မောင်ရဲနွေ (ပုလိပ်) - ဒီ ရထား ထွက်တော့မယ်

 
မောင်ရဲနွေ (ပုလိပ်) - ဒီ ရထား ထွက်တော့မယ်
(မိုးမခ) မတ် ၂၊ ၂၀၁၆

ဘူတာကနေ
တစ်စီးတည်း ကျန်တဲ့ရထားပေါ်
အမီ တက်ခဲ့ကြတယ်
အယုတ်
အလတ်
လူတန်းစားရွေး...။

ထွက်တော့မယ်
ဒီ"ရထား.. .။

ဒီရထားဟာ
အထူးရထားထက် ထူးတဲ့ အထူးရထားတစ်စီးပါ
ရိုးရိုးတန်း မရှိဘူး
အထက်တန်းတွဲချည့်ပဲ
နောက်တစ်စီး မရှိဘူး
ထွက်တော့မယ်
ဒီ"ရထား.. .။

ဒီဘူတာကနေ
ခရီးဆက်မယ့် ဘူတာဟာ
တံတားတွေကို ဖြတ်ရမယ်
မြက်ခင်းစိမ်းတွေ ဖြတ်ရမယ်
လယ်ယာတွေကို ဖြတ်ရမယ်
တောတောင်တွေကို ဖြတ်ရမယ်
ကြမ်းတမ်းမယ်
ခက်ခဲမယ်
ခရီးဝေးမယ်
လွန်းထိုးချင် လွန်းထိုးရမယ်
ဒါပေမယ့်
ဒီ"ဘူတာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မယ်...။

ဒီရထားပေါ် တက်ပြီဆိုတာနဲ့
စည်းကမ်း ရှိရမယ်
နည်းလမ်း ရှိရမယ်
ကိုယ့်တာဝန်ကို ယူရမယ်
စက်ခေါင်းမောင်းရှိပေမယ့်
လိုက်ပါသူတွေဟာ စက်ခေါင်းမောင်းပဲ
လိုက်ပါသူတွေဟာ လက်မှတ်စစ်ပဲ
လိုက်ပါသူတွေဟာ တွဲစောင့်/တွဲထိန်းပဲ
လိုက်ပါသူတွေဟာ အလံကိုင်/ဂတ်ဗိုလ်ပဲ
ကိုယ့်ဘူတာ ကိုယ်တိုင် အလံချိုးပြီး
ကိုယ့်ဘူတာဆီ ဆိုက်ရောက်ရမယ်...။

ခိုလို့ မရဘူး
ငိုလို့ မရဘူး
ကပ်လို့ မရဘူး
ညပ်လို့ မရဘူး
ထိုင်ခုံမဲ့ မပါဘူး
မှောင်ခို မရှိရဘူး
ကြားခုံ မပါဘူး
တွဲဆိုင်းတွေ အများကြီး ချိတ်တွဲထားတယ်
ကိုယ့်ထိုင်ခုံ ကိုယ်ထိုင်
ခိုင်ခိုင်မတ်မတ်...။

တန်းတူတဲ့ အခွင့်အရေး
ညီမျှတဲ့ အခွင့်အရေး
ကိုယ်တိုင်ရေးရမယ်. ...။

ခရီးဆုံးဘူတာ
ချောမွေ့ကာ
အောင်မြင်စွာ ဆိုက်ရောက်ဖို့
တစ်ယောက်မှ အများ အားတွေ လိုတယ်

လိုက်ခဲ့
ထွက်တော့မယ် ဒီ"ရထား
အားတွေ လိုတယ်...။

ဒီ"ရထားနဲ့
ခရီး ထွက်ခွာကြမယ်လေ
ရှေ့မှာ
ရှေ့ဘူတာမှာ
အနာဂတ်မှာ
စိမ်းလန်းတဲ့  ခရီး
ငြိမ်းချမ်းတဲ့  ခရီး
မြင်နေရပြီ....။            ။

မောင်ရဲနွေ (ပလိပ်)
၁.၃.၁၆