမိအနေဖြင့် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လျစ် ခိုင်မာတဲ့ ပြည်ထောင်စု အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်း”..စသဖြင့် ရှင်းလင်း ပြောကြားသွားတာကတော့ အားရဖွယ်ကောင်းပြီး ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီ ပြောဆိုချက်အရ ဦးထင်ကျော် အစိုးရလက်ထက်မှာ ကိုယ်ကျင့်တရားကောင်းပြီး မိမိအလုပ်တာဝန်ဝတ္တရားများကို လေးလေးစားစား ကြိုးစားအားထုတ် ဆောင်ရွက်သူတွေကို ချီးမြှင့် မြှောက်စားမယ့် အရိပ်လက္ခဏာ တွေ့ရတယ်။

နောက် အဂတိတရားကင်းစင်တဲ့ လူမှုအသိုင်းအ၀ိုင်းဖြစ်လာရေးကို ဦးတည်မယ်ဆိုတာကလည်း အလွန် အားရစရာ ကောင်းပါတယ်။ ဒီနေ့ မြန်မာနိုင်ငံ မတိုးတက်တဲ့ အဓိကအချက်ကြီးတွေထဲမှာ အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) ဟာ အဆိုးဆုံးကိစ္စ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့တဲ့ သယံဇာတကိစ္စ မြေယာကိစ္စ မူးယစ် ဆေးနဲ့ဘိန်းကုန်ကူးမှုကိစ္စ တွေအသီးသီးဟာ အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) များနဲ့ ခွဲမရအောင် ဆက်စပ် ယှက်နွယ်နေတာကတော့ တိုင်းသိပြည်သိ ကမ္ဘာသိကိစ္စလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်  သမ္မတသစ် ဦးထင်ကျော်က အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အလေးအနက်ပြောကြား သွားတာဟာ မြန်မာနိုင်ငံရှေ့ရေးအတွက် အမှန်တကယ် အားတက် ၀မ်းမြောက်စရာ ဖြစ်ပါ တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူမြှင့်တင်ရေး အတွက်လည်း အလွန် အရေးပါတဲ့ ဦးစားပေးဆောင်ရွက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

မတ်လ ၂၀ ရက်နေ့က ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင် ကို နေပြည်တော်မှာ တွေ့ဆုံမေးမြန်းခဲ့စဉ် ပြောပြခဲ့တဲ့ မူဝါဒဆိုင်ရာ အမြင်တချို့ကလည်း အားတက်ဖွယ်ဖြစ်ပါတယ်။

“ကျနော်တို့ အစိုးရနဲ့ လက်တွေ့လုပ်တဲ့အချိန်တော့ သန့်သန့်ရှင်းရှင်းနဲ့ ပြည်သူ့အကျိုးအတွက် လုပ်ဖို့ လိုတယ်။ ကျနော်တို့ စည်းရုံးပြီး လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ ပြောမယ်။ ပြည်သူကို အကျိုးမပြုဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်ကလိုပဲ အဂတိတရားတွေ ရှိနေဦးမယ်ဆိုရင်တော့ အရေးယူတာလည်း ပါမယ်။ ကျနော်တို့က ပထမ စည်းရုံးမယ်။ လေ့ကျင့်ပညာ သင်ကြားပေးမယ်။ ဒါက Public Service ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဒါကတော့ စေတနာသန့်သန့်၊ ရိုးရိုးနဲ့ အဂတိတရား ကင်းဖို့တော့ ကျနော်တို့ ပြောမယ်။ ဒီနည်းအားဖြင့် ကျနော်တို့ လုပ်သွားမှာပေါ့။အရေးကြီးတာက အပေါ်ဆုံးက ပေါ်လစီတွေ ဘယ်လောက်ကောင်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်ကြမှာပေါ့။”

“တိုင်းပြည်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ဘယ်သူနဲ့မဆို တွဲလုပ်မှာ။ သူက ဘာမိုလို့၊ ညာမိုလို့ဆိုတာ ကျနော်တို့မှာ မရှိဘူး။ အရေးကြီးတာ စေတနာသန့်သန့်နဲ့လုပ်၊ ရိုးရိုးသားသားနဲ့ လုပ်။ အဂတိတရား ကင်းကင်းနဲ့ လုပ်ကြရအောင်။ ဘာလို့ဆိုတော့ အပြောင်းအလဲအတွက် လူထုက နှစ်ပေါင်း ၅၀ လောက် ခံခဲ့ရပြီးပြီ။ ဒီအချိန်မှာ ကျနော်တို့အတွက် ဒါဟာ အခွင့်အရေး ပဲလေ။ တိုင်းပြည်အတွက် အလုပ်အကျွေးပြုရတဲ့ဂုဏ်လောက် မြင့်မားတာ မရှိဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနော်။ ဒါလေးလည်း မှတ်ထားပေးပါ။”

“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးက ကျနော်တို့ နိုင်ငံမှာ လုပ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ Corruption Index က အရမ်းဆိုးတယ်။ အဆိုးဆုံးနီးပါးလောက် ရှိတယ်။ အဲဒီဟာကြီးကို ကျနော်တို့က လျှော့ချအောင်တော့ လုပ်ရမှာပေါ့နော်။ Anti-corruption Commission ဆိုတာလည်းပဲ ရှိကို ရှိရမယ်။ မရှိလို့ မရဘူး။ ရှိပြီးတော့ ဘာမှမလုပ်ဘဲနဲ့ အရေးမယူဘဲနဲ့ သတိပေးရုံလောက်နဲ့လည်း ဘာမှမဖြစ်ဘူး။ အရေးယူတာတွေ လုပ်ပြပြီဆိုရင်တော့ နည်းသွားမှာပေါ့။”  အစရှိသဖြင့် NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က NLD အစိုးရရဲ့ မူဝါဒနဲ့အညီဆောင်ရွက်တော့မှာဖြစ်တဲ့ ရှေ့လုပ်ငန်းစဉ် အညွှန်းကို ရှင်းပြသွားတာ တွေ့ရတယ်။

ဒီ နိုင်ငံရေးအခင်းအကျင်းကို သုံးသပ်ကြည့်ရင် သမ္မတ အသစ် ဦးထင်ကျော်ရဲ့အစိုးရအဖွဲ့ဟာ “အဂတိတရားကင်းစင်တဲ့ လူ့ အသိုင်းအဝိုင်းဖော်ဆောင်ရေး” ဆိုတဲ့ ကြွေးကြော်သံနဲ့ အညီ နိုင်ငံတော်အသစ် တည်ဆောက်ဖို့ ခြေလှမ်းစတင်နေပါ ပြီ။ NLD အစိုးရသစ်က စေတနာသန့်သန့် ရိုးရိုးဖြောင့်ဖြောင့် အဂတိတရား ကင်းကင်းရှင်းရှင်းနဲ့ နိုင်ငံနဲ့ပြည်သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ ဆောင်ရွက်နေပါပြီ။ ဒီလို  အလားအလာကောင်းတွေကို မြင်နေရပြီဖြစ်တဲ့ အတွက် နိုင်ငံသားတစ်ဦးအနေနဲ့ အထူးပင် ၀မ်းမြောက်အားတက်မိကြောင်းပါ။။။။။။

ဒီလှိုင်းစာစောင် အတွဲ (၅) အမှတ် (၁၃) - ၂၀၁၆ မတ်လ ၂၈ ရက်၊ မှာ ဖေါ်ပြခဲ့သည့် ဆောင်းပါး။
Photo credit : Reuters