နီဇူလိုင် - "မျက်နှာညှိုးနေတဲ့အဖိုး"


နီဇူလိုင် - "မျက်နှာညှိုးနေတဲ့အဖိုး"
(မိုးမခ) မတ် ၂၄၊ ၂၀၁၆

မျက်နှာညှိုးနေတဲ့ အဖိုးကမေးတယ်
ငြိမ်းချမ်းရေးချိုးဖြူလေး ကူပြီလားမြေး..။
ငြိမ်းချမ်းရေးသံလွင်ခက်ကလေး လန်းပြီလားမြေး..။
ငြိမ်းချမ်းရေးတေးသံတွေ ညံစီပြီလားမြေး .. တဲ့။

 မြေးက..ဟိုဘက်သည်ဘက် ခေါင်းကလေးအသာငဲ့ကြည့်ရင်း..
ကူလိုက်သမှ.. ဘယ်လိုသာမှန်းတောင် မသိဘူး အဖိုးရယ်..။
လန်းလိုက်သမှ..ဘယ်လို ငွါးငွါးစွင့်နေမှန်းတောင် မသိဘူး အဖိုးရယ်..။
ညံလိုက်သမှ….ဘယ်လိုကြားရမှန်းတောင် မသိဘူး အဖိုးရယ်.. လို့
စစ်ဘေးရှောင် ဒုက္ခသည်တဲကလေးထဲကနေ
ကျည်သံ.. ဗုံးသံတွေကြားကနေ..
တိုးတိုးလေးဖြေတယ် ..။
အဖိုးကလည်း မျက်နှာညှိုးလို့..။
မြေးကလည်း လေသံတိုးလို့..။