ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗေဒါရီ - ဒရိုင်ဘာ နှင့် စပယ်ယာ



ဗေဒါရီ - ဒရိုင်ဘာ နှင့် စပယ်ယာ
(မိုးမခ) မတ် ၁၉၊ ၂၀၁၆

ရန်ကုန်မြို့ကြီးမှာ ကိုယ်ပိုင်ကားလည်း မရှိ၊ အငှားကားလည်း မစီးနိုင်ရှာတဲ့ အခြေခံလူတန်းစားများဖြစ်ကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ သီလရှင်တွေခမျာမှာတော့ လိုင်းကားတွေကိုပဲ ကိုယ်ပိုင်ယဉ်အဖြစ်နဲ့ အသုံးပြုနေရတာဟာ နေ့တဓူဝပါပဲ။

စနေ တနင်္ဂနွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ အသွားတစ်ကြိမ် အပြန်တစ်ကြိမ် ဆိုသလိုမျိုး ခရီးသည်တွေရဲ့ဘ၀ကြီးဟာ ဒရိုင်ဘာနဲ့ စပယ်ယာတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။

နံနက် ၆ နာရီ ၀န်းကျင်လောက်ဆိုရင်ပဲ အခြေခံလူတန်းစားတွေက အလုပ်သွားဖို့ရာ ထမင်းချိုင့်ကိုယ်စီဆွဲ ဘက်အိတ်ကိုယ်စီ စလင်းဘတ်အိတ်ကိုယ်စီ လွယ်ပါလို့ ဖုံးကိုယ်စီကိုယ်ငှ လက်ကကိုင်ပါလို့ ကားမှတ်တိုင်ကို ရောက်ကုန်ကြပါပြီ။ ဂိတ်မှာ ရပ်ထားတဲ့ကားတွေကတော့ ၈ စီး လောက်ရှိပါတယ်။ သို့ပေမယ့် ခရီးသည်တွေက ဘယ်ကားကို တက်လို့တက်ရ မှန်းမသိ သေးပါဘူး။ လမ်းဘေးမှာ ထိုင်သူထိုင် ရပ်သူရပ် ဖုံးပွတ်သူပွတ်နဲ့ ထွက်မယ့်ကားပေါ်ကို တက်ဖို့ရာ အဆင်သင့် စောင့်ဆိုင်း  လို့နေပါတယ်။ (ဂိတ်မှူးမရောက်သေးတော့ ဘယ်ကားတွေထွက်မယ်မှန်း မသိကြပါဘူး)

ဘယ်ကထွက်ပေါ်လာမှန်းမသိတဲ့ "အဲဒီကားကိုတက်၊ အဲဒီကားကိုတက်" ဆိုတဲ့ အသံတစ်သံကြောင့် သူပြောတဲ့အဲဒီကား ပေါ်ကို ခရီးသည်တွေက ပြေးပြေးလွှားလွား တက်လိုက်ကြပါတယ် (နောက်ကျတဲ့ခြေထောက် ထိုင်ခုံမရတတ်လို့ပါ)

ထိုင်လို့မှ တင်ပါးနဲ့ထိုင်ခုံ ထိတယ်ဆိုရုံပဲရှိပါသေးတယ်၊ တစ်ချို့သူတွေဆိုရင် သင်တော်မယ့်နေရာကိုရွေးချယ်လို့ ကောင်း တုန်းပဲရှိပါသေးတယ်၊ ဘယ်ကဘယ်လို ထပ်ထွက်လာမှန်းမသိတဲ့ နောကအသံတစ်ခုက "ဒီကားမဟုတ်ဘူး၊ ဒီကားမ ဟုတ်ဘူး" "ဟို ကားပေါ်ကိုတက်၊ ဟိုကားပေါ်ကိုတက်" ဆိုလို့ ခရီးသည်တွေလည်း ဒီကားပေါ်ကဆင်းလို့ သူတို့ပြောတဲ့ ဟိုကားပေါ်ကို လုလုယက်ယက် တိုးတိုးဝှေ့ဝှေ့ ဒုတိယမ္ပိ ပြေးတက်လိုက်ပြန်တယ်။ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ သုံးခေါက် လောက် လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်မှာတော့ စီးရမယ့်ကားကို အတည်ပြုလို့ရသွားပါပြီ။ (ဂိတ်မှူးကြီးလည်း ရောက်လာ လို့ပါ)

တစ်ချို့လည်း အချင်းချင်း ခြေထောက်နင်းခံရလို့ လူကိုဝင်တိုက်လို့ဆိုပြီး ပွစိ..ပွစိ.. ဗျစ်တောက်.. ဗျစ်တောက်တွေက ရှိပါသေးတယ်။ (နံနက်ချိန်ခါ တေးသံသာတွေပါ)

အလုပ်သွားချိန် ရုံးသွားချိန်ဆိုတော့ ဂိတ်စမှတင်ကို ခရီးသည်တွေက အတော်လေးများနေပါပြီ။ မိနစ်ပိုင်းအတွင်းလေးမှာပဲ ရပ်ထားတဲ့ကား ၈ စီး လောက်မှာ ထက်ဝက်လောက်က ထိုင်ခုံအပြည့် ဖြစ်သွားပါတယ်။ ထိုင်ခုံမရရှာသူ မိုးတိုးမတ်တတ် ပရိသတ်ကလည်း အတော်လေးများပါတယ်။ ထိုင်ခုံရရှာတဲ့ ငယ်ရွယ်သူတွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ ကုမ္ပဏီမှာလုပ်တဲ့ မမလှလှ၊ အန်တီလှလှ စတဲ့သူတွေကတော့ နားကျပ်ကိုယ်စီ နားထဲထည့်ပါလို့ လက်ကလည်း ဖုံးကိုပွတ် ပါလို့ ဖုံးပြောကြပါလို့ စတဲ့အလုပ်တွေကိုလုပ်ပြီးတော့ လောကကြီးကို မျက်ကွယ်ပြုလျှက် စတိုင်ကျကျ စီးနင်းလိုက်ပါ လာကြပါတယ်။ (အမျိုးသ္မီးတွေကို မမ၀၀လို့ တင်စားရဲဘူး။ “၀လာတယ်နော်” လို့ ပြောခံရတာ သူတို့ရဲ့ အသဲပေါက်ဆုံး စကားဆိုပဲ…)

ကားထွက်တယ်ဆိုရင်ပဲ ဟိုဘက်ကအကိုကြီးက ရှေ့ကိုနည်းနည်းလောက် တိုးပေးပါ၊ ဒီအစ်မကြီးက ဒီဘက်ကိုကပ်ပါ၊ ဟို နားက အဒေါ်ကြီးက ဟိုဘက်ကိုလှည့်၊ ညီလေး မင်းဘယ်ဆင်းမှာလဲ မဆင်းသေးရင် အပေါက်မှာတော့ မပိတ်နဲ့ကွာ ဒီဘက် ကိုလာခဲ့၊ ဦးလေးနဲ့ အဒေါ်ကြီးက ဟိုဘက်ဒီဘက် ကျောခြင်းကပ်ရပ်၊ ဒီကညီလေးနဲ့ ဟိုကညီမလေးက ဒီနားမှာယှဉ်ရပ်၊ ဟိုအန်တီက ဝေးရင် နောက်ဘက်မှာသွားရပ်ပေးပါ၊ ယဉ်စီးခလေးတွေလည်း အဆင်သင့်ထုတ်ထားကြပါ။ စပယ်ယာ ဖြစ်သူရဲ့ ပြန်လည်နေရာချထားရေးလုပ်နေတဲ့ စကားတွေသံတွေပါ။ ပါးစပ်က ပြောလည်းပြော လက်ကလည်း ပိုက်ဆံယူ လိုက် အမ်းလိုက်၊ နောက်ကို လျှောက်လိုက်၊ ရှေ့ဘက်ကိုပြန်လျှောက်လာလိုက်ပေါ့။ (ကားပေါ်မယ် ရှိုးလျှောက်နေတာ)

တစ်လမ်းလုံးလည်း အမြှုပ်ထွက်မတတ် ချစ်ကိုကြီးက ဟိုဘက်တိုး၊ ချစ်မကြီးက ဒီဖက်လာ၊ ဦးလေးက ဟိုရှေ့ကိုလျှောက်၊ မှတ်တိုင်ဝေးတဲ့လူတွေက နောက်ကို တိုးကြပါ၊ ဆင်းမယ့်မှတ်တိုင် မရောက်သေးတဲ့လူတွေက ထွက်မလာကြပါနဲ့ဦး၊ အပေါက်ဝမှာ ကြပ်နေလို့ပါ၊ ရောက်တဲ့အခါကြရင် ဘီး ၆ ဘီးစလုံး ရပ်ပေးပါ့မယ်၊ လုပ်ကြပါ ငါးဖယ်တိုးလေး တိုးပေးကြပါဗျာ၊ ကျွန်တို့တော်တို့မှာလည်း ဒီအချိန်လေးပဲ ပိုက်ဆံရှာရတာပါဆိုပြီး ခရီးသည်တွေကို တောင်းတောင်းပန်ပန်ပြော။ ငါးဖယ်တိုး ဆိုတာ တစောင်းတိုးခိုင်းတာပါ။ (အပြောကတော့ ငါးသလောက်ပြုံးတောင် ပြုံးလိုက်ချင်းသေး)

ရှေ့ကိုတိုးပေးကြပါ၊ ရှေ့ကိုတိုးပေးကြပါဗျာလို့ အဆက်မပြတ် ထပ်ခါ ထပ်ခါအော်… ပြောရင်းပြောရင်းနဲ့ ကြာလာတဲ့အခါကြ တော့ မတိုးကြဘူးလား မတိုးကြရင် ကျွန်တော် လာတိုးမှာနော် ကျွန်တော်လာတိုးတော့မှ အဆိုးမဆိုကြနဲ့၊ စပယ်ယာကို အပေါက်ဆိုးတယ်လေး ဘာလေး မပြောကြနဲ့၊ ဘယ့်နှယ့်ဗျာ ကိုယ်ချင်းစာတရားလေးလည်း ထားကြမှပေါ့၊ ပြောမရရင်လည်း နောက်ကား ပြောင်းစီးကြပါ၊ ချောင်ချောင်စီးချင်ရင်တော့ ကိုယ်ပိုင်ကားဝယ်စီးကြပါ၊ ကားငှားစီးကြပါ၊ ကပ်တီးကတ် တတ် တော့ မလုပ်ကြပါနဲ့၊ စောစောစီးစီး အကုသိုလ်များလို့ပါ ဆိုပြီးကရားရေလွှတ် တောက်လျှောက်ပြော။ (ဗိုလ်အောင်ဒင်လို ရီ လိုက်ချင်သေး)

တောင်းပန်လိုက် ရှင်းပြလိုက် နှင်ချလိုက်နဲ့ တစ်လမ်းလုံးပါးစပ်စေ့ရတယ်လို့ကို မရှိပါဘူး။ ဒီကြားထဲမယ် တစ်ချို့ခရီးသည်က နောက်ဘက်မတိုးပဲနဲ့ အတက်အဆင်းလုပ်တဲ့ အပေါက်နားများ ယောင်ပေပေနဲ့ သွားရပ်မိလို့ကတော့ ဒီအပေါက်ကို မပိတ် ကြပါနဲ့လို့ ပြောနေတာမရဘူးလား၊ အပေါက် မပိတ်ကြပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲဗျာ ကျွန်တော်တို့က ဒီအပေါက် လေးနဲ့ လုပ်စားနေရလို့ပါဆိုပြီး ထပ်ခါ ထပ်ခါပြော။ အပေါက်ဝမှာမသိလို့ ရပ်မိတဲ့ခရီးသည်ခမျာလည်း စပယ်ယာလုပ်သူရဲ့  စူးရှ ထက်မြတ်တဲ့ လေသံကြောင့် ကပျာကယာ ဟိုတိုး ဒီတိုးတွေ ဖြစ်ကုန်ပါတယ်။ (အပေါက်ခြင်းလည်း မိုးမွန်လို့သွားပါတယ်)

ဂိတ်စကစီးတာတောင် ထိုင်ခုံမရရှာသူ မိုးတိုးမတ်တတ် မဟာကံထူးရှင်တွေ ခမျာမှာတော့ စပယ်ယာလုပ်သူရဲ့ဂန္ထ၀င်မြောက်လှတဲ့ စကားလုံးတွေအောက်မှာ တမ်းလမ်းလုံး အလူးလူးအလဲလဲ ဖြူကာပြာကာ ကျမတတ်ပါပဲ။ (အဲဒီအထဲမှာ မကြီး မငယ်နဲ့ ကိုယ်ကထိပ်ဆုံးက)

အဲသလို စပယ်ယာလုပ်သူက ပါစပ်ကလည်း ဆီမန်းမန်းသလို တတွတ်တွတ်နဲ့ပြော မျက်စိကလည်း ကျီးကန်းတောင်းမှောက် ဟိုကြည့် ဒီကြည့်၊ ရှေ့ကြည့် နောက်ကြည့်၊ လူတွေကကြပ်ကြပ်ညပ်ညပ်ဖြစ်ရတဲ့အထဲ ဒင်းက ရှေ့လျှောက်လိုက် နောက် လျှောက်လိုက်လုပ်ပြီး ရှေ့ဘက်ကကားဆရာကို မှတ်တိုင်ပါတယ် အစ်ကိုရေ…မောင်းအစ်ကိုရေ.. ရပ်ဆရာရေ.. ဆွဲဆရာ ရေ… ၊ လျှော့ထားအစ်ကိုရေ၊ ကျော်အစ်ကိုရေ… ၀ိုက်အစ်ကိုရေ..၊ နောက်ကားပါလာတယ် အစ်ကိုရေ…၊ နောက်ကားကျန်ခဲ့ပြီ အစ်ကိုရေနဲ့ အမိန့်ပေါင်းစုံကို မနားတမ်းပေး။ ဒရိုင်ဘာလုပ်တဲ့သူကလည်း သူ့တပည့်ကျော် ဗိုက်ကလေးပြောတဲ့အတိုင်း ကျော်လိုက်၊ ၀ှိုက်လိုက်၊ ကွေ့လိုက် ကောက်လိုက်၊ နောက်ကားကျန်ခဲ့ရင် မှတ်တိုင်မှာ ခပ်ကြာကြာလေးရပ်ထားလိုက်၊ နောက်ကားပါလာပြီဆိုရင်တော့ဂျက်လေယဉ်လိုသဘောထားပြီး ၀ူးကနဲ..၀ူးကနဲ မောင်းထွက်လိုက်၊ ခပ်ငယ်ငယ် ကားမောင်း သမားတွေဆိုရင်လည်း လက်တစ်ဖက် လွှတ်မောင်းလိုက်၊ နှစ်ဖက်စလုံး လွှတ်မောင်းလိုက်၊ ဖုံးပြောရင်းမောင်းလိုက်နဲ့ ပညာ ကုန်ထုတ်သုံးနေသလိုပဲ။ (ခရီးသည်တွေရင်ထဲမှာလည်း ဖုတ်လှိုက်..ဖုတ်လှိုက်ပေါ့)

ကားမောင်းတယ်ဆိုတာကလည်း မျက်စိရော နားရော လျင်လျင်ထားနိုင်မှ တော်ကာကျတာပါ။ မကြာခဏဆိုသလို ယာဉ်ကြော နားမလည်တဲ့ ကားတွေ၊ အတင်းကျော်တက်လာတဲ့ကားတွေ၊ အချက်ပြမီးက ဘယ်ဘက်ကိုပြပြီး ညာဘက်ကို ချိုးကွေ့လိုက်တဲ့ ကိုယ်ပိုင်ကားတွေ၊ ရှေ့ကနေ ဟိုရမ်းဒီရမ်းဖြစ်နေတဲ့ တက်စီလေးတွေ၊ မထီမဲ့မြင်ပုံစံနဲ့ ကားလမ်းဖြတ်ကူး သူတွေနဲ့ တွေ့ပြီဆိုရင်တော့ ယဉ်မောင်းကြီးခမျာ..ကျွီကနဲနေအောင် ဘရိတ်ကိုဆောင့်နင်း ပါးစပ်ကလည်း အေးပေး လေးတွေ၊ ငိုးမသားတွေ၊ ဒေါင်းစာလေးတွေ၊ ကားကိုမင်းပထွေးမှတ်နေလားး ရေဝေးရောက်ချင်လို့လားနဲ့ မဆဲချင်ဘဲနဲ့ ဆဲရ။ ကားထဲမှာလည်း အလဲလဲအကွဲကွဲ။ (တော်ပါသေးရဲ့ ကားရှေ့မှန်မှာကပ်ထားတဲ့ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမြတ် မုနိဘုရားကြီး သာမညဆရာတော်ကြီးတို့ ကယ်ပေလို့သာ…)

အဲသလိုမျိုးတွေ ဆဲရင်းဆိုရင်း မောင်းရင်းနဲ့ပဲ စပယ်ယာလုပ်တဲ့သူက ပိုက်ဆံတွေ ကြားညှပ်ထားတဲ့လက်ရော တောင်ကြည့် မြောက်ကြည့် ကြည့်နေတဲ့ ဦးခေါင်းကိုရော  ပြတင်းပေါက်အပြင်ဘက်ကို ပြူထွက် လက်ညှိုးတစ်ချောင်း ထောင်ပြီး ဆရာကြီးရေ တစ်စီးစာလောက်ပေးပါ့လား ကျွန်တော်တို့ ကားချင်းဖိုက်လာလို့ပါ ဆိုပြီး ခပ်ကျယ်ကျယ်လေးအော်ပြော ဟိုဘက်တစ်ချို့ ကားသမားတွေက မပေးဘူးဆိုရင် မ၀င်နဲ့အုံး အစ်ကိုရေ ယောက္ခမကြီးက မပေးဘူးဆိုပြီး နောက်တစ်ကားကို တစ်ခါ လက်ညှိုးထောင်ပြီး ထပ်တောင်း၊ သဘောကောင်းတဲ့ ကားသမားက နည်းနည်းလေး ရပ်ပေးလိုက်တယ်ဆိုရင်ပဲ ကျေးဇူးပဲ ချစ်ကိုကြီးရေလို့ ပြော၊ တစ်ဆက်တည်းမှာပဲ ၀ိုက်ဆရာရေ ပေးထားတယ် ပေးထားတယ်လို့ ကုန်းအော်.. ဒရိုင် ဘာလုပ်သူကလည်း မောင်းနေတဲ့ ကားအကြီးကြီးကို ဒီဖက်ကားတန်းထဲကနေ ဟိုဘက်ကားသေးသေးလေးတွေ တန်းထားတဲ့အထဲကို မရောက်ရောက်အောင် ဇိုးကနဲ ဇတ်ကနဲ ခေါက်ကနဲ

စပါယ်ယာ ပြောသလိုမျိုး ၀ှိုက်ထည့်လိုက်တာများ ခရီးသည်တွေ မျက်ကလူးစံပျာဖြစ်ပြီး ဘုရားပေါင်းစုံ တမ်းတယူရတဲ့အထိ..။ (ရွတ်နေတဲ့ ဂုဏ်တော်လေးတောင် ဇောက်ထိုးဖြစ်သွားပါတယ်)

ဒရိုင်ဘာရဲ့ကျွမ်းကျင်မှု၊ စပယ်ဖြစ်သူရဲ့ ထူးဆန်းတဲ့စကားလုံးတွေကြောင့် ခရီးသည်တွေလည်း ကားစီးတဲ့တစ်ချိန်လုံး နှစ်လုံးသားမှာ ဘုရားလည်း တည်ဖြစ်ကြသလို မောင်မင်းကြီးသား မောင်မြဖေတို့တစ်တွေ ကျမ္မာကြပါစေ ချမ်းသာကြ ပါစေလို့လည်း မနောကံ မေတ္တာတွေ ပို့သဖြစ်ကြပါတယ်။

တစ်ချို့မှတ်တိုင်တွေမှာ ကားရပ်လိုက်တယ်ဆိုရင်ပဲလူတစ်ယောက်က အပြေးတစ်ပိုင်း ထွက်လာပြီး ကိုင်ထားတဲ့ စာရွက်ဖိုင် လေးကိုကြည့် လက်ငါးချောင်းထောင်ပြီး ကားနံပါတ် ဘယ်လောက်ဘယ်လောက်က သွားတာ ငါးမိနစ်ရှိပြီ၊ နောက်တစ်ခါ လက်သုံးချောင်းထောင်ပြီး ကားနံပါတ် ဘယ်လောက် ဘယ်လောက်က သွားတာ ၃ မိနစ်ရှိပြီ ဆိုပြီး ခေါင်းခန်းက ဒရိုင်ဘာကို အပြေးအလွှားလေး တင်ပြရပါတယ်။ အဲဒီအခါမယ် ဒရိုင်ဘာလုပ်သူကလည်း ပြန်မေးစရာမရှိလို့လား ဘာလားတော့ မသိပါဘူး နေပူထဲ အပြေးအလွှား ထွက်ပြောရှာတဲ့သူကို တစ်ချက်လေးတောင် ငဲ့ကြည့်ဖော်မရဘဲ မေးစေ့ကိုပွတ်ပြီး ဆန့်ဆန့် မိန့်မိန့်ကြီးထိုင်နေပါလေရဲ့။ ဟိုကတော့ သူ့တာဝန်ကိုကျေအောင် မှတ်သားထားသမျှ ကားနံပါတ်တွေကို နား ထောင်သည် ဖြစ်စေ၊ မထောင်သည်ဖြစ်စေ တရစပ်ရွတ်ပြရှာပါတယ်။ (ကိုယ်ကသာ ဘာမဆိုင် ညာမဆိုင်နဲ့ နေနိုင်တာဆိုပြီး အားတွေနာ…)

နောက်လိုက် စပယ်ယာတစ်ယောက်ကလည်း ရေသန့်ဗူးနှစ်ဘူး ကွမ်းယာ နှစ်ထုတ် စနိုးတာဝါဆိုပြီး အော်ဝယ်..လမ်းဘေးကွမ်းယာဆိုင်က ကလေးမလေးကလည်း နေပူထဲ အဆောင်းမပါဘာမပါ အပြေးအလွှားထွက်လာပြီး ရှေ့က ဒရိုင်ဘာကိုလည်းသွားပေး နောက်က စပယ်ယာတွေကိုလည်း အပြေးအလွှားလေးပေး ဘယ်လောက်ကျ တယ်ဆိုတာကို တစ်ခါတည်းပြော ပိုက်ဆံတောင်း။ (မိနစ်ပိုင်းလေးအတွင်းမှာ လျှပ်တပြတ်ရိုက်ချက်တွေ ကြည့်နေရသလိုမျိုး)

ဒရိုင်ဘာလုပ်သူက ကွမ်းယာကို ၀ါးလိုက် ကွမ်းတံတွေးကို လမ်းပေါ်ကိုဗျစ်ကနဲ ဗျစ်ကနဲ ထွေးလိုက်၊ သောက်ရေ သန့်ဗူး ထဲက ရေနဲ့ ပလုတ်ကျင်း ပြီးတော့ ဗျန်းကနဲ ထွေးထုတ်လိုက်နဲ့ ကားမောင်းရင်းပြုရင်းနဲ့ပဲ ကွမ်းကိစ္စကို တာဝန်ယူထားပါတယ်။ ကွမ်းတံတွေးလေးခမျာမှာလည်း လေနဲ့အတူ လွင့်ချင်ရာကိုလွင့် မျောချင်ရာကိုမျော ကျချင်တဲ့နေရာ ကျပေါ့။ (မကောင်း သူထိပ် ကောင်းသူထိပ်ပဲ)

 ကားတစ်စီးမှာဆို ကားခသိမ်းတဲ့ စပယ်ယာရယ် ခရီးသည်ခေါ်တင်တဲ့ စပယ်ယာရယ်လို့ နောက်လိုက် နှစ်ယောက်ရှိလေတော့ ခရီးသည်ခေါ်တင်တဲ့ စပယ်ယာကလည်း ပိုက်ဆံသိမ်းတဲ့ စပယ်ယာနည်းတူ မှတ်တိုင်တစ်ခုရောက်တိုင်း ရောက်တိုင်း လိုက်မလား? လိုက်မလား? တညှင်းကုန်း၊ အောင်းဆန်း၊ ကျောင်းဂိတ်၊ စောင် ၁၊ ဖော့ကန်၊ ဂျပန်လမ်း၊ ပြည်တော်သာ၊ ဆေးရုံ၊ ပန်းခြံ၊ ကြို့ကုန်း၊ ခ၀ဲခြံ၊ ကုလားကျောင်း၊ သမိုင်းလမ်းဆုံ၊ ဘုရားလမ်း၊ ဗာတာ၊ အုတ်ကျင်း၊ သံလမ်း၊ သုခ၊ ဘူတာရုံလမ်း၊ ဆင်ရေတွင်း၊ စံရိပ်ငြိမ်၊ လှည်းတန်း၊ စိုက်ပျိုးရေး၊ ဟံသာဝတီအ၀ိုင်း၊ မဟာမြိုင်၊ မြေနီကုန်း၊ (ဟူးးးးး မောထှာတော်အုံးမှ)

အဲသလို မှတ်တိုင်ပေါင်းမြောက်များစွာကိုမနားတမ်းတကြော်ကြော်အော်လည်းအော်.. ခေါ်လည်းခေါ်ပေါ့။ သူတို့ကားပေါ် မတက်တဲ့ ကောင်မလေးတွေဆိုရင်လည်း အထုတ်အပိုးနဲ့ ရုပ်ဆိုးတယ် မခေါ်ဘူးတို့၊ ခေါ်တုန်းလိုက်ထားနော်..လိုက် ထားနော်... ဘာ ညာ စုံအောင် ပြောလည်းပြော၊ နောက်ကားပါလာလို့ အတက်အဆင်းမှာ ခရီးသည်တွေကြာနေရင်လည်း စိတ်မြန်လက်မြန် ရင်းရင်းနှီးနှီး ဆွဲချလိုက် ဆွဲတင်လိုက်နဲ့ တွန်းတွန်းထိုးထိုးလေး အကူညီပေးတတ်ပါသေးတယ်။ (ကူညီ ဖေးမတာကို မကြိုက်ရှာသူ အပျိုကြီးမမတွေကတော့ ကိုယ့်ဟာကိုယ် သွက်သွက်လေး လှုပ်ရှားလိုက်ရုံပဲပေါ့)

ပိုက်ဆံသိမ်းတဲ့ စပယ်ယာကလည်း   နှစ်ကျော်သွားပြီ အစ်ကိုရေ၊ သုံးပြည့်သွားပြီ အစ်ကိုရေနဲ့ မကြာမကြာဆိုသလိုမျိုး ကားဆရာကြီးဆီကို အတိအကျ သီတင်းပို့ပေးရပါတယ်။ (နှစ်ကျော် သွားပြီ သုံးပြည့်ပြီဆိုတာ နှစ်သောင်းကျော်သွားပြီ၊ သုံးသောင်း ပြည့်ပြီလို့ပြောတာပါ။)

လှည်းတန်းမီးပွိုင့်ကတော့ နာမည်ကြီးမီးပွိုင့်တွေထဲမှာ တစ်ခုအပါအ၀င်ပါ။ မီးပွိုင်မိပြီဆိုရင်တော့ ကားပေါ်မှာ ချင်းခြင်း ဆိုသလိုပဲ စီးပွားရေး ဈေးကွက်ကြီးက ဟီးကနဲထဖြစ်သွားပါတော့တယ်။ “ဆိုင်မှာဆိုရင် ငါးရာလောက်ရောင်းတဲ့ ဂျာနယ်တစ်စောင်ကို ကျွန်တော်က ငွေတစ်ရာကျပ်နဲ့ပဲ ရောင်းပေးပါတယ်၊ လ္ဘက်ရည်ဖိုး ကွမ်းဖိုးတောင် မရှိပါဘူး၊ အိုက်ရင်ယပ်ခတ်လို့ရတယ်၊ နေပူရင် နေကာလို့ရတယ်၊ ၀ယ်ထားနော်ဆိုတဲ့ ဂျာနယ်ရောင်းတဲ့သူတွေ၊ တစ်ယောက်ဝယ်ရင် တစ်အိမ်လုံးဖတ်လို့ရပါတယ်ဆိုတဲ့ ဗေဒင်ဟောစာတမ်းတွေ၊ အခွေမထစ်ဖူး ကွာလတီကောင်းတယ် ရုံပေါ်တောင် မရောက်သေးဘူး ရုပ်သံက အကြည်ဆိုတဲ့ မြန်မာစာတမ်းထိုး နိုင်ငံခြားခွေတွေ၊ ခေတ်ပေါ်ပျက်လုံးတွေနဲ့ သိပ်ကိုရီရပါ တယ်ဆိုတဲ့ အငြိမ့်ခွေတွေကတော့ တစ်ခွေမှ ငါးရာပဲ ကျပါတယ်ဆိုတဲ့ ဈေးသည်တွေ၊ လက်တွေ့ အစွန်းချွတ်ဆေး၊ ကချင်ပြည်နယ်ကလာတဲ့ အမူးအမော်ကောင်းတယ်ဆိုတဲ့ ကျောက်သွေး ရောင်းသမား၊ သားသား မီးမီးတို့အတွက် အိမ်ပြန်လက်ဆောင်ပါဆိုတဲ့ ပုံပြင်စာအုပ်ရောင်းသူတွေ၊ အိပ်မက်တိတ္ထုံရောင်းတဲ့ သူတွေ၊ ထီပေါက်စဉ် ရောင်းသူတွေ၊ သင်္ကြန်စာရောင်းတဲ့သူတွေ။ ဈေးသည်တွေ အတော်လေးစုံပါတယ် တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ မရောင်း ရတဲ့ဈေးသည် မရှိသလောက်ပါဘဲ။ ကားပေါ်က ဈေးရောင်းပွဲတော်ကြီးကတော့ ပျော်ရွှင်စရာ စိတ်ဝင်စားစရာကြီးပါ။ မီးပွိုင့် ပိတ်မိနေတာတောင် မေ့လို့သွားပါတယ်။ (တစ်ချို့ တရေးတမော အိပ်ပေါ့)

ကားအောက်မှာတော့ အချဉ်ပေါင်းရောင်းတဲ့သူ၊ ရေသန့်ဗူးရောင်းတဲ့သူ၊ ကွမ်းယာ စီးကရက် ရောင်းတဲ့သူ၊ မြေပဲ ဆား လှော်ရောင်းတဲ့သူ၊ ကြက်ဥပြုတ် ငုံးဥပြုတ်ရောင်းတဲ့သူ၊ ပိုက်ဆံတောင်းတဲ့သူ၊ အလှူခံတဲ့သူ၊ အို..စုံနေတာပါပဲ။ သူ့ဟာ နဲ့သူတော့ အရောင်းအ၀ယ်တွေ ဖြစ်နေကြပါတယ်။ (လှည်းတန်း မီးပွိုင့်မိချိန် စီးပွားရေးဈေးကွက်ကြီးကတော့ အံ့မခန်းစရာပါ)

ညနေ လေးနာရီဝန်းကျင် ရုံးဆင်းချိန်၊ အလုပ်ဆင်းချိန် ရောက်ပြီဆိုရင်တော့ ကားပေါ်က အဖြစ်အပျက်တွေက ပိုလို့တောင် ပွဲကြမ်းလာပါသေးတယ်။ ကားပေါ်မှာ ကြပ်ညှတ်သိပ်ခဲ၊ တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ထားကြတာဆိုတော့ လူတွေက မောမောပန်းပန်း  မက်တတ်ရပ်နေရသူတွေအဖို့မတော့ လောကငရဲကြီးကျနေသလို။ ချွေးသံကလည်း တရွှဲရွှဲ၊ အနံ့တွေက လည်း ချွေးနံ့တွေ၊ ချဉ်စူးစူးအနံ့တွေ၊ မူးမူးတူးတူးအနံ့တွေ၊ ရေမွှေးနံ့၊ မိတ်ကပ်နံ့၊  နုတ်ခမ်းနီနံ့၊ အန်ဖတ်နံ့၊ အနံ့ပေါင်းကို စုံသွားတာပဲ။ နံ့သာတောကြီးထဲ ရောက်နေရသလိုမျိုး။ (လေကမရ ဘာကမရနဲ့ ခေါင်းတွေလည်း မူးနောက်)

ကြပ်လိုက်တာကလည်း မတ်တပ်ရပ်တဲ့သူတွေဆိုရင် ရင်ချင်ဆက်အမွှာ၊ ကျောချင်းဆက်အမွှာ၊ တင်ချင်းဆက်အမွှာ မောင်နှစ်မတွေလား အောင်းမေ့ရတယ်။ စပယ်ယာလုပ်တဲ့သူတောင် ခြေနင်းခုံမှာ ခြေတစ်ဖက်ပဲတင်ပြီး ဟီးလေးခိုလိုက်ရတဲ့ အဖြစ်။ ဒီကြားထဲမယ် စပယ်ယာ ပြန်အမ်းတဲ့ ပိုက်ဆံက စုတ်လို့ပါဆိုပြီး ပြန်လဲခိုင်းတဲ့သူကခိုင်း။ (ကြပ်ပါတယ်ဆိုမှ ပြဿနာကို မီးခွက်ထွန်းရှာနေတာလေ)

မှတ်တိုင်တစ်ခုကို ကားထိုးဆိုက်လိုက်တယ်ဆိုရင်ပဲ ဆင်းမယ့်လူကသိပ်မရှိ တက်မယ့်လူက တစ်ပုံတစ်ခေါင်း။ ကာပေါ်မှာ ငပိငချဉ်လိုကြပ်သိပ်နေမှန်းသိပေမယ့် အိမ်ကိုပြန်ချင်တဲ့စိတ်တွေရယ် နောက်ကျရင် ဒီထက်ဆိုးမယ့် အခြေအနေတွေကို သုံးသပ်ပြီးတော့ ခရီးသည်တွေက ယောကျာ်းမိန်းမ မခွဲခြားနိုင်အားပါဘူး ဖြစ်သလို ကြုံသလိုပဲ လိုက်ကြပါတယ်။ အမျိုးသ္မီးတွေလည်း ခြေနင်းခုံမှာ  အမျိုးသားတွေနဲ့ ရင်ပေါင်တန်ပြီးတော့ တိုးလို့တွဲလောင်းတွေလည်း လိုက်ရပါတယ်။

ဆင်းမယ့်မှတ်တိုင်မှာ ငါးဖယ်တိုး တိုးမထွက်ပဲ ငခူးတိုးသလို ကန့်လန့်ကြီး တိုးထွက်လာတဲ့ ခရီးသည်တွေရဲ့ဒဏ်ကိုတော့ မတ်တတ်ရပ်ရတဲ့သူတွေက ခါးစည်းခံရပါတယ်။ တကယ့်ပြဿနာကြီးပါ။ ခြေထောက်ကို နင်းလို့နင်း၊ ခေါင်းကိုထိလို့ထိ၊ တံတောင်နဲ့လည်း တွက်ခံရ၊ ဟိုလူကတိုက်လိုက် ဟိုဘက်လည်သွားလိုက်၊ ဒီလူကတိုက်လိုက် ဒီဘက်ပြန်လည်လာလိုက်နဲ့ (လူစစ်စစ်ကနေ ပန်ကာဖြစ်နေရတဲ့ဘ၀)

ကြပ်လွန်း ညပ်လွန်းအားကြီးတော့ မိမိဆင်းမဲ့မှတ်တိုင်ကို တစ်မှတ်တိုင် အလိုလောက်ထဲက ကြိုကြိုတင်တင်လေး ထွက်ထားကာမှ တော်ကာကျပါတယ်။ နို့မို့လို့ဆိုရင်တော့ ကိုယ့်ဆင်းမယ့်မှတ်တိုင်က ရောက်နေပြီ ဒီမှာက ချွေးတလုံးလုံးနဲ့ တိုးလို့ကောင်းတုန်း အတက်အဆင်း အပေါက်က ဘယ်နားနေမှန်းတောင် မသိသေး။ အဲဒီအခါမျိုးမှာဆိုရင်တော့ စပယ်ယာနဲ့ ပြဿနာတက်ကြပါပြီ။ ခရီးသည်ကလည်း သူဆင်းမယ့် မှတ်တိုင်ကျော်သွားလို့ စပယ်ယာကို ရန်တွေထောင်၊ စပယ်ယာကလည်း ကျွန်တော်အောင်နေတာကြာပြီ အစ်မတို့က ဘာဖြစ်လို့ ထွက်မလာတာလဲပေါ့။ ဟိုကလဲ ဟဲ့..ငါတို့လည်း ထွက်နေတာပဲ၊ တိုးမရတော့ ဘယ်တတ်နိုင်မှာလဲ။ နင်တို့က ဘာလို့စွတ်တင်နေတာလဲ လူလိုတင်ပါ့လား နတ်လိုတင်ပါးလားတို့ ဘာတို့ ဖြစ်ကုန်ပါရော။ အဲသလိုမျိုးတွေ ပြောရင်း ပြောရင်းနဲ့ ခရီးသည်ကလည်း တိုင်မယ်တောမယ်ဖြစ်၊ စပယ်ယာကလည်း ကြိုက်တဲ့နေရာ တိုင်နိုင်တယ်ဆိုပြီး စိန်တွေဘာတွေ ခေါ်တဲ့ထိတောင် ဖြစ်ကုန်ကြပါတယ်။ (နောက်ပိုင်း တကယ်တိုင်ဖြစ် မတိုင်ဖြစ်ဆိုတာတော့ သိချင်သား…)

ဘတ်စ်ကားစီးတဲ့သူဆိုတာ ကားသမားတွေရဲ့ မျက်နှာရိပ်မျက်ကဲလည်းသိရတယ်၊ ကြီးမားတဲ့သတိလည်း ရှိရတယ်၊ ငါးဖယ်တိုးလည်း တိုးတတ်ရတယ်၊ ငါးခူတိုး တိုးလာတာတွေကိုလည်း ခံနိုင်ရည်ရှိရတယ်၊ ဂိတ်စ ဂိတ်ဆုံးလည်း မတ်တတ်ရပ်နိုင်ရတယ်၊ အတက်အဆင်းတွေမှာလည်း သွက်သွက်လက်လက် ဖြစ်နေရမယ်၊ အမိန့်လည်း နာခံတတ်ရမယ်၊ မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်လေ့ရှိတဲ့ ကားရှိရာကိုလည်း အပြေးအလွှားသွားနိုင်ရမယ်၊ ခြေနင်းခုံမှာလည်း တွဲလောင်းစီးရဲရမယ်၊ အထှာတွေအားလုံးကိုလည်း သဘောပေါက်ထားရမယ်။ ဒါမှ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြီး လိုရာခရီးကိုရောက်မှာ။ (အဋ္ဌာရသကတော့ ၁၈ မျိုးတောင်မကဘူး)

အဲသလိုမျိုးတွေ အော်ရင်း ဟစ်ရင်း၊ ငိုးမလေးတွေ ဒေါင်းစားလေးတွေ ဆဲရင်း၊ ရန်တွေဖြစ်ရင်း၊ ပိုက်ဆံဘယ်လောက်ရကြောင်း သီတင်းပို့ရင်း၊ ကွမ်းတံတွေး ဗျစ်ကနဲ ထွေးရင်း၊ ရေသောက်ရင်း၊ ရောင်းရင်း ၀ယ်ရင်း၊ ငါဖယ်တိုး ငါးခူးတိုး တိုးရင်း၊ ငါးသလောက်ပြုံး ဗိုလ်အောင်ဒင် အပြုံးတွေ ပြုံးရင်း၊ ဖုံးပေါင်းစုံက အသံတွေမြည်ရင်း၊ လှည်းတန်းမှာ သုံးခါလောက် မီးပွိုင့်မိရင်း၊ အနံ့ပေါင်းစုံရှုရင်း ရှိုက်ရင်း၊ မူးရင်းမောရင်း၊ ပွစိ..ပွစိ ဗျစ်တောက်..ဗျစ်တောက်လုပ်ရင်း၊ မေတ္တာပို့အမျှဝေရင်း၊ တရေးတမောအိပ်ရင်း၊ ပေတစ်ရာ လမ်းမကြီးကလည်း သူ့ပေါ်ကို ဒေါင်ကနဲမြည်အောင် ပစ်ချလိုက်တဲ့ အချိုရေဗူးခွံတို့၊ အန်ဖတ်ထုတ်၊ အမှိုက်ပေါင်းစုံတို့ကို ကျေကျေနပ်နပ်ကြီး လက္ခံရင်းနဲ့ပဲ လိုရာခရီးကို သွားလိုက် ပြန်လိုက် လုပ်နေ ကြရတာဟာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ နေထိုင်ကြတဲ့ အခြေခံလူတန်းစား ဒရိုင်ဘာ စပယ်ယာ ခရီးသွား ပြည်သူတွေရဲ့ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ မဟာဒုက္ခသုက္ခတွေပဲ ဖြစ်ပါတယ်။

ဘ၀သံသရာ ဘတ်စ်ကားကြီးကတော့ နောက်နေ့တွေ နောက်နေ့တွေမှာလည်း ယနေ့လိုမျိုး ဟန်ချက်ညီညီနဲ့ ဆက်လက် မောင်းနှင်ရင်း တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ ခရီးဆက်နေရဦးမယ်ဆိုတာ မုချဧကန် မလွဲအမှန်ပင် ဖြစ်ပါတော့ တယ်။

ဗေဒါရီ